ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနား တက်ခွင့်မရ
2024.07.18

စစ်တပ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီး အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၁၉ ရက် ဒီကနေ့ ကျရောက်တဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကိုလည်း တက်ရောက်ဂါရ၀ပြုခွင့်မရခဲ့ပါဘူး။
အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အာဇာနည်နေ့အခမ်းအနား တက်ခွင့်မပြုတာ လေးနှစ်တိတိရှိပါပြီ။
ဒီနှစ် အာဇာနည်နေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း၏သား ဦးအောင်ဆန်းဦး တက်ရောက်ခဲ့ပါတယ်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် နေအိမ်အကျယ်ချုပ်ကျနေစဉ်ကာလတွေတုန်းက ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနားတွေကို လူကိုယ်တိုင် တက်ခွင့်ရခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်မှာတော့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဘယ်ရောက်နေသလဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိရဘဲ သတင်းအစအနလည်း ပျောက်ဆုံးနေပါတယ်။
ရန်ကုန်မြို့ အာဇာနည် ဗိမာန်မှာ ကျင်းပခဲ့တဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကိုတော့ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ စစ်ကောင်စီအဖွဲ့ဝင်တချို့ တက်ရောက်လာပါတယ်။
ဗိုလ်ချုပ်ကြီး မောင်မောင်အေးဟာ စစ်ကောင်စီရဲ့ အမြင့်ဆုံးသော ကိုယ်စားပြုပုဂ္ဂိုလ်အဖြစ် အာဇာနည်နေ့ အခမ်းအနား တက်ရောက်တာလည်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ ၇၆ နှစ်မြောက် ကျင်းပခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားမှာတော့ စစ်ကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး (ယခု ကာကွယ်ရေးဝန်ကြီး) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဦးဆောင်တက်ရောက်ခဲ့ပါတယ်။