အာဇာနည်နေ့ အခမ်းအနား လူထုလှုပ်ရှားမှုတွေနဲ့ ကျင်းပ

RFA Burmese
2024.07.19
အာဇာနည်နေ့ အခမ်းအနား လူထုလှုပ်ရှားမှုတွေနဲ့ ကျင်းပ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က အာဇာနည်နေ့ လှုပ်ရှားမှုများကို တွေ့ရစဉ်။
ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီ ဓာတ်ပုံ

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရတဲ့ (၇၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စစ်ကောင်စီတပ် ဦးဆောင်ပြီး ဇူလိုင်လ ၁၉ ရက် ဒီနေ့မနက်ပိုင်း ရန်ကုန်မြို့က၊ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့ပါတယ်။

ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ တက်ရောက်ခဲ့သလို ဗိုလ်ချုပ်အောင်ဆန်းရဲ့သား ဦးအောင်ဆန်းဦးနဲ့ အာဇာနည်ကိုးဦးရဲ့ မိသားစုဝင်အချို့လည်း တက်ရောက်ခဲ့ပါတယ်။

“လုံခြုံရေးကတော့ မန္တလေးမှာလည်း အဲလိုပဲ အိမ်စီးကားတွေနဲ့ပဲ စစ်ကား၊ ရဲကားတွေနဲ့ လုံးဝမပတ်ဘူး"

ဒါ့အပြင် နိုင်ငံရေးပါတီတချို့၊ သံရုံးနဲ့ NGO အဖွဲ့စည်းတချို့လည်း တက်ရောက်ဂါဝရပြုတာ တွေ့ရပါတယ်။

အာဇာနည် ကိုးဦးထဲမှာ ပါဝင်သူ သခင်မြရဲ့သား ဦးရဲမြင့်အောင်က အာဇာနည်နေ့ကို အမြဲသတိရနေစေချင်တယ်လို့ RFA ကို ပြောပါတယ်။

"မြန်မာပြည်ရှိနေသရွှေ့ အာဇာနည်နေ့ဆိုတာ ရှိနေမှာပဲ။ အာဇာနည်နေ့ကို မမေ့လျော့ဖို့ပဲ အရေးကြီးတာပဲ။ အာဇာနည်နေ့ရောက်ရင် ကျဆုံးတဲ့အချိန်မှာ ဥဩဆွဲပေးမယ်။ ဒီနှစ်ကို သတိတရ ဖြစ်စေချင်တာပေါ့။ ပြည်သူလူထုတွေအားလုံးရော နောက်မျိုးဆက်သစ်တွေလည်း သိစေချင်တာပေါ့"

အကြောင်းအမျိုးမျိုးကြောင့် အာဇာနည်မိသားစုဝင်တွေ အရင်လို လူစုံစုံလင်လင်နဲ့ ဂါရဝပြုခွင့်မရတဲ့အပေါ်လည်း စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

ဒီနေ့နေ့လယ်ပိုင်းမှာလည်း တက္ကသိုလ်ရိပ်သာလမ်းမပေါ်က အင်ယားကန်ဖျားကျောင်းတိုက်မှာ ကျဆုံးသွားတဲ့ သခင်မြနဲ့ အာဇာနည် ကိုးဦးအတွက် ရည်းစူးပြီး နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တယ်လို့ ဦးမြင့်အောင်က ပြောပါတယ်။

ဗဟန်းမြို့နယ်၊ ဗညားဒလလမ်းမပေါ်မှာရှိတဲ့ အစ္စလာမ်သုသာန်မှာလည်း အာဇာနည်ခေါင်းဆောင်တွေဖြစ်တဲ့ ဦးရာဇတ်နဲ့ ရဲဘော် ကိုထွေး အုတ်ဂူကို မိသားစုဝင်တွေနဲ့ ပြည်သူတွေ လာရောက်ဂါရဝပြုကြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ ဆောင်ရွက်နေကြတဲ့အပေါ် ဗိုလ်ချုပ်အောင်ဆန်းသာရှိရင် ဂုဏ်ယူရလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကကျင်းပတဲ့ အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုပွဲမှာ ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ အခု မြန်မာ့လွတ်လပ်ရေးအတွက် သူတို့ရဲ့ဘ၀ကို ပေးဆပ်ခဲ့ကြသူတွေကို ဂုဏ်ပြုဖို့ အတူတကွ ရောက်ရှိနေချိန်မှာပဲ ကျွန်တော်တို့ မြန်မာနိုင်ငံကိုယ်တိုင်က တကယ့်ကို ရုန်းကန်နေရပါတယ်။ စစ်တပ်အစ ပျိုးလိုက်တဲ့ ပြင်းထန်းတဲ့ ပြည်တွင်းစစ်နဲ့ လူသားချင်းစာနာထောက်ထားမှု ဘေးဒုက္ခတွေက ကမ္ဘာတစ်ဝှမ်းမှာ အဆိုးဝါးဆုံးဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိဖို့အတွက် အားလုံးက ပူးပေါင်းဆောင်ရွက်နေကြတာကို ကျွန်တော်ရဲ့အဘိုးသာ မျက်မြင်တွေ့ရှိရင် ဂုဏ်ယူနေမယ်ဆိုတာ ကျွန်တော် သိပါတယ်”

တစ်ဖက်မှာလည်း ဒီမိုကရေစီအင်အားစုတွေက ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ကချင်နဲ့ စစ်ကိုင်း အပါအဝင် နိုင်ငံတစ်ဝန်းမှာ အာဇာနည်နေ့ အထိမ်းအမှတ် ဆန့်ကျင်ဆန္ဒပြမှုနဲ့ လူထုလှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။

ဒီနေ့မနက်ပိုင်းမှာပဲ "ဦးအောင်ဆန်းရေ အာဏာရှင်ကြောင့် လူထုမျက်ရည်ကျနေပြီ" စာသားကို ရန်ကုန်မြို့မှာ ချိတ်ဆွဲနိုင်ခဲ့တယ်လို့ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းတာဝန်ခံ အိုမီက RFA ကို ပြောပါတယ်။

“ဒီမနက် ငါးနာရီလောက်ကတည်းက ကင်းတွေပတ်နေတဲ့ကြားကနေ ကျွန်တော်တို့ အခက်ခဲတွေကို ကျော်ဖြတ်ပြီးတော့ စာတန်းချိတ်ဆွဲတဲ့ဟာမျိုး ပြုလုပ်ခဲ့တာဖြစ်တယ်။ ဦးအောင်ဆန်းရေ အာဏာရှင် တစ်စုကြောင့် လူထုမျက်ရည်ကျနေရပြီ စာသားကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်အာဏာရှင်တစ်စုကြောင့် ပြည်သူလူထုက အခက်ခဲအကျပ်အတည်းမျိုးစုံ ကြုံတွေ့ခံစားနေရပြီးတော့ လူထုရဲ့မျက်ရည် နေ့စဉ်နဲ့အမျှ ကျနေရတယ်ဆိုတဲ့ဟာမျိုးကို ပုံဖော်ပြီးတော့ ကျွန်တော်တို့က အာဇာနည်နေ့မှာ ဒီလှုပ်ရှားမှုကို ပုံဖော်ဖြစ်ခဲ့တာပါ”

အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲတွေ၊ ဆန္ဒပြပွဲနဲ့ အလေးပြု အခမ်းအနားတွေကိုလည်း သပိတ်အင်အားစုတွေက ပုံစံမျိုးစုံနဲ့ လှုပ်ရှားခဲ့ကြတယ်လို့ ဆိုပါတယ်။

မန္တလေးမှာတော့ စစ်ကောင်စီဘက်က လုံခြုံရေးအထပ်ထပ်ချထားပြီး အရပ်ဝတ်တွေနဲ့ ကင်းလှည့်နေတယ်လို့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“လုံခြုံရေးကတော့ မန္တလေးမှာလည်း အဲလိုပဲ အိမ်စီးကားတွေနဲ့ပဲ စစ်ကား၊ ရဲကားတွေနဲ့ လုံးဝမပတ်ဘူး။ တချို့ဆို အရပ်ဝတ်တွေနဲ့ ယူနီဖောင်းတောင် ဝတ်မထားဘူး။ ကင်းပတ်သလိုပေါ့ အစ်ကို တွေ့ရတာက အဲလို တွေ့ရတယ်”

စစ်ကောင်စီက ပုံစံမျိုးနဲ့ စောင့်ကြည့်နေတာကြောင့် အာဇာနည် ကိုးဦး ကျဆုံးချိန်မှာ အရင်နှစ်တွေကလို ဥဩဆွဲသံ မကြားရဘူးလို့ ဆိုပါတယ်။

ဦးရာဇတ်နှင့် ရဲဘော် ကိုထွေး အုတ်ဂူအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ ၇၇ နှစ်မြောက် အာဇာနည်နေ့က လာရောက်ဂါရဝပြုကြသူများအား တွေ့ရစဉ်။ (RFA Photo)
ဦးရာဇတ်နှင့် ရဲဘော် ကိုထွေး အုတ်ဂူအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ ၇၇ နှစ်မြောက် အာဇာနည်နေ့က လာရောက်ဂါရဝပြုကြသူများအား တွေ့ရစဉ်။ (RFA Photo)

တကသ ကျောင်းသားဟောင်းများ အင်အားစုကအဖွဲ့ဝင် ကိုနန်းလင်းကတော့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြားကပဲ ဒီမိုကရေစီရဖို့ အာဇာနည်စိတ်ဓာတ်နဲ့ ဆင်နွှဲနေကြတာလို့ RFA ကို ပြောပါတယ်။

“ခေတ်အဆက်ဆက်က အာဇာနည်တွေ အသက်တွေဘဝတွေနဲ့ ရင်းပြီးတော့မှ တည်ဆောက်ချင်ခဲ့တဲ့ တိုင်းပြည်ရဲ့ ဖက်ဒရယ်အိပ်မက်နဲ့ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီ အိပ်မက်တွေဟာ ဒီကနေ့အထိ မပြည့်ဝသေးဘူးလို့ ပြောရမှာပါ။ မျိုးဆက်အဆက်ဆက်ဟာလည်းပဲ အာဇာနည်စိတ်ဓာတ် အာဇာနည်သွေးတွေအပြည့်နဲ့ အိပ်မက်တွေ ပြည့်မြောက်ဖို့အတွက်။ အခက်ခဲတွေ ဖိနှိပ်မှုတွေကြားထဲကပဲ လမ်းမတွေအပေါ်မှာရော၊ ဗုံးတွေ၊ ကျည်ဆံတွေကြားထဲက တိုက်ပွဲတွေကြားထဲမှာရော၊ ထောင်တွေထဲမှာရော ပုံစံပေါင်းစုံနဲ့ ဆက်ပြီးတိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်”

အာဇာနည်နေ့တိုင်း အာဇာနည်ဗိမာန်၊ ဝန်းကြီးများရုံး၊ ရန်ကုန်နဲ့ နတ်မောက်မြို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် စတာတွေကို ပြည်သူတွေ ဝင်ရောက်လည်ပတ်ခွင့် လွတ်လွတ်လပ်လပ်ရခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်က တင်းကျပ်ခဲ့ပါတယ်။

အာဇာနည်ကိုးဦးရဲ့ မိသားစုဝင်တွေဟာ အရင်က အာဇာနည်နေ့တိုင်း နှစ်စဉ် လွမ်းသူ့ပန်းခွေချ ဂါဝရပြုခဲ့ကြပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဖမ်းဆီးခံထားရတာကြောင့် ဒီနေ့မှာ တက်ခွင့်မရတာ လေးနှစ်ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။