စစ်ခေါင်းဆောင်ကို အရေးယူဖို့ အာဆီယံကြိုးစားသင့်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.03.28

စစ်ကောင်စီက ကန့်ကွက်နေတဲ့ကြားက ထိုင်းလွှတ်တော်ကနေ မြန်မာ့အရေး ဆွေးနွေးပွဲ လက်ခံကျင်းပခဲ့တာ အရေးကြီးတဲ့ တိုးတက်မှု ဖြစ်တယ်လို့ ဒီဆွေးနွေးပွဲကို လူကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ပြောပါတယ်။ အာဆီယံနဲ့ ရထားတဲ့ ဘုံသဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တဲ့အတွက်လည်း မြန်မာစစ်ခေါင်းဆောင်ကို တာဝန်ယူခိုင်းဖို့ လိုတယ်လို့ သူက RFA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။ ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။
------------
RFA : မစ္စတာ တွမ်အင်ဒရူး မကြာခင်က ထိုင်းလွှတ်တော်ကနေ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ဒီ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဘာများ ပြောပြနိုင်တာ ရှိပါသလဲ။

■ ကျွန်တော် တကယ်ပဲ အားရမိပါတယ်။ ကျွန်တော်ကိုယ်တိုင် အမေရိကန်နိုင်ငံရဲ့ လွှတ်တော်အမတ်တစ်ဦးအနေနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပါတယ်။ အခုလို ထိုင်းလွှတ်တော်ကနေလုပ်တဲ့ ဆွေးနွေးပွဲမှာ တက်ရောက်စကားပြောပေးဖို့ ဖိတ်ကြားခံရတဲ့အတွက် တကယ်ပဲ အားရမိပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်း မြန်မာနိုင်ငံမှာ ဆက်ဖြစ်နေတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အမြင်သဘောထား မတူတဲ့ ကျွမ်းကျင်သူတွေကို ဖိတ်ကြားပြီး၊ ဆွေးနွေး အမြင်ချင်း ဖလှယ်ကြဖို့ ထိုင်းလွှတ်တော်က လက်ခံကျင်းပခဲ့တာ အရေးကြီးတဲ့ တိုးတက်မှု တစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ ဒီဆွေးနွေးပွဲကို ကန့်ကွက်ကြောင်း ထိုင်းအစိုးရကို ‘လျှို့ဝှက်’ လို့ သတ်မှတ်ထားတဲ့ ကြေညာချက်တစ်စောင် ပေးပို့ခဲ့တာကတော့ တကယ်ပဲ ကမောက်ကမ နိုင်ပါတယ်။ နောင်အနာဂတ်မှာ ဒီလို ဆွေးနွေးပွဲမျိုး လုံးဝ ခွင့်မပြုဖို့လဲ တောင်းဆိုထားပါတယ်။
အမှန်က ထိုင်းလွှတ်တော်ကို ဘာမလုပ်ပါနဲ့လို့ ဘယ်သူမှ ပြောခွင့်မရှိပါဘူး။ ထိုင်းလွှတ်တော်ဥက္ကဋ္ဌက မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံကြားမှာ ပိုကောင်းတဲ့ ဆက်ဆံရေးနဲ့ ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို အတူတည်ဆောက်နိုင်ဖို့ ဒီဆွေးနွေးပွဲကို လက်ခံကျင်းပခဲ့တာလို့ ပြောပါတယ်။ ထိုင်းလွှတ်တော် ဥက္ကဋ္ဌနဲ့ ထိုင်းပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကော်မတီကို ဘာမလုပ်ပါနဲ့လို့ ပြောခွင့်မရှိပါဘူး။

RFA : ထိုင်းနိုင်ငံဟာ အမြဲလိုလိုပဲ မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းဖို့ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ အခု တက်လာတဲ့ ထိုင်းအစိုးရသစ် လက်ထက်မှာ မြန်မာစစ်တပ်က ကန့်ကွက်နေတဲ့ကြားက အခုလို ဆွေးနွေးပွဲကျင်းပခဲ့တာလည်း တွေ့ရတော့၊ ဒါက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံရဲ့ရပ်တည်ချက်က ကြီးကြီးမားမား အပြောင်းအလဲတွေ ဖြစ်လာတော့မယ့် လက္ခဏာလို့ ထင်ပါသလား။

■ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံက ယူထားရတဲ့ တာဝန်တွေက အခြားဘယ်နိုင်ငံထက်မဆို ပိုကြီးမားပါတယ်။ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ ရှည်လျှားတဲ့ နယ်စပ်တစ်လျောက်မှာ စစ်ရေးပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံအပေါ်မှာ ကြီးမားတဲ့ ဖိအားတွေ ကျနေပါတယ်။ ဒီ နယ်စပ်ဒေသတစ်လျှောက်က ပြည်သူတွေဒုက္ခရောက်တိုင်း ထိုင်းနိုင်ငံအတွက် နစ်နာဆုံးရှုံးမှုတွေ ဖြစ်လာပါတယ်။ အခုတော့ ထိုင်းအစိုးရဟာ ဒီအခြေအနေကို ပြောင်းလဲနိုင်ဖို့ သေသေချာချာ ပြန်သုံးသပ်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ အခုလို ထိုင်းလွှတ်တော်ကနေ အကြံဉာဏ်သစ်တွေ၊ မတူကွဲပြားတဲ့ အမြင်တွေကို လက်ခံဆွေးနွေးလာတာကိုက အပြုသဘောဆောင်တဲ့ တိုးတက်မှုဖြစ်တယ်လို့ ထင်ပါတယ်။ ဒီကနေ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိတဲ့ အနာဂတ်တစ်ခု ဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။

RFA : နောက်ပြီး အာဆီယံရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့မေးချင်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ရင် အမေရိကန်အပါအဝင် နိုင်ငံတကာက အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်အတိုင်း ဖြေရှင်းဖို့ သဘောထား ထုတ်ပြန်ထားတာရှိပါတယ်။ ဒါပေမဲ့ ဒီဘုံသဘောတူညီချက်တွေက အလုပ်မဖြစ်တဲ့အကြောင်း ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံက အပြောင်းအလဲ ဖြစ်လာအောင် လုပ်နိုင်ပေးဖို့ ဖြစ်နိုင်ဦးမလား။

■ ကျွန်တော် ပထမဆုံး ပြောချင်တာက၊ ဒီဘုံသဘောတူညီချက်တွေကို ၂၀၂၁ ခုနှစ် ဧပြီလ စစ်တပ်က အာဏာသိမ်းပြီး လပိုင်းအတွင်းမှာ ဖန်တီးခဲ့တာပါ။ မြန်မာနိုင်ငံအကျပ်အတည်းအတွက် အားလုံးက လက်ခံနိုင်မဲ့ ဖြေရှင်းနည်းကို ရှာဖွေဖို့ အာဆီယံအဖွဲ့ဝင်တွေ အားလုံးသဘောတူညီမှုနဲ့ ဒီဘုံသဘောတူညီချက်တွေကို ဖန်တီးခဲ့တာပါ။ ဒီ သဘောတူညီချက်တွေ ရခဲ့တဲ့ ညီလာခံမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်လဲ တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီညီလာခံပြီးလို့ သဘောတူညီချက်တွေမှာ ရေးထားတဲ့ မှင်တောင် မခြောက်သေးခင်မှာပဲ အကြမ်းဖက်တိုက်ခိုက်တာတွေ မလုပ်ဘဲ ပြဿနာ ဖြေရှင်းဖို့ဆိုတဲ့ ဘုံသဘောတူညီချက်တွေထဲက ပထမဆုံးအချက်ကို စပြီး ချိုးဖောက်ခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံကို ပြန်ရောက်တာနဲ့ အပြစ်မရှိတဲ့ ဆန္ဒပြပြည်သူတွေကို ပစ်ခတ်နှိမ်နှင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကိုလဲ အကြံပြုချက် အဆင့်ပဲ ဖြစ်တယ်လို့ လိုရာဆွဲပြီး ပြောဆိုခဲ့ပါတယ်။ ဒီလို မထေမဲ့မြင် လုပ်ရပ်မျိုး ကိုယ်တိုင် သဘောတူထားတဲ့ ကတိကဝတ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုမျိုးကို ဘယ်လိုမှ သည်းမခံသင့်ပါဘူး။ ကျွန်တော့်အနေနဲ့ အာဆီယံကို အကြံပြုချင်တာကတော့ မြန်မာစစ်တပ်ကနေ ဒီ ဘုံသဘောတူညီချက်တွေကို လေးစားလိုက်နာလာအောင် လုပ်ရပါမယ်။ ဒီ ဘုံသဘောတူညီချက်တွေရဲ့ ပထမဆုံး အချက်ကို ချိုးဖောက်တဲ့အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တာဝန်ယူခိုင်းရပါတယ်။ အာဏာသိမ်းထားတဲ့ စစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်နေတာ ရပ်တန့်မှ ထိတွေ့ဆက်ဆံမှု၊ ပြောဆိုဆွေးနွေးမှု အားလုံးကို စလုပ်လို့ ရမယ်ဆိုတဲ့ အချက်ကို အခြေခံမူအဖြစ် ကျင့်သုံးဖို့ လိုတယ်လို့ အကြံပြုချင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။