စစ်ကောင်စီကိုဖယ်ရှားပြီး နိုင်ငံတော်သစ်တည်ဆောက်မယ်လို့ NUG သမ္မတဒူဝါလရှီးလပြော

ခင်မောင်စိုး
2022.11.28
စစ်ကောင်စီကိုဖယ်ရှားပြီး နိုင်ငံတော်သစ်တည်ဆောက်မယ်လို့ NUG သမ္မတဒူဝါလရှီးလပြော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ။
Acting President Duwa Lashi La

ပြည်သူလူထုရဲ့ အာဏာရှင်စနစ်တွန်းလှန်လိုစိတ်ပြင်းပြမှုကြောင့် အခုဆိုရင် မြန်မာနိုင်ငံရဲ့နယ်မြေဒေသ ၆ဝ%ကို ပြည်သူ့ကာကွယ်ရေးအင်အားစုတွေက ထိန်းသိမ်းထားနိုင်ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က RFA ကို ပြောကြားလိုက်ပါတယ်။ စစ်ကောင်စီကို ဖယ်ရှားပြီးနောက်မှာ အသွင်ကူးပြောင်းရေးအစိုးရကိုဖွဲ့စည်းမှာဖြစ်ကြောင်း၊ အဲဒီနောက် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရမှာဖြစ်ကြောင်း သူက ပြောခဲ့ပါတယ်။ ဒ့ါအပြင် များပြားလှတဲ့ တော်လှန်ရေးတပ်သားတွေကို လက်နက်တပ်ဆင်ပေးဖို့နဲ့ သူတို့ရဲ့စားဝတ်နေရေးအတွက် ဆက်လက်ပြီး ဝိုင်းဝန်းကူညီပေးကြဖို့လည်း သူက မေတ္တာရပ်ခံပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတ ဒူဝါလရှီးလကို ထိုင်းနိုင်ငံရောက်နေတဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ သမ္မတကြီးခင်ဗျာ NUG က ခုခံတော်လှန်စစ်စတင်တာ တစ်နှစ်ရှိခဲ့ပါပြီ။ လက်ရှိတော်လှန်ရေး အခြေအနေကို သမ္မတကြီး ဘယ်လိုသုံးသပ်ပါသလဲ ခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တို့တော်လှန်ရေးဟာ တစ်နှစ်ကျော်ကျော်လေးပဲရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ဆောင်နိုင်တာ အများကြီးပဲရှိတယ်။ ဒါတွေကဘာလဲဆိုတော့ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု သူတို့ရဲ့စိတ်ဓာတ် သူတို့ရဲ့ဒီအာဏာရှင်ကို တွန်းလှန်တဲ့စိတ်တွေကြောင့် တော်တော်များများ ကျွန်တော်တို့ အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။ ဥပမာဆိုပါတော့ ကျွန်တော်တို့ နယ်မြေတွေထိန်းသိမ်းတဲ့နေရာမှာ ၆ဝ% နှုန်းလောက်ဆိုပါတော့ ပြည်သူ့ကာကွယ်ရေးဘက်ကနေ ထိန်းသိမ်းထားနိုင်ပြီဖြစ်ပါတယ်။ အဲ့ဒါတွေကအောင်မြင်မှု ဖြစ်ပါတယ်။

နောက်တစ်ချက်က မဟာမိတ်တွေနဲ့ ပူးပေါင်းဆက်ဆံတဲ့အခါမှာ တော်တော်များများ အောင်မြင်မှုရခဲ့ပါတယ်။ ကျွန်တော်တို့ တွန်းလှန်စစ်မှာ တပ်တွေဖွဲ့စည်းတာ လေ့ကျင့်ပေးတာ အကုန်လုံး ERO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကူညီတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အင်မတန်မှကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လုပ်ဆောင်ချက်တွေက ဒါတွေကတော်တော်များများ အားရစရာ ကောင်းပါတယ်။ ပြည်သူလူထုဘက်ကလည်း ကျွန်တော်တို့ လိုအပ်တဲ့ ဘဏ္ဍာရေးလိုအပ်ချက်များကို ထည့်ဝင်ပါတယ်။ ကူညီပါတယ်။ ပြည်တွင်းကရော နိုင်ငံတကာရောက်နေတဲ့မြန်မာနိုင်ငံသားများရဲ့စေတနာနဲ့ သူတို့ရဲ့ ပါဝင်မှုကြောင့်ပဲ ဒီလိုအောင်မြင်နေတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုအောင်မြင်ရခဲ့သလိုပဲ စိန်ခေါ်မှု တွေလည်းအများကြီး ရှိပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့တပ်တွေတည်ဆောက်တဲ့အခါမှာ တစ်သွေးတစ်သံတစ်မိန့်ဖြစ်အောင် အမိန့်ပေးစီးဆင်းမှုကို ကျွန်တော်တို့ သေချာမလုပ်နိုင်သေးဘူးလို့ခံစား ရပါတယ်။ အဲ့ဒါတွေကိုလည်း ကျွန်တော်တို့ ဆက်လက်ပြီးလေ့ကျင့်တည်ဆောက်နေရမှာဖြစ်ပါတယ်။

နောက်တစ်ပိုင်းကတော့ စစ်သားတွေရဲ့ ရဲဘော်တွေရဲ့ ကျင့်ဝတ်တွေကို သေသေချာချာစစ်စည်းကမ်းတွေ မြင့်မားအောင် ဆက်ပြီးတော့ လေ့ကျင့်ပေးဖို့ သင်ကြားပေးဖို့ လုပ်ဆောင်ရမယ့် အပိုင်းတွေ ရှိပါတယ်။ ဒါမှ အကုန်လုံးပြည့်စုံမှသာလျှင် ပြည်သူလူထုကို တကယ်ကာကွယ်တဲ့တပ်မတော်ဖြစ်လာဖို့ မျှော်မှန်းပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ တစ်ရှိန်ထိုးတက်လာတဲ့အင်အားများတဲ့ ပြည်သူ့ကာကွယ်ရေးတပ်များကို NUG အစိုးရအနေနဲ့ လုံလောက်တဲ့လက်နက်တွေ အခုအချိန်ထိ မဖြည့်ဆည်းပေးနိုင်ပါဘူး။ သူတို့ရဲ့စားဝတ်နေရေး သူတို့ရဲ့အခြားလိုအပ်ချက် ကျန်းမာရေးအားလုံး ကျွန်တော်တို့ မဖြည့်ဆည်းပေးနိုင်တာ အခက်အခဲရှိတဲ့အတွက်ကြောင့် ပြည်သူလူထုကလည်း ဒီထက်ပိုပြီးထောက်ပံ့ပေးဖို့ နိုင်ငံတကာကလည်း ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေကို ကိုယ်ချင်းစာနာပြီးတော့ တတ်နိုင်သလောက် အမြန်ဆုံးကူညီပေးဖို့ ကျွန်တော့်အနေနဲ့ တင်ပြတောင်းဆိုလိုပါတယ်။

မေး။ ။ ခုခံတွန်းလှန်စစ် အခု ဒုတိယနှစ်မှာ သမ္မတကြီးတို့ အစိုးရအနေနဲ့ ဘာတွေအကောင်အထည် ဖော်ဆောင်ရွက်ဖို့ ရှိပါသလဲခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တို့ ပထမနှစ်ရဲ့ အတွေ့အကြုံပေါ်ကနေပြီးတော့ ပိုမိုကောင်းမွန်တဲ့စီမံချက်တွေ ချမှတ်ထားတာရှိပါတယ်။ အဲ့ဒါကတော့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ပိုမိုမြန်ဆန်လာဖို့ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ ပြည်သူလူထုရဲ့စည်းလုံးညီညွတ်မှု ပိုမိုအားကောင်း လာအောင်လုပ်ဆောင်ဖို့ဆိုတဲ့ အချက်တွေ ရှိပါတယ်။ ဒီအရေးကြီးတဲ့ အချက်တွေအပြင် တခြားဗျုဟာကျကျစဉ်းစားထားတဲ့အချက်တွေရှိပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ NUG ရဲ့ ရှေ့လုပ်ငန်းစဉ်များကို ပြတ်ပြတ်သားသားနားလည်ဖို့ ပြည်သူလူထုရော နိုင်ငံတကာရော ရှင်းလင်းစွာနားလည်အောင်ချပြဖို့ ကျွန်တော်တို့ လုပ်ဆောင်နေတာရှိပါတယ်။ အထူးသဖြင့် TC ခေါ်တဲ့ (Transitional Constitution )ကိုချပြဖို့ တောက်လျှောက်စိုင်းပြင်းနေပါတယ်။ အဲ့ဒါကိုချပြပြီဆိုရင် ကျွန်တော်တို့ ရဲ့လမ်းပြမြေပုံကို ရှင်းရှင်းလင်းလင်း ကမ္ဘာကကော ပြည်သူတွေပါနားလည်ပြီးတော့ ကျွန်တော်တို့ လုပ်ငန်းဟာ ပိုပြီးတော့အရှိန်အဟုန်ရလာနိုင်မှာဖြစ်ပါတယ်။

နောက်တစ်ခါ အရေးကြီးတာကတော့ စစ်ကောင်စီဟာ အခြေနေအရပ်ရပ်မှာ ယိမ်းယိုင်နေပြီဖြစ်ပါတယ်။ ယိမ်းယိုင်နေတော့ သူ့မှာ ရွေးစရာ တစ်ခုပဲကျန်တော့တယ် အဲ့တာကတော့ အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ သူ ကြေညာထားပြီး ဖြစ်ပါတယ်။ ၂၀၂၃ မှာ၊ အဲ့လိုလုပ်လာတဲ့ဟာကို ကမ္ဘာက ဒါကိုလက်မခံဖို့ ယုံပြီးတော့ မလိုက်နာဖို့ ပြည်သူလူထုကလည်း ကောင်းကောင်းသဘောပေါက်ပြီး ဆန့်ကျင်ဖို့ အင်မတန်အရေးကြီးပါတယ်။ အဲဒီကိစ္စကိုလည်း ကျွန်တော်တို့ စီမံချက်ချပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တော်လှန်ရေးအင်အားစုနဲ့ NUG အစိုးရဟာ မဟာဗျုဟာကျကျ ပိုမိုလက်တွဲချိတ်ဆက်ပြီးတော့ လုပ်ဆောင်နိုင်ဖို့ဆိုတဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ အင်အားကောင်းကောင်းနဲ့ ကြိုးစားနေပါတယ်။ ဒါတွေအောင်မြင်သွားလို့ရှိရင် လာမယ့်နှစ်မှာ NUG အစိုးရအနေနဲ့ ဒီတော်လှန်ရေးအတွက် အခြေတစ်ခုကိုရောက်ရှိသွားမယ်လို့ ရည်မှန်းထားတာရှိပါတယ်။

000_9EL2UP.jpg
ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) အဖွဲ့ဝင်များအား ၂ဝ၂၁ ခုနှစ် ဇူလိုင် ၂၁ ရက်နေ့တွင် တွေ့ရစဉ်။ (AFP)

မေး။ ။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG အကြား ပူးပေါင်းမှုတွေက ဘယ်လိုရှိပါသလဲ ခင်ဗျ။

ဖြေ။ ။ ကျွန်တော်တို့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ပူးပေါင်းမှုဟာ အင်မတန် အရေကြီးပါတယ်။ ကျွန်တော်တို့ ချာတာမှာလည်း ဒါတွေ ထည့်ထားပြီးဖြစ်ပါတယ်။ နိုင်ငံရေးပါတီ နောက် CSO-Civil Society Organizations နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဒါ ကျွန်တော်တို့ရဲ့ ကျောရိုးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြေပြစ်အောင်သူတို့ရဲ့ ချိတ်ဆက် လုပ်ဆောင်မှုဟာ တော်လှန်ရေးအောင်မြင်မှုရဲ့အင်အားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ သူတို့နဲ့ အမြဲတမ်း ထိတွေ့ဆက်ဆံပါတယ်။

အခုဆိုရင် ကျွန်တော်တို့မှာ အစကတည်းက တော်တော်အားကောင်းကောင်းနဲ့ ဝင်နေတဲ့လက်နက်ကိုင်အဖွဲ့တွေရှိသလို တချို့ဆိုလည်း အချိန်သိပ်မကြာဘဲနဲ့ တောက်လျောက်ပါဝင်လာတဲ့ အတွက်ကြောင့် အခုအချိန်ထိပြောရမယ်ဆိုရင် ရာခိုင်နှုန်းတော်တော်များများဟာ NUG အစိုးရနဲ့ ချိတ်ဆက်ပြီးလုပ်ဆောင်နေပါတယ် တိုက်ပွဲဝင်နေကြပါတယ်ဆိုတာ အားလုံးကို အသိပေးလိုပါတယ်။ ဒါပေမယ့်နောက်ထပ် ကျွန်တော်တို့နဲ့ချက်ချင်းမလိုက်နိုင်သေးတဲ့ ERO တွေလည်းရှိပါတယ်။ သူတို့နဲ့လည်း ကျွန်တော်တို့က အဆက်မပြတ်ချိတ်ဆက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ခံယူချက်က အားလုံးပါဝင်ရေးမူ ဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင် အားလုံးနဲ့ အမြဲတမ်း ချိတ်ဆက်နေပါတယ်။ ဒီလိုချိတ်ဆက်တဲ့အခါမှာ တချို့ကိုတော့ လူသိရှင်ကြားချိတ်ဆက်သလို တချို့ကျတော့လည်း လူသိရှင်ကြားမဟုတ်ဘဲနဲ့ ချိတ်ဆက်ပြောဆိုဆွေးနွေးနေတာရှိပါတယ်။

အခုလိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကျေးဇူးကြောင့်ပဲ ကျွန်တော်တို့ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းနိုင်ပြီးတော့ စစ်သင်တန်းတွေ၊ ဖွဲ့စည်းပုံတွေ အားလုံးသူတို့ရဲ့သင်တန်းပေးမှုနဲ့ပဲ အခုလိုဖွဲ့စည်းနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို တကယ်ကို ကျေးဇူးတင်ကြောင်း NUG အစိုးရအဖွဲ့ကိုယ်စားပြောလိုပါတယ်။ စိန်ခေါ်မှုအပိုင်းမှာလည်းအများကြီးရှိပါတယ်။ ဆက်လက်တည်ဆောက်ရမယ့် အပိုင်းမှာလည်း သူတို့နဲ့ပိုပြီးထဲထဲဝင်ဝင် မပါဝင်သေးတဲ့ ERO များကို အားလုံးပါဝင်နိုင်အောင် ကျွန်တော်တို့ ထိတွေဆက်ဆံဖို့လိုတယ်ဆိုတာကို ပြောလိုပါတယ်။

မေး။ လက်ရှိမှာ KIA, AA, KNU, KNDF,CNF စတဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG အကြား ပူးပေါင်းမှုတွေကို မြင်ရကြားရပါတယ်။ တခြား “ဝ”တို့ “ကိုးကန့်”တို့ “ရှမ်း”တို့ “မွန်”တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုတော့ မမြင်မသိရပါဘူး။ အဲဒီအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာရှိပါသလား။ ဒါမှမဟုတ် ပူးပေါင်းနိုင်မယ့် အလားအလာ ဘယ်လိုရှိပါသလဲခင်ဗျ။

ဖြေ။ ။ စောစောကပြောခဲ့သလို ကျွန်တော်တို့ရဲ့ ချာတာအရ All-inclusive ဖြစ်တဲ့အတွက်ကြောင့် အားလုံးမကျန်အောင် ချိတ်ဆက်ပြီးပူးပေါင်းဆောင်ရွက်နေတဲ့အခါမှာ တချို့ကိုလူသိရှင်ကြား ထိတွေ့ပြီးဆက်ဆံနေတာရှိသလို တချို့တွေကတော့ လူမသိသူမသိချိတ်ဆက်တယ် ။ တစ်ခုတော့လေးလေးနက်နက်ပြောနိုင်တာက လက်နက်ကိုင်အဖွဲ့အားလုံး နဲ့ NUG အစိုးရဟာ ထိတွေ့ဆက်ဆံပါတယ်ဆိုတာ ပြောချင်ပါတယ်။ အကြိမ်ကြိမ်အခါခါသူတို့လည်း ကျွန်တော်တို့ နဲ့အတူလက်တွဲပြီးတော့ ပြတ်ပြတ်သားသားပူးပေါင်းပါဝင်လာဖို့ကို ကျွန်တော်တို့ အနေနဲ့ ယုံကြည်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ ကျွန်တော်တို့ NUG အနေနဲ့အစကတည်းက ရည်မှန်းထားတာရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့ မိတ်ဆွေမဟာမိတ်များနဲ့ချိတ်ဆက်တဲ့ကော်မတီဖွဲ့စည်းထားပြီးတော့ တောက်လျှောက် သူတို့ချိတ်ဆက်ပြီးတော့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့အခုအချိန် တော်တော်များများ ကျွန်တော်တို့ လုပ်ငန်းတွေမှာ အကောင်အထည်ဖော်နိုင်တဲ့ စစ်တိုင်းတွေကိုလည်း ဖွဲ့စည်းနိုင်ပြီးတော့ စီမံချက်တွေကိုလုပ်ဆောင်နိုင်တဲ့ အနေအထားရှိနေပါပြီလို့ ပြောကြားချင်ပါတယ်။

မေး။ ။ စစ်ကောင်စီက လူထုကို နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက် မီးရှို့ဖျက်ဆီးမှုတွေ လုပ်နေပါတယ်။ ဒီကိစ္စတွေကို သမ္မတကြီး ဘယ်လိုသုံးသပ်ပါသလဲ ခင်ဗျာ။

ဖြေ။ ။ စစ်ကောင်စီဟာ သူ့ခေတ်အဆက်ဆက်မှာလူထုကိုအကြောက်တရားနဲ့ နှိပ်စက်ပြီး သူအုပ်ချုပ်ဖို့ သူ့အာဏာတည်မြဲဖို့လုပ်နေတယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာကော ၁၉၈၈ လူထု တော်လှန်ရေးကိုလည်း ဒီလိုပဲနှိပ်ကွပ်ခဲ့ပါတယ်။ နောက်ဆုံးဖြစ်တဲ့ ၂၀၂၁ အာဏာသိမ်းမှာလည်း ဒီနည်းပဲ ကျင့်သုံးပါတယ်။ သူတို့ရဲ့အာဏာသိမ်းမှုဟာ ပြည်သူလူထုဆန္ဒနဲ့မညီဘူး ဒီမိုကရေစီနည်းအတိုင်းပဲ နေချင်ပါတယ်ဆိုပြီး ပြည်သူလူထုတွေဟာ လမ်းပေါ်ထွက်ဆန္ဒပြ နည်းမျိုးစုံနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပေမယ့် စစ်ကောင်စီဟာ ဒါကိုအရေးတယူမပြုဘဲနဲ့ တောက်လျှောက်ညှဉ်းဆဲသတ်ဖြတ်လာတာ အခုချိန်ထိဖြစ်ပါတယ်။

ဆိုတော့ အခုအချိန်ထိသတ်ဖြတ်လာတာ အပြစ်မဲ့ပြည်သူလူထု နှစ်ထောင့်ငါးရာကျော်ပြီလို့ အားလုံးသိရှိပြီးဖြစ်ပါတယ်။ အလားတူပဲ လူပေါင်း တစ်သောင်းသုံး ထောင်ကျော်လောက်ကို ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ နောက်တခါ တချို့ဆိုရင် ကြိုးမိန့်ပေးပြီး သတ်ဖြတ်လိုက်တာပါ ပါတယ်။ ပိုပြီးဆိုးတာက အခုရွာစဉ်လိုက်ပြီးတော့ ဗုံးကြဲမီးရှို့တဲ့အတွက်ကြောင့် စစ်ကိုင်း၊ မကွေးနဲ့ တစ်ပြည်လုံးမှာ အိမ်ခြေပေါင်း သုံးသောင်းကျော်လိုက် မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။ ဒါတွေက သူ့ရဲ့ နည်းစနစ်ဖြစ်ပါတယ်။ သူကအကြောက်တရားနဲ့အုပ်ချုပ်ချင်ပါတယ်။ ဒါပေမဲ့ ပြည်သူထုကမကြောက်တော့ပါဘူး။ ကြောက်နေလည်းသေမှာ မကြောက်လည်းသေမှာဆိုတော့ မကြောက်တော့ပါဘူး။

အထူးသဖြင့် GZ လို့ခေါ်တဲ့ အခုခေတ်လူငယ်လေးတွေဟာ အတွေးအခေါ်ရှိပါတယ်။ မကြောက်သင့်တာကို မကြောက်ဘူး ဆိုတဲ့စိတ်ထားမျိုး တီထွင်ကြံဆပြီး သူတို့ဟာဒီတော်လှန်ရေးမှာ ဦးဆောင်နေတာဖြစ်တဲ့အတွက်ကြောင့် ဒီတော်လှန်ရေးဟာ အင်မတန်မှအားကောင်းပါတယ်။ ကျွန်တော်တို့ ဒီလိုလုပ်ဆောင် နေခြင်းဟာ ပြည်သူလူထုအားလုံး ပိုမိုပြီးအားကောင်းပြီးတော့ ပိုမိုပါဝင်လာဖို့ ဖန်တီးခြင်းဖြစ်တယ်လို့လည်း အကောင်းဘက်က ယူဆရမှာဖြစ်ပါတယ်။ ဒါဟာအမှန်တကယ် ပြည်သူလူထုက နိုင်ကိုနိုင်မယ့် တစ်တိုင်းပြည်လုံးပါဝင်တဲ့တော်လှန်ရေးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကြေညာတုန်းကလည်း လှည်းနေ လှေအောင်း မြင်းစောင်းမကျန်အားလုံးပါဝင်တဲ့တော်လှန်ရေးဖြစ်တယ်ဆိုတာ ကြေညာထားပြီးဖြစ်ပါတယ်။

000_Hkg7348532.jpg
KIA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (AFP)

မေး။ ။ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့အတွက် အဓိက လိုအပ်ချက်က ဘာလဲ ခင်ဗျ။

ဖြေ။ ။ တကယ့်လိုအပ်ချက်အရေးကြီးဆုံးကတော့ နိုင်ငံဦးဆောင်မှုအပိုင်းမှာပြတ်ပြတ်သားသား ပြည်သူလူထုအားလုံးပါဝင်လာအောင်ညီညွတ်လာအောင်လုပ်ဆောင်ဖို့အပိုင်းက အင်မတန်အရေးကြီးပါတယ်။ ဒါကိုလုပ်ဆောင်တဲ့အခါမှာ လက်တွေ့မှာ NUG နဲ့အတူ CRPH၊ NUCC နဲ့ အခြားတိုင်းရင်းသား လက်နက်ကိုင်အားလုံးက ပါဝင်ဖို့ သူတို့ကို စည်းရုံးပြီး နားလည်အောင်ဦးဆောင်ရတဲ့အပိုင်းဖြစ်ပါတယ်။ ဒီတော်လှန်ရေးမှာ ပြည်သူလူထုအားလုံးဟာ ညီညီညွတ်ညွတ်နဲ့ပါဝင်လာနေကြပါပြီ။ အသက်တောင်အသေခံပြီးတော့ လုပ်နေကြပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်ကဘာလဲဆိုတော့ စောစောက ပြောခဲ့သလိုတော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် လက်နက်တပ်ဆင်ဖို့ လိုပါတယ်။ အဲဒီ လက်နက်က လုံလုံလောက်လောက် အခုချိန်ထိမတပ်ဆင်သေးနိုင်ပါဘူး။

နောက်တစ်ခါများပြားလှတဲ့ တော်လှန်ရေးတပ်သားတွေရဲ့ စားဝတ်နေရေး သူတို့ရဲ့ကျန်းမာရေးထောက်ပံ့ရေး နည်းပညာပိုင်းမှာ မပြည့်စုံဘူးလို့ ကျွန်တော်တို့ ပြောရမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒါကိုဆက်လက်ပြီးတော့ဖြည့်တင်းပေးဖို့ မြန်မာပြည်သူအားလုံးနဲ့တကွ နိုင်ငံတကာက လူသားချင်းစာနာစိတ်ထားရှိတဲ့နိုင်ငံတွေကကူညီပါလို့ ကျွန်တော့်အနေနဲ့ အသိပေးလိုပါတယ်။ သူ့ရဲ့ရက်စက်မှုကြောင့်အပြစ်မဲ့တဲ့ပြည်သူလူထုဟာ ရွာမှာ မနေနိုင် တဲ့အတွက်ကြောင့်လုံခြုံရာကိုထွက်ပြေးနေတာ အခုဆိုရင်ကုလသမဂ္ဂရဲ့စာရင်းအရ ၁.၄ သန်း ရှိပြီ လို့သိရပါတယ်။ အဲ့လောက်များပြားတဲ့ဟာတွေကိုကျွေးမွေးဖို့ အစားအသောက်တွေ ထိထိရောက်ရောက်ကူညီဖို့ လိုပါတယ်။ ဒီလိုမျိုးကူညီနိုင်မယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးဟာ အမြန်ဆုံးအောင်မြင်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ သမ္မတကြီးအနေနဲ့ မြန်မာပြည်ကို ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် တည်ဆောက်ဖို့အတွက် ဘယ်လို အခြေအနေတွေ လိုအပ်တယ်လို့ ယူဆပါသလဲခင်ဗျ။

ဖြေ။ ။ ကျွန်တော့်အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတည်ဆောက်ဖို့ဆိုတာက အစကတည်းက ရှေးလူကြီးတွေရည်မှန်းထားတဲ့ ပင်လုံသဘောတူညီချက်အခြေခံကို ကိုင်စွဲထားဖို့လိုပါတယ်။ သဘောပေါက်ဖို့လည်းလိုပါတယ်။ အဲ့မှာဖက်ဒရယ်မူအရ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တရားမျှတမှုဆိုတဲ့ဟာကို အားလုံးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကိုလက်တွေ့မှာ ခေတ်အဆက်ဆက်မှာ အကောင်အထည်အဖော်နိုင်ခဲ့ပါဘူး။ အခု ကျွန်တော်တို့ ရဲ့ နွေဦးတော်လှန်ရေးကတော့ ဒါကိုလက်တွေအကောင်အထည်ဖော်နိုင်ဖို့ မူဝါဒချမှတ်ထားပြီးဖြစ်ပါတယ်။ အဲဒီမူဝါဒက ချာတာဖြစ်ပါတယ်။ ဒီချာတာမှာ တရားမျှတတဲ့နိုင်ငံထူထောင်ဖို့၊ အေးချမ်းသာယာ တိုးတက်ထွန်းကားတဲ့နိုင်ငံထူထောင်ဖို့ဆိုတဲ့ဟာ အခြေခံမူမှာ ချမှတ်ထားပြီး ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်တဲ့အခါမှာ ပထမအဆင့်အနေနဲ့ကြားကာလအစိုးရ အခု NUG အစိုးရကိုဖွဲ့စည်းပြီး ဦးဆောင်နေပါတယ်။ ဒီလိုဦးဆောင်တဲ့အခါမှာ စစ်ကောင်စီကို ဖြုတ်ချနိုင်ပြီးတဲ့ နောက်မှာ အသွင်ကူးပြောင်းရေးအစိုးရပေါ်လာမှာဖြစ်ပါတယ်။ အဲဒီအသွင်ကူးပြောင်းရေးကာလမှာ အသွင်ကူးပြောင်းရင်းနဲ့ လိုက်လျှောညီထွေရှိတဲ့ ချာတာနဲ့လည်းကိုက်ညီတဲ့အသွင်ကူးပြောင်းရေး အခြေခံဥပဒေရေးဆွဲဖို့ဖြစ်ပါတယ်။ အဲဒီမှာအချိန်ယူပြီးတော့တိုင်းရင်းသားအားလုံးပါဝင်တဲ့ လူထု ညီလာခံ ခေါ်ယူပြီးတော့ ဆွေးနွေးမှာဖြစ်ပါတယ်။ ဆွေးနွေးပြီးတော့ အနာဂတ်နိုင်ငံရေးမြေပုံကို ကျွန်တော်တို့ ဖော်ပြီးတော့ အနာဂတ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ပူးပေါင်းရေးဆွဲရမှာ ဖြစ်ပါတယ်။ ကြားကာလမှာတော့ သက်ဆိုင်ရာပြည်နယ်တွေရဲ့ အခြေခံဥပဒေကိုရေးဆွဲပြီးတော့ သူတို့ ဘာကိုသွားချင်သလဲ ဘာအရေးကြီးသလဲဆိုတာကို ကျွန်တော်တို့ ရေးဆွဲပြီး သဘောတူညီချက်ရထားဖို့လိုတယ်။

နောက်တစ်ခုက နှစ်ပေါင်းများစွာ မတရားမှုတွေ ဥပဒေမဲ့ ခံရတာတွေဖြစ်တဲ့အတွက်ကြောင့် အနာဂတ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုဖြစ်စေဖို့ ဒါလည်းထိထိရောက်ရောက် Transitional period မှာ ဆွေးနွေးပြီး အကျေအလည် ဆောင်ရွက်သွားမှာရှိပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ဒေသကိုယ်အုပ်ချုပ်မယ် ကိုယ့်ရဲ့ဒေသနဲ့ ကိုက်ညီတဲ့ ပြဌာန်းချက်တွေလုပ်ဆောင်မယ် ဆုံးဖြတ်ခွင့်ရမယ့်အနေအထားဖြစ်လို့ရှိရင်တော့ ကျွန်တော်တို့ တကယ်မျှော်မှန်းတဲ့ငြိမ်းချမ်းသာယာတိုးတက်တဲ့ မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မယ်လို့ လုံးဝယုံကြည်ပါတယ်။ လုပ်လည်းလုပ်နိုင်ပါတယ်ဆိုတာကို ပြောချင်ပါတယ်။

မေး။ မြန်မာပြည်သူတွေကို တခြားဘာများ ဖြည့်စွက်ပြောကြားလိုပါသေးသလဲ ခင်ဗျ။

ဖြေ။ မြန်မာပြည်သူပြည်သားများအားလုံး အခုအချိန်မှာအနစ်နာခံပြီးဆောင်ရွက်နေတဲ့ဆောင်ရွက်ချက်တွေ မြောက်များစွာကို ချီးကျုးလို့မကုန်နိုင်ပါဘူး။ ဒီမှာအင်မတန်မှ အံ့ဩဖို့ကောင်းတာက နိုင်ငံတကာ ဘယ်မှာရောက်ရောက် ကိုယ့်တိုင်းပြည်ပြုပြင်ပြောင်းလဲသွားဖို့ကို စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုကနေ လွတ်မြောက်ချင်တဲ့စိတ်တွေက အင်မတန်မှကြီးမားပါတယ်။ ဒီစိတ်ဓာတ်ကို ပိုမိုပြီးတော့ ခိုင်မာအောင် အားပေးချိတ်ဆက်ဖို့လိုပါတယ်။ စစ်ကောင်စီကို ဘယ်လိုမှရှင်သန်ခွင့်မပေးနိုင်တော့ဘူး ဆိတဲ့ ခံယူချက်က ပြင်းပြဖို့လိုပါတယ်။ ပြည်သူလူထုအားလုံးဟာ လူမျိုးဘာသာ အမျိုးသား၊ အမျိုးသမီး ဆင်းရဲချမ်းသာ ခွဲခြားခြင်းမပြုဘဲနဲ့ ကျွန်တော်တို့ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်ကြဖို့ အင်မတန် အရေးကြီးပါတယ်။

နောက်တစ်ခါ တော်လှန်ရေးမှာလိုအပ်တဲ့ငွေကြေးနဲ့ အခြားလိုအပ်တဲ့နည်းပညာ အားလုံးကိုပဲ ပြည်သူလူထုကပဲ ထောက်ပံ့ပေးမှုဖြစ်ပါတယ်။ ဒီလိုထောက်ပံ့တဲ့အခါမှာ ကျွန်တော်တို့ မှာ ငြီးငွေ့လာစရာအကြောင်းတွေရှိပါတယ်။ ဒါပေမဲ့ တော်လှန်ရေးဟာ ငြီးငွေ့လို့မရပါဘူး။ ခံနိုင်ရည်အပြည့်အဝနဲ့ စစ်ကောင်စီမပြုတ်မကျမချင်း ကျွန်တော်တို့ လက်တွဲညီညီနဲ့ဝိုင်းဝန်းကြိုးစားဖို့ အင်မတန်လိုပါတယ်လို့ ပြည်သူလူထုကိုပြောကြားချင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Bran mon
2022-11-28 14:26

Do u talk with your lorpan? If he agreed. It will be ok. Otherwise dreaming.