ပုသိမ်ထောင်တွင်း အကြမ်းဖက်ခံရမှု ကမ္ဘာက အာရုံစိုက်အောင်လုပ်မယ်လို့ NUG ပြော

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.01.09

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာ သေဒဏ်ပေးဖို့ ကြိုးစင်ဆောက်တာကို ကန့်ကွက်တဲ့အတွက် ဇန်နဝါရီလ ၅ ရက်က အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။

ဒီပဋိပက္ခမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံးခဲ့သလို အကျဉ်းသားတစ်ဦးပျောက်ဆုံးနေပြီး အကျဉ်းသား ၇ဝ နီးပါးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ကပြောပါတယ်။

တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဧရာဝတီတိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဇန်နဝါရီလ ၉ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဒီဖြစ်စဉ်အတွင်း ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို လူကိုသေစေနိုင်တဲ့ လက်နက်တွေနဲ့ ပစ်ခတ်တာ၊ အသံဗုံးခွဲတာ၊ အုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက်တာ၊ လက်ပြန်ကြိုးတုပ်ပြီး အပြင်းအထန်ရိုက်နှက်တာတွေ ရှိခဲ့တယ်လို့ပြောပါတယ်။

ပုသိမ်အကျဉ်းထောင်အတွင်း အကျဉ်းသားတွေ ကြမ်းဖက်ခံရမှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ တွမ်အင်ဒရူး၊ ကုလသမဂ္ဂအကျဉ်းထောင်များဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ၊ တရားလက်လွတ်သတ်ဖြတ်မှုဆိုင်ရာ အထူးစုံစမ်းရေးအရာရှိတွေထံ သက်သေနဲ့တကွ ခိုင်လုံတဲ့ အထောက်အထားတွေ ပေးပို့ထားပြီး လာမယ့် ၂၀၂၃ မတ်လမှာ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာလည်း တင်ပြသွားမယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

စစ်ကောင်စီက စိတ်ထင်တိုင်း ညှဥ်းပန်းနှိပ်စက်တာတွေကို ကမ္ဘာကသိရှိပြီး ပုသိမ်အကျဉ်းထောင်အကြမ်းဖက်မှုကို ထင်ရှားတဲ့သတင်းအဖြစ် ကမ္ဘာကအာရုံစိုက်အောင် လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ တင်ပြသွားမယ်လို့လည်း သူကပြောပါတယ်။

ဝန်ကြီးဦးအောင်မျိုးမင်းကို “RFA နှင့် စကားပြောခြင်းအစီအစဉ်” ကနေ မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။