လာမယ့်နှစ်မှာ တော်လှန်ရေးအဆုံးအဖြတ်ရယူမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ပြောကြား
2022.11.30
အခုလာမယ့်နှစ်မှာ တော်လှန်ရေးရဲ့အဆုံးအဖြတ်ကို ရယူဖို့အတွက် စီမံချက်တစ်ခုကို မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကြီးတွေနဲ့ ညှိနှိုင်းရေးဆွဲထားပြီး စတင်အကောင်အထည်ဖော်နေပြီဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် AAနဲ့ စစ်ကောင်စီအကြား ယာယီအပစ်အခတ်ရပ်စဲခဲ့တာနဲ့ ပတ်သက်ပြီးNUG အနေနဲ့ AA အပေါ်မှာ ကောင်းကောင်းနားလည်ကြောင်း၊ ဒါဟာ စစ်ကောင်စီနဲ့ ရွှေလမ်း ငွေလမ်းဖောက်တာမဟုတ်ကြောင်းနဲ့ AA အနေနဲ့ တော်လှန်ရေးကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်းလည်း သူကပြောပါတယ်။ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
_______________
မေး။ ။ ဝန်ကြီး ဆရာဦးရည်မွန်ခင်ဗျ။ လက်ရှိ စစ်ရေးအခြေအနေကို ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့နိုင်ငံမှာ ဒီကနေ့ ပြည်သူ့တော်လှန်ရေးကို ဆင်နွှဲနေကြတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဆိုရင် မနှစ်က စက်တင်ဘာ ၇ ရက်နေ့မှာ ယာယီသမ္မတကြီးကိုယ်တိုင် တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် ပါဝင်ပြီး ပြည်သူ့ခုခံတွန်းလှန်စစ်ကို ဆင်နွှဲကြဖို့ တပ်လှန့်နှိုးဆော်ခဲ့တာရှိတယ်။ အဲဒီကာလကစပြီး တွက်မယ်ဆိုရင် ဒီစစ်ပွဲဟာ ၁၅ လနီးပါး ရှိပြီလို့ ပြောနိုင်ပါတယ်။ ဒီ ၁၅ လ နီးပါးအတွင်းမှာ သိသာထင်ရှားတဲ့ တိုးတက်အောင်မြင်မှုတွေ ကျွန်တော်တို့ရယူနိုင်ခဲ့ပြီဆိုတာလည်း တွေ့ရမှာပါ။ အထူးသဖြင့် စနစ်တကျစုဖွဲ့ လက်နက်တပ်ဆင်ပြီးတော့ တပ်ဖြန့်နေရာယူထားတဲ့ ကျွန်တော်တို့ PDF အင်အား ကျနော်တို့မှာ ရှိနေပြီ။ကျွန်တော်တို့နဲ့အတူ နိုင်ငံရေးစစ်ရေးအပြည့် ပူးပေါင်းဆောင်ရွက်နေတဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေလည်း ကျွန်တော်တို့မှာ ရှိနေပြီ။ နောက်နယ်မြေစိုးမိုးထိန်းချုပ်နိုင်စွမ်း အတိုင်းအတာတစ်ခုအထိ ကျွန်တော်တို့မှာ ရှိနေပြီ။ တစ်ချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုကိုလည်း တွဲပြီးတော့ ဆောင်ရွက်နေကြပြီ။ ဒီလိုတိုးတက်အောင်မြင်မှုတွေရယူနိုင်တယ်ဆိုတဲ့နေရာမှာ အရေးကြီးဆုံးကတော့ ကျွန်တော်တို့ပြည်သူပါပဲ။ ပြည်သူဟာ ဒီစစ်အာဏာသိမ်းမှု အခုနှစ်နှစ်နီးပါး ရှိတဲ့အချိန်ထိ လုံးဝအလံမလဲစတမ်းပေါ့။ ကြံ့ကြံ့ခံပြီးတော့မှ ဒီတော်လှန်ရေးမှာ ထောက်ခံပါဝင်နေကြတယ်။ ဒါဟာ တော်လှန်ရေးရဲ့ အဓိကအင်အားဖြစ်တယ်လို့ မြင်ပါတယ်။ ဒီတော်လှန်ရေးဟာ အားလုံးသိတဲ့အတိုင်း ပြည်သူ့ရဲ့အားနဲ့ပဲ ဘယ်နိုင်ငံရဲ့ထောက်ပံ့ကူညီမှုကိုမှ လက်တွေ့မရဘဲနဲ့ လက်ဗလာနဲ့စခဲ့တဲ့ ကျွန်တော်တို့ တော်လှန်ရေး။ သို့သော် ပြည်သူ့ပါဝင်မှုနဲ့ အခုလိုသိသာထင်ရှားတဲ့ ရလဒ်တွေ ကျွန်တော်တို့ ရယူနိုင်ပြီ။ တော်လှန်ရေးဟာ ခရီးတစ်ခုရောက်ခဲ့ပြီလို့ ကျွန်တော်တို့မြင်တယ်။ အဲဒီတော့ မြန်မာပြည်သူတွေဆိုရင် လွတ်မြောက်မှုနဲ့ တကယ်ထိုက်တန်တဲ့ ပြည်သူတွေလို့ ကျွန်တော်ပြောချင်ပါတယ်ဗျ။
မေး။ ။ ဒီPDF တွေကို လက်နက်တပ်ဆင်ပေးနိုင်မှုကကော ဘယ်လောက်လောက်ရှိနေပြီလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရှာဖွေရရှိသမျှ ရန်ပုံငွေ အဓိကအစိတ်အပိုင်းကို PDF တပ်မတော်လက်နက်တပ်ဆင်ရေးအတွက် အသုံးပြုတယ်ဆိုတာကိုလည်း အသိပေးထားပြီးသားဖြစ်ပါတယ်။ အခုဆိုရင် PDF တပ်မတော် အတိုင်းအတာတစ်ခုအထိ တစ်ဖက်မှာ လေ့ကျင့်မှုတွေ စုဖွဲ့မှုတွေ လက်နက်တပ်ဆင်မှုတွေ ဆောင်ရွက်ထားနိုင်ပြီ။ ဒါနဲ့ တွဲပြီးတော့ တပြိုင်နက် chain of command တည်ဆောက်မှုပေါ့။ ကွပ်ကဲမှု၊ ဒါကိုလည်း ကျွန်တော်တို့ အတိုင်းအတာတစ်ခုအထိ ခရီးရောက်ခဲ့ပြီ။ အရေးကြီးဆုံးကတော့ PDF တပ်ရင်းတပ်ဖွဲ့တွေရဲ့ ဗျူဟာမြောက် တပ်ဖြန့်နေရာယူထားနိုင်မှုကလည်း ခရီးတစ်ခုကို ရောက်ခဲ့ပြီလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။

မေး။ ။ ဒေသခံ PDF တချို့က NUG အမျိုးသား ညီညွတ်ရေးအစိုးရထံကနေ သူတို့အကူအညီမရဘူးလို့ ပြောကြတယ်။ အဲဒီကိစ္စကိုကော ဆရာဘာများပြောနိုင်မလဲ ခင်ဗျ။
ဖြေ။ ။ အားလုံးသိတဲ့အတိုင်း တော်လှန်ရေးအစကို ပြောက်ကျားစစ်နဲ့ စခဲ့ကြတယ်။ မဟာဗျူဟာအရပြောမယ်ဆိုရင်တော့ မဟာဗျူဟာခံစစ်ကာလ။ အခုအချိန်မှာ ကျွန်တော်တို့က ခံစစ်ကနေပြီးတော့ နောက်တဆင့် တော်လှန်စစ်ကို ကူးပြောင်းကြရတော့မယ်လို့ ကျွန်တော်တို့ မြင်တယ်။ နယ်မြေတွေကိုစနစ်တကျ စိုးမိုးထိန်းချုပ်ပြီးတော့မှ စစ်ကောင်စီရဲ့ အာဏာပိုင်စိုးမှုကို လုံးဝဖယ်ရှားပြီးတော့ ပြည်သူ့အာဏာတည်ဆောက်နိုင်အောင် ဆက်လက်ပြီးတော့ ကျွန်တော်တို့ ကြိုးစားရမယ့် အနေအထားမျိုးဖြစ်လာပြီ။ ဒီအခြေအနေမှာ တစ်ဖွဲ့ချင်း၊ တစ်စုချင်းပြောက်ကျားလှုပ်ရှားတာမျိုးထက်ပိုတဲ့ ဒေသအလိုက်တစ်ခုတည်းသော Chain Of Command အောက်မှာ ဗျူဟာမြောက်ဆောင်ရွက်နိုင်ရေး ဒါကို ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေကြတာဖြစ်တယ်။ ကြိုးပမ်းခဲ့ကြတာလည်းဖြစ်တယ်။ ဒီ Chain Of Command ဆိုတာကလည်း NUG နဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့တည်ဆောက်တဲ့ Chain Of Command ပဲ ဖြစ်တယ်။ အထူးသဖြင့် စစ်ရေးဆိုင်ရာကျွမ်းကျင်တဲ့သူတွေကိုယ်တိုင် ဦးဆောင်တဲ့ ကွပ်ကဲမှုလည်း ဖြစ်တယ်ပေါ့။ အဲဒီတော့ ဒေသအလိုက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေကိုလည်း ရှေ့မှာ ဗျူဟာမြောက်အလုပ်လုပ်နိုင်ဖို့အတွက် အခုတည်ဆောက်နေတဲ့ Chain Of Command မှာပါဝင်ပါလို့ တောက်လျှောက် ကျွန်တော်တို့ တိုက်တွန်း နှိုးဆော်နေတာဖြစ်တယ်။ ဒီလိုပါဝင်ဆောင်ရွက်မယ် ဆိုရင် လိုအပ်တဲ့ အသိအမှတ်ပြုမှုတွေ ထောက်ပံ့မှုတွေ တပ်ဆင်မှုတွေ ဒါတွေကလည်း ကျွန်တော်တို့ ဆက်တိုက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ အထူးသဖြင့် ပြောရမယ်ဆိုရင်တော့ ရှေ့ဖြတ်ရမယ့် ခရီးက ပိုပြီးတော့လည်း အရေးကြီးတယ်။ စနစ်တကျနဲ့ Chain Of Command ရှိရှိနဲ့ ဗျူဟာမြောက် အလုပ်လုပ်ရမှာဖြစ်တဲ့အတွက် ဒီအစီအစဉ်ကို လက်ခံတဲ့ တော်လှန်ရေးအင်အားစုအားလုံးကို အသိအမှတ်ပြုပြီးတော့ ထောက်ပံ့မှုကော လက်နက်တပ်ဆင်မှုပါ တပြိုင်နက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်လို့ ကျွန်တော့် အနေနဲ့ ရှင်းပြလိုပါတယ်။
"တော်လှန်ရေးရဲ့ လူအင်အားအနေနဲ့ကတော့ ရန်သူကို အနိုင်ယူနိုင်တဲ့ အင်အားမျိုးကို တည်ဆောက်ထားနိုင်ခဲ့ပြီလို့ ကျွန်တော် ဒီလိုနားလည်ပါတယ်"
မေး။ ။ အရေအတွက်အားဖြင့် ဆရာတို့ NUG လက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့အင်အားကို အကြမ်းဖျဉ်း ဘယ်လောက်လောက်ရှိတယ်လို့ ပြောနိုင်မလဲ ခင်ဗျ။
ဖြေ။ ။ ကျွန်တော်တို့ရှေ့မှာလည်း ပြောခဲ့ပြီးဖြစ်ပါတယ်။ အခုချိန်ထိ ကျွန်တော်တို့အတည်ပြုပြီးတပ်ရင်း ၃ဝဝ စွန်းစွန်းရှိခဲ့ပြီ။ ထပ်ပြီးတော့ ကျွန်တော်တို့ အတည်ပြုပေးဖို့တင်ပြထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေလည်း ရှိတယ်။ တပ်ရင်းအသစ်တွေကိုတော့ အခုကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနရယ်၊ စစ်ဒေသတာဝန်ရှိတဲ့သူတွေရယ် လိုအပ်တဲ့ စိစစ်မှုတွေပြုပြီးရင် ဆက်လက်ပြီး အတည်ပြုဖွဲ့စည်း တပ်ဆင်ပေးမယ့် တပ်ရင်းတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ PDF တပ်မတော် ပြီးရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့လို ဒေသခံ ပြောက်ကျားအဖွဲ့တွေလည်း ရှိဦးမယ်။ တော်လှန်ရေးရဲ့ လူအင်အားအနေနဲ့ကတော့ ရန်သူကို အနိုင်ယူနိုင်တဲ့ အင်အားမျိုးကို တည်ဆောက်ထားနိုင်ခဲ့ပြီလို့ ကျွန်တော် ဒီလိုနားလည်ပါတယ်။
မေး။ ။ အဲ့ဒါဆို ဆရာဆိုလိုတာက လက်ရှိစစ်ကောင်စီတပ်တွေကို ရင်ဆိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လူအင်အားကော လက်နက်အင်အားကော လုံလောက်ပြီလို့ ပြောတာလားခင်ဗျ။
ဖြေ။ ။ လူအင်အားအနေနဲ့ကတော့ လုံလောက်ပါပြီ။ လက်နက်အင်အားဆိုတာကတော့ အားလုံးသိရှိပြီးဖြစ်မယ်။ ဒါကတော့ အကန့်အသတ်တစ်ခုအတွင်းမှာပဲ ဆောင်ရွက်ရတာ ဖြစ်တယ်။ လက်နက်တပ်ဆင်ရေးဆိုတာကတော့ စိတ်ရှိတိုင်း မမြန်နိုင်ဘူး။သေချာဖို့ လိုတယ်။ သို့သော် အခုအချိန်မှာ ဒီတော်လှန်ရေးအောင်ပွဲခံဖို့အတွက် လိုအပ်တဲ့ လက်နက်အင်အားကိုလည်း တပ်ဆင်နိုင်ဖို့ကျွန်တော်တို့ အဆင်သင့်ဖြစ်ပြီလို့ ကျွန်တော့်အနေနဲ့ ပြောနိုင်ပါတယ်။

မေး။ ။ ဆရာတို့နဲ့ တိုင်းရင်းသားအဖွဲ့အစည်း EAO တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အနေအထားတွေကကော ဘယ်လိုရှိပါသလဲ ခင်ဗျ။
ဖြေ။ ။ ဒါကလည်းပိုပြီးတော့ ခိုင်မာအားကောင်းနေပြီလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နောက်တစ်နှစ်စီမံချက်ပေါ့။ ပြည်သူ့ခုခံတွန်းလှန်စစ်က အခုဒုတိယနှစ်ထဲကို ဝင်ခဲ့ပြီ။ ဒုတိယနှစ်အတွက် ကျွန်တော်တို့စီမံချက်တစ်ခုကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရေးဆွဲထားခဲ့တာရှိတယ်။ ဒီစီမံချက်ဆိုတာက ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုတည်းပေါ်မှာ စိတ်ကူးယဉ် ရေးဆွဲထားတာမဟုတ်ပါဘူး။ မိမိအင်အား၊ ရန်သူ့အင်အား၊ ကိုယ့်ပြည်သူရဲ့အခြေအနေ နိုင်ငံတကာရဲ့ဘက်စုံကို ထည့်သွင်းတွက်ချက်ပြီး ရေးဆွဲထားတဲ့ စီမံချက်တစ်ခုလို့ ပြောလို့ရတယ်။ ဒီစီမံချက်နဲ့ ပတ်သက်ရင် ဒီရက်ပိုင်း ဒီလပိုင်းမှာ တောက်လျှောက် ကျွန်တော်တို့ရဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကြီးများနဲ့ လိုအပ်တဲ့ ညှိနှိုင်းမှုအသေးစိတ် အစီစဉ်ရေးဆွဲမှု ဒါတွေလည်း ကျွန်တော်တို့ ဆောက်ရွက်နေခဲ့တာဖြစ်တယ်။ အခုဆိုရင် NUG နဲ့ မဟာမိတ်များ အပါအဝင် တော်လှန်ရေးအင်အားစုအားလုံးက ဒီတစ်နှစ်စီမံချက်ကို အတူတကွလက်တွဲပြီးတော့ အကောင်အထည်ဖော်နေကြပြီလို့လည်း ဒီလိုပြောနိုင်ပါတယ်။ ဒီစီမံချက်ရဲ့ အနှစ်ချုပ်သဘောကတော့ လာမယ့် တစ်နှစ်ဟာ ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့တော်လှန်ရေးအတွက် အင်မတန်အရေးကြီးလိမ့်မယ်။ တော်လှန်ရေးရဲ့လိုအပ်ချက်တွေကို အမြန်ဆုံးဖြည့်ဆည်းနိုင်ဖို့လည်း အတူတကွ ကြိုးစားကြမယ်။ကိုယ့်ပြည်သူကိုလည်း လာမယ့်နှစ်မှာ ကျွန်တော်တို့ ဘာတွေလုပ်သွားဖို့ရှိမလဲဆိုတာ လိုအပ်တဲ့ အသိပေးမှုတွေလည်းဆောင်ရွက်ကြမယ်။ ပြီးရင် နိုင်ငံရေးအရကော စစ်ရေးအရကော တစ်သံတည်း ညီကြပြီးတော့ တစ်ချီတည်း ရုန်းကြခြင်းအားဖြင့် လာမယ့်နှစ်မှာ တော်လှန်ရေးရဲ့အဆုံးအဖြတ်ကို ရယူနိုင်ဖို့အတွက် ရည်မှန်းကြိုးစားနေကြတာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ပြောလိုပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်မှာ အခု AA နဲ့စစ်ကောင်စီ ယာယီအပစ်အခတ်ရပ်စဲတဲ့ကိစ္စကို ဘယ်လိုမြင်ပါသလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော်တို့ ဒီသတင်းနဲ့ပတ်သက်ပြီးတော့ AA တာဝန်ရှိသူတွေကလည်း မီဒီယာမှာ ရှင်းလင်းပြောပြနေတာရှိပါတယ်။အားလုံးပေါ့ ကျွန်တော်တို့ မြန်မာပြည်သူတွေလည်းကြားနေရတဲ့ ကိစ္စပါပဲ။ ကျွန်တော်တို့ NUG အနေနဲ့ပြောမယ်ဆိုရင်AA အပေါ်မှာ ကောင်းကောင်းနားလည်ပါတယ်။ ယာယီအပစ်အခတ်ရပ်တယ်ဆိုတာက သေချာတယ်။ ဒါက စစ်ကောင်စီနဲ့ရွှေလမ်း ငွေလမ်းဖောက်တာမဟုတ်ဘူး။ AA အနေနဲ့ကလည်း ဒီတော်လှန်ရေးကို စွန့်လွှတ်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ယုံကြည်မှုရှိပါတယ်။ လိုအပ်ချက်အရသာယာယီပေါ့။ ပြောမယ်ဆိုရင် စာနဲ့ပေနဲ့သဘောတူတဲ့ ပုံစံမဟုတ်ဘူး။ နားလည်မှုအရသာ ယာယီအပစ်ရပ်တဲ့ သဘောဆောင်ရွက်ချက်ဖြစ်တယ်လို့ ကျွန်တော်တို့ ဒီလိုနားလည်ပါတယ်။
"AA အပေါ်မှာ ကောင်းကောင်းနားလည်ပါတယ်။ ယာယီအပစ်အခတ်ရပ်တယ်ဆိုတာက သေချာတယ်။ ဒါက စစ်ကောင်စီနဲ့ရွှေလမ်း ငွေလမ်းဖောက်တာမဟုတ်ဘူး"
မေး။ ။ အခုလိုအပစ်အခတ်ရပ်စဲပြီးနောက်မှာ စစ်ကောင်စီက ရခိုင်ပြည်နယ်မှာရှိတဲ့ တပ်ဖွဲ့တွေကို တခြားဒေသတွေကို ပို့ဆောင်နေတယ်လို့လည်း သတင်းထွက်ပါတယ်။ ဘယ်လိုအကျိုးဆက်တွေပေါ်လာနိုင်မလဲ ခင်ဗျ။
ဖြေ။ ။ ကျွန်တော့် အမြင်ပြောမယ်ဆိုရင် ဒါကလည်းမဖြစ်နိုင်ပါဘူး ခင်ဗျ။ မဖြစ်နိုင်ပါဘူးဆိုတာက အကြီးအကျယ်ပေါ့။ ရခိုင်ထဲကတပ်တွေကို ဆွဲထုတ်ပြီးတော့မှ အခြားစစ်မျက်နှာတွေ အထူးသဖြင့် ပြည်မဘက်ပို့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ အနည်းအကျဉ်း တပ်အပြောင်းအရွှေ့တော့ ရှိကောင်းရှိမယ်။ သို့သော် စစ်ကောင်စီအနေနဲ့ သူ့တပ်တွေအားလုံးကို ရခိုင်ထဲက ဆွဲထုတ်ပြီး တခြားစစ်မျက်နှာတွေ ပို့ဖို့ဆိုတာတော့ဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ဘူးလို့ပဲ ကျွန်တော်ဒီလိုမြင်ပါတယ်။
မေး။ ။ ဒေသခံ PDF တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုမေးချင်ပါတယ်။ အခုဒီ ဆရာတို့ အုပ်ချုပ်မှုအောက်မှာ တိုက်ရိုက်မရှိဘဲနဲ့ ကိုယ့်ဘာသာဖွဲ့ထားတဲ့ တော်လှန်ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့တချို့ဟာ ပြည်သူလူထုထံ အခွန်ငွေကောက်ခံတာမျိုးတွေ အဓမ္မတောင်းခံတာမျိုးတွေရှိတယ်လို့ ကြားရပါတယ်။ အဲ့ကိစ္စတွေကို ဆရာတို့ ဘယ်လိုများ ထိန်းသိမ်းနေပါသလဲ ခင်ဗျ။
ဖြေ။ ။ အရှေ့မှာ ကျွန်တော် ပြောခဲ့တဲ့အထဲမှာလည်း ပါပါတယ်။ အခု ကျွန်တော်တို့ နယ်မြေစိုးမိုးထိန်းချုပ်နိုင်စွမ်းရှိတဲ့ဒေသတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအာဏာတည်ဆောက်မှုကိုလည်း တပြိုင်တည်း လုပ်နေတဲ့ကိစ္စပါ။ အုပ်ချုပ်ရေးနဲ့ တွဲပြီးပါလာတာက ဒီတော်လှန်ရေး ဆက်လက်ပြီး ရပ်တည်နိုင်ရေးအတွက် လိုအပ်တဲ့ အစိုးရတစ်ရပ်ရဲ့ လုပ်ဆောင်ချက်အဖြစ် အခွန်အခများကောက်ခံခြင်း စီမံခြင်းဆိုတာလည်း တွဲပြီးပါလာတာရှိပါတယ်။ ဒီအခွန်ကောက်တယ်ဆိုတဲ့နေရာမှာလည်း အဓိကချထားတဲ့မူက နံပါတ် ၁ ပြည်သူကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့ အခွန်အခမျိုးဖြစ်ရမယ်။ နံပါတ် ၂ ရတဲ့ အခွန်အခကိုလည်း ပြည်သူလူထုရဲ့အကျိုး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပြန်ပြီးတော့ အသုံးပြုဖို့ပဲဖြစ်တယ်ဆိုတဲ့ မူဝါဒတွေနဲ့ အခုအုပ်ချုပ်ရေးလုပ်ငန်းတွေ၊ အခွန်ကောက်ခံတဲ့ အစီအစဉ်တွေ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အကောင်အထည်ဖော်နေပြီ။ အတိုင်းအတာတစ်ခုအထိလည်း အောင်မြင်မှုရနေပြီလို့ ပြောလို့ရတယ်။ သို့သော် ဒီနေရာမှာ ကျွန်တော်တို့ အထူးသတိထားတာက ဘာလဲ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိမယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေဆိုတာက အဓိက PDF ၊ နောက် ပကဖ ဒီအဖွဲ့တွေကို အခွန်ကောက်ခံခွင့် လုံးဝတားမြစ်ထားတာ ရှိပါတယ်။ အခွန်ကောက်တယ်ဆိုတာက လက်နက်ကိုင်အဖွဲ့တွေလုပ်ရမယ့် အလုပ်မဟုတ်ဘူး။ စစ်ဖက်က လုပ်ရမယ့် အလုပ်မဟုတ်ဖူး။ ဒါအရပ်ဘက် အုပ်ချုပ်ရေးက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖလို့ အတိုခေါ်ပါတယ်။ ပအဖများက လုပ်ဆောင်ရမယ့် ကိစ္စသာဖြစ်တယ်လို့ လိုအပ်တဲ့ ညွှန်ကြားမှုများလည်း ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ PDF များ ပကဖများအနေနဲ့ ဆိုရင် ဒီအခွန်ကောက်ခံတဲ့ကိစ္စများမှာ ပါဝင်လို့မရပါဘူး။

မေး။ ။ စစ်ကောင်စီရဲ့လေကြောင်းရန်ကာကွယ်ရေး ဆရာတို့ဆောင်ရွက်နေတဲ့ အခြေအနေကကော ဘယ်လောက်တိုးတက်မှုရှိနေပြီလဲခင်ဗျ။
ဖြေ။ ။ လေကြောင်းအသုံးပြုနိုင်တယ်ဆိုတာကတော့ စစ်ကောင်စီရဲ့ အားသာချက်လို့ ပြောရမှာပေါ့။ တော်လှန်ရေးအင်အားစုတွေအပေါ်မှာလည်း လေကြောင်းနဲ့အန္တရာယ်ပြုနိုင်တယ်။ ခြိမ်းခြောက်နိုင်တယ်ဆိုတာကတော့ ဒါအမှန်ပါပဲ။ သို့သော် နိုင်ငံတကာစစ်ရေးအတွေ့အကြုံတွေကိုပဲ ကြည့်ကြည့်။ လေကြောင်းဟာ စစ်ပွဲတစ်ခုရဲ့ အဆုံးအဖြတ်လို့ ကျွန်တော်တို့ မပြောနိုင်ပါဘူး။ လေကြောင်းက အန္တရာယ်ရှိတာမှန်တယ် သို့သော် တကယ့်အဆုံးအဖြတ်က မြေပြင်အင်အားပါပဲ။ မြေပြင်အင်အားချင်း နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ သေချာပြောနိုင်တာက စစ်ကောင်စီအနေနဲ့ မြေပြင်မှာ တော်လှန်ရေးအင်အားစုတွေကို ရင်ဆိုင်နိုင်တဲ့ အင်အား မရှိတော့ဘူးလို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့မှာ ကျွန်တော်တို့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့မှ စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ပြုမှု့ကို ဘယ်လိုဟန့်တားကြမလဲဆိုတဲ့ အစီစဉ်တွေလည်းရှိပါတယ်။ ထိုက်သင့်တဲ့ ဝေဟင်ကို ပစ်ခတ်တားဆီးနိုင်တဲ့ လက်နက်များလည်း တဖြည်းဖြည်း တပ်ဆင်ထားနိုင်ပြီလို့ ကျွန်တော်အသိပေးလိုပါတယ်။
"လာမယ့်နှစ်အတွင်းမှာတော့ ကျွန်တော်တို့ အားကုန်ရုန်းကြတော့မယ်ဆိုတာ စစ်ကောင်စီကောင်းကောင်း သိပါတယ်"
မေး။ ။ နိုင်ငံခြားတိုင်းပြည်တွေ အစိုးရပဲဖြစ်ဖြစ် တစ်သီးပုဂ္ဂလပဲဖြစ်ဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အကူအညီရနိုင်ဖို့ ဘယ်လိုများရှိမလဲခင်ဗျ။
ဖြေ။ ။ မြန်မာပြည်သူတွေ ဆင်နွှဲနေတဲ့ ခုခံတွန်းလှန်စစ်နဲ့ ပတ်သက်ရင်တော့ နိုင်ငံတကာအနေနဲ့ ပိုပြီးတော့ နားလည်သဘောပေါက်လာပြီလို့ ကျွန်တော်မြင်ပါတယ်။ ဒီအထဲမှာ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတွေပါသလို ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေလည်းပါတယ်လို့ ဒီလိုပြောလို့ ရပါတယ်။ နိုင်ငံတကာအကူအညီနဲ့ပတ်သက်ရင်တော့ ဒီစစ်ပွဲဟာ အဓိကအားဖြင့် ကိုယ့်အားကိုယ်ကိုးတဲ့ ကိုယ့်ပြည်သူရဲ့ ပါဝင်မှုပေါ်မှာပဲ အဓိကစီမံဆောင်ရွက်တဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် နိုင်ငံတကာအကူအညီပေါ်မှာ မှီတည်ပြီးတော့ ဆင်နွှဲနေတာမဟုတ်ဘူးလို့ ပြောလို့ရတယ်။ သို့သော် နိုင်ငံတကာအကူအညီ မရနိုင်ဘူးလားဆိုတဲ့ သဘောလည်းမဟုတ်ပါဘူး။ ပြည်သူ့ခုခံတွန်းလှန်တဲ့စစ်ရဲ့ အဓိပ္ပါယ်ကိုပိုပြီးတော့ နားလည်သဘောပေါက်လာတာနဲ့အမျှ နောက်ပြီး ပြည်သူ့ခုခံတွန်းလှန်ရေးသမားတွေရဲ့ စိတ်ပိုင်းရုပ်ပိုင်း အသာစီးရမှုကို ပိုပြီးတော့တွေ့မြင်လာတာနဲ့အမျှ နိုင်ငံတကာရဲ့လိုအပ်တဲ့ ရပ်တည်မှု၊ ထောက်ခံမှု၊ ကူညီမှုတွေလည်း အနှေးနဲ့အမြန် ရရှိလာနိုင်လိမ့်မယ်လည်း ကျွန်တော်တို့အနေနဲ့ မျှော်လင့်ထားပါတယ်။
မေး။ ။ စစ်ကောင်စီက လတ်တလောအကျဉ်းသားတချို့ လွှတ်ပေးလိုက်တဲ့အပေါ်မှာကော ဘယ်လိုမြင်ပါသလဲခင်ဗျ။
ဖြေ။ ။ လာမယ့်နှစ်အတွင်းမှာတော့ ကျွန်တော်တို့ အားကုန်ရုန်းကြတော့မယ်ဆိုတာ စစ်ကောင်စီကောင်းကောင်း သိပါတယ်။ တော်လှန်ရေးအရှိန်ကို လျှော့ချလိုတဲ့အတွက်သာ သူတို့လုပ်နေကြအတိုင်း သူတို့ပြန်ပေးဆွဲထားတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခြင်းအားဖြင့်လုပ်မိလုပ်ရာ လုပ်တယ်လို့ ဒီလိုပဲ ကျွန်တော်ကတော့မြင်ပါတယ်။

မေး။ ။ အခုစစ်ကောင်စီက မြန်မာ့သမိုင်းမှာ မရှိဖူးလောက်အောင် ရွာတွေကို ဗုံးကြဲတယ် မီးရှို့တယ်၊ ဖျက်ဆီးတယ်၊ သတ်ဖြတ်တယ်ပေါ့နော်။ အဓိကကတော့ နေ့တိုင်းလိုလို ရွာတွေကို မီးရှို့နေတာရှိပါတယ်။ အဲ့ဒီတော့ လူထုက ကြာလာလို့ရှိရင် မြန်မာလူထုက ပိုပြီးတော့ နာလာမယ်။ တပြိုင်နက်ထဲမှာပဲ အရင်တော်လှန်ရေးအဖွဲ့အစည်းတွေပေါ်ဖူးတဲ့အခါမှာ တော်လှန်ရေးကြာလာတာနဲ့အမျှ မှေးမှိန်ပျောက်ကွယ်ဖူးတာရှိပါတယ်။ လက်ရှိတော်လှန်ရေးကို ဆရာဘာပြောနိုင်မလဲ။
ဖြေ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် NLD နဲ့ပတ်သက်ပြီး ဝေဖန်သံတချို့လည်း ထွက်ခဲ့တာရှိပါတယ်။ NUG ဟာ ဖြည်းဖြည်းနှေးနှေးအေးဆေးပဲလားဆိုတာမျိုး ဒီလိုဝေဖန်ကြတယ်လို့လည်း ကြားရပါတယ်။ ကျွန်တော့်အမြင်နဲ့ ပြောမယ်ဆိုလို့ရှိရင် ပြည်သူအားလုံးဟာလည်း ဒီတော်လှန်ရေးကို အမြန်ဆုံးအဆုံးသတ်ချင်တယ်။ တော်လှန်ရေးအင်အားစုတွေကလည်း မြန်နိုင်သမျှမြန်မြန် ဒီတော်လှန်ရေးအောင်ပွဲခံချင်တယ်။ အလားတူ NUG မှာလည်း ဒီသဘောဒီဆန္ဒတစ်ထပ်တည်းရှိတယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။သို့သော်တော်လှန်ရေးတစ်ရပ်ဆိုတာက နှေးချင်တိုင်းလည်း နှေးလို့မရဘူး။ မြန်ချင်တိုင်းလည်း မြန်လို့မရဘူး။ အထူးသဖြင့် လက်နက်တပ်ဆင်ရေးကိစ္စတို့ မဟာမိတ်ဆက်ဆံရေးကိစ္စတို့ ဆိုတာက စိတ်ရှိတိုင်း မြန်နိုင်တဲ့ကိစ္စ မဟုတ်ဘူး လို့ပဲ ပြောချင်ပါတယ်။ နှေးတာမြန်တာထက် အရေးကြီးဆုံးကတော့ မှန်ဖို့ပါ။ ကျွန်တော်တို့ ခြေလှမ်းမှန်ဖို့လိုတယ်၊ ခြေလှမ်းမမှားဖို့ လိုတယ်။ဒီတော်လှန်ရေးက တစ်ချက် ခြေလှမ်းအမှားမခံပါဘူး။ NUG အနေနဲ့ အထူးသတိပြုဆောင်ရွက်တာကတော့ ခြေလှမ်းမမှားရေးဖြစ်တယ်လို့ ကျွန်တော်ဒီလိုနားလည်ပါတယ်။

မေး။ ။ မြန်မာပြည်ကိုပဲ ပြောပြော တခြားတိုင်းပြည်တချို့ကိုပဲပြောပြော တော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်တွေက နိုင်ငံခြားတိုင်းပြည်တွေမှာနေပြီး သူတို့ရဲ့မူလတိုင်းပြည်မှာ မရှိဘူးဆိုရင် အဲ့ဒီတော်လှန်ရေးတွေက ပျက်သုဥ်းသွားတာတွေ ကျွန်တော်တို့ မြင်ရလေ့ရှိပါတယ်။ NUG ခေါင်းဆောင်ပိုင်းက ပြည်သူနဲ့အတူ တစ်နည်းအားဖြင့် မြန်မာပြည်တွင်းမှာ ဘယ်လောက်လောက်ရှိလဲလို့ပြောနိုင်သလဲခင်ဗျ။
ဖြေ။ ။ အများစုရှိပါတယ် ဆရာ။ လိုအပ်ချက်အရ အထူးသဖြင့် နိုင်ငံတကာဆက်ဆံရေးအတွက် ခရီးသွားလာရတဲ့ ဝန်ကြီးတချို့ တာဝန်ရှိတဲ့သူတချို့ ရှိပေမယ့် ကျွန်တော်တို့ NUG ရဲ့သမ္မတကြီး၊ ဝန်ကြီးချုပ်ကြီး အပါအဝင် အရေးကြီးတာဝန်ယူထားတဲ့သူအားလုံးဟာ တော်လှန်ရေးနယ်မြေမှာပဲ ရှိနေကြတယ်။ NUG တာဝန်ယူထားတဲ့သူတွေရဲ့ ပိုင်းဖြတ်ချက်ကလည်း ကျွန်တော်တို့နိုင်ငံကို ကျွန်တော်တို့ မစွန့်ဘူး။ ကျွန်တော်တို့ ပြည်သူကို ကျွန်တော်တို့ မစွန့်ဘူး။ ကျွန်တော်တို့ တော်လှန်ရေးနယ်မြေ တော်လှန်ရေးရဲဘော်တွေကို မစွန့်ဘဲနဲ့ အနီးဆုံးမှာ အတူတကွရပ်တည်ပြီးတော့မှ ဒီတော်လှန်ရေးကို ဆင်နွှဲသွားကြမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်လည်း ကျွန်တော်တို့ အားလုံးမှာရှိပြီးသားလို့ ဒါကိုလည်း ကျွန်တော်အသိပေးလိုပါတယ်။
မေး။ ။ ဟုတ်ကဲ့ဆရာ။ နိဂုံးချုပ်အနေနဲ့ လာမယ့်နှစ်အတွက် မြန်မာပြည်သူတွေကို ဆရာဘာများပြောလိုပါသလဲခင်ဗျာ။
ဖြေ။ ။ အခုကျွန်တော်တို့မှာ တစ်နှစ်စီမံချက်ရှိနေပြီ။ ဒီစီမံချက်ကတော်လှန်ရေးရဲ့ အရေးကြီးတာဝန်ကို ယူထားလိုက်ကြတဲ့ NUGကော၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများကော အားလုံးသဘောတူပြီးတော့ လက်တွဲအကောင်အထည်ဖော်နေတဲ့စီမံချက်ဖြစ်တယ်။ အားလုံးကလည်း ဒီစီမံချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ်ဆိုရင် လာမယ့်နှစ်ဟာ တော်လှန်ရေးအဆုံးအဖြတ်ကို ယူနိုင်လိမ့်မယ်လို့လည်း ယုံကြည်ထားပြီးဖြစ်တယ်။ အရေးကြီးဆုံးက ပြည်သူ့တော်လှန်ရေးဖြစ်တယ်။ ပြည်သူရဲ့ထောက်ခံမှုပါဝင်မှု၊ ရပ်တည်မှုက အင်မတန်အရေးကြီးတဲ့အတွက် ပြည်သူအားလုံးလည်း ဇွဲ၊ လုံ့လ၊ သတ္တိမလျော့စတမ်း တော်လှန်ရေးကို ထောက်ခံပြီးတော့မှ ဆက်လက်ပါဝင်ပေးကြပါလို့ ကျွန်တော့်အနေနဲ့ပြောလိုပါတယ်။ ။