NUG ဝန်ကြီးတွေ အမေရိကန်အစိုးရ၊ လွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပြီး အမေရိကန်အစိုးရရဲ့ အကြံပေးပုဂ္ဂိုလ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသား လုံခြုံရေး ကောင်စီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
အမေရိကန်အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အစိုးရတစ်ရပ်ဖြစ်တယ်လို့ တရားဝင် ထုတ်ဖော်ပြောကြားတာ မရှိသေးပေမယ့် တရားဝင်အစိုးရ တစ်ရပ်လို တွေ့ဆုံတာ ဖြစ်တဲ့အတွက် အသိအမှတ်ပြုတဲ့သဘော သက်ရောက်တယ်လို့ ဝန်ကြီး ဦးအောင်မျိုးမင်း က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ စစ်အာဏာရှင် ပြုတ်ကျရေးသာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် မူဝါဒရေးရာကော်မတီ ဖွဲ့စည်းဆောင်ရွက်နေတာ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကို ပြောပြဖို့ရှိသလို အမေရိကန်အစိုးရဆီက ပိုမိုတိကျတဲ့ အကူအညီတွေရရှိနိုင်ရေး ပြောဆိုဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
ဧပြီလ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ လူမျိုးတုံး သတ်ဖြတ်မှုပြတိုက်ရဲ့ ရိုဟင်ဂျာမှတ်တမ်းပြပွဲကို သွားရောက်ခဲ့ပါတယ်။
NUG ရဲ့ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို RFA သတင်းထောက် မဝေမာထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။