ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းလျားလမ်းနေအိမ် NUG ရောင်းချဖို့ စီစဉ်

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.04.21

နွေဦးတော်လှန်ရေးအပြီးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် လက်ရှိ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ မြေယာ၊ အိုးအိမ်နဲ့ တခြားပစ္စည်းတွေကို သိမ်းဆည်း ရောင်းချမှာဖြစ်ပြီး အဲဒီပစ္စည်းတွေကို အများပြည်သူတွေအနေနဲ့ ကြိုတင်ဝယ်ယူနိုင်အောင် အခုလာမယ့် မေလကစပြီး အစုရှယ်ယာတွေအဖြစ် ရောင်းချပေးသွားမှာဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ပြောပါတယ်။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

------

"အင်တာဗျူး ကောက်နုတ်ချက်များ"

၁။ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ မြေယာအိုးအိမ်ပိုင်ဆိုင်မှုတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတွေက မတရားရယူထားတဲ့ မြေယာပစ္စည်းတွေကို NUG က တော်လှန်ရေးအပြီးမှာ ပြန်လည်သိမ်းဆည်းပြီး လေလံတင် ရောင်းချမှာဖြစ်တယ်။

၂။ အဆိုပါ ကာလတွင် သိမ်းဆည်းမည့် မြေယာပစ္စည်းတွေကို လက်ရှိပေါက်ဈေးရဲ့ ၇ဝ ရာခိုင်နှုန်းခန့် လျှော့ချပြီး တန်ဖိုးသတ်မှတ်ကာ အစုရှယ်ယာတွေအဖြစ် ရှေ့လမှာ စတင်ရောင်းချမယ်။ ဥပမာ လက်ရှိ တစ်သိန်းတန်ပစ္စည်းကို သုံးသောင်းခန့်နဲ့ ကြိုပွိုင့်အဖြစ် ရောင်းချမှာဖြစ်ပြီး တော်လှန်ရေးပြီးလို့ ဈေးပြိုင်စနစ်နဲ့ လေလံတင်တဲ့အခါ တစ်သိန်းခွဲရမည်ဆိုလျှင်လည်း လက်ရှိ သုံးသောင်းနဲ့ ဝယ်ယူထားသူအနေနဲ့ တစ်သိန်းခွဲရရှိမှာဖြစ်တယ်။

၃။ ကြိုပွိုင့်အဖြစ်ရောင်းချမယ့် ခြံမြေတွေထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ရှိရယူထားတဲ့ မြေအကျယ်အဝန်း ၂ ဧက နီးပါးရှိ အင်းလျားလမ်း ခြံနံပါတ် (၁၄) လည်းပါဝင်တယ်။ အဆိုပါခြံမြေကွက်နဲ့ အဆောက်အအုံဟာ လက်ရှိပေါက်ဈေးအရ အမေရိကန်ဒေါ်လာ သန်း ၃ဝ ခန့် တန်ဖိုးရှိတယ်။

၄။ ရန်ကုန်တိုင်းတစ်ခုတည်းမှာတင် NUG က ကြိုတင်ရောင်းချမယ့် အာဏာရှင်တွေပိုင် မြေယာဧက စုစုပေါင်း ၄ဝဝ ခန့်နဲ့ ခြံမြေအဆောက်အအုံ ၄ဝ ခန့်ရှိတယ်။

၅။ အများပြည်သူတွေအနေနဲ့ အစုရှယ်ယာတွေကို ကန့်သတ်ချက်မရှိ ဝယ်ယူနိုင်မယ်။

၆။ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတွေက မတရားရယူထားတဲ့ မြေယာတွေကိုလည်း နောင်တော်လှန်ရေးအပြီး တည်ဆောက်မယ့် ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် လုပ်ငန်းရှင်တွေအနေနဲ့ ကြိုတင်ဝယ်ယူနိုင်ရန် ရောင်းချမယ်။

၇။ ၂ဝ၂၁ ခုနှစ် အာဏာာသိမ်းမှုမှာပါဝင်တဲ့ အာဏာာရှင်တွေရဲ့ ခြံမြေပိုင်ဆိုင်ပစ္စည်းတွေကိုသာ NUG က အခု သိမ်းယူမှာဖြစ်ပြီး ယခင်ခေတ်တွေက အာဏာသိမ်းခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရန် မူဝါဒ မရှိပါ။

၈။ စစ်တပ်အာဏာသိမ်းခြင်းရဲ့ အဓိကအချက်မှာ စစ်ခေါင်းဆောင်တွေအနေနဲ့ ရရှိမယ့် စည်းစိမ်ချမ်းသာတွေကို မက်မောတဲ့အတွက် ဖြစ်တယ်။ ဒီလိုလုပ်ဆောင်လို့ မရဘဲ မိမိတို့ ရှိပြီးသား ပိုင်ဆိုင်မှုတွေကိုပါ ဆုံးရှုံးရမယ်ဆိုတဲ့အချက်ကို ကမ္ဘာသမိုင်းမှာ စံနမူနာအဖြစ် တည်ရှိရေးအတွက် အခုလို သိမ်းဆည်းရောင်းချရန် NUG က ဆောင်ရွက်ခြင်း ဖြစ်တယ်။

၉။ အခုလို သိမ်းဆည်းပစ္စည်းများ၊ ရောင်းချရရှိငွေများကို နွေဦးတော်လှန်ရေးအတွက် အသက်ပေး၊ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ အိုးအိမ်တွေ ဖျက်ဆီးမီးရှို့ချေမှုန်းခံရတဲ့ ပြည်သူတွေ ပြန်လည်နာလန်ထူရေးအတွက် သုံးစွဲမှာဖြစ်တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-04-21 21:38

Excellent planning. We accept and no comments