မြန်မာနိုင်ငံ လူ့အခွင့်အရေး စုံစမ်းမယ့် IIMM အဖွဲ့ ကပ်ရောဂါကြောင့် နှောင့်နှေး

ရဲခေါင်မြင့်မောင်
2020.07.02

၂၀၁၈ ခုနှစ် စက်တင်ဘာလက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC ရဲ့ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ IIMM ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါကြောင့် လုပ်ငန်းနှောင့်နှေးမှုတွေ ကြုံနေတယ်လို့ IIMM ရဲ့ အကြီးအကဲ က ပြောပါတယ်။

■ ကုလသမဂ္ဂ ကနေ ဒီ IIMM လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းလိုက်တဲ့ ရည်ရွယ်ချက်နဲ့ တာဝန်တွေက ဘာဖြစ်မလဲ ခင်ဗျ။

"ကုလသမဂ္ဂ ရဲ့ အမြင့်ဆုံး လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ UNHRC က မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တဲ့အတွက် ဒီလေ့လာစုံစမ်းရေး အဖွဲ့ကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီ လွတ်လပ်တဲ့ လေ့လာစုံစမ်းရေးအဖွဲ့ IIMM ကို မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုတွေအတွက် အထောက်အထားတွေကို ရှာဖွေဖို့၊ စုစည်းဖို့၊ ထိန်းသိမ်းထားဖို့နဲ့ လေ့လာသုံးသပ်ဖို့ အခွင့်အာဏာ ပေးအပ်ခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ခြုံငုံမိတဲ့ ဧရိယာက မြန်မာတနိုင်ငံလုံး ပါ၀င်ပါတယ်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ကနေ လက်ရှိအချိန်အထိ မြန်မာနိုင်ငံထဲက လူသားအားလုံးအပေါ်  ခြုံငုံပြီး၊ ဖြစ်ပွားခဲ့တဲ့၊ ဖြစ်နေဆဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးကို လေ့လာစုံစမ်းဖို့ ဖြစ်ပါတယ်။ နောက်ပြီး UNHRC က ပေးထားတဲ့ နောက် တာဝန်တစ်ခုက မြန်မာနိုင်ငံအဆင့်၊  ဒေသတွင်းအဆင့်နဲ့ နိုင်ငံတကာအဆင့် တရားရုံးတွေမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တရားစွဲရုံးတင်စစ်ဆေးတဲ့ နေရာမှာ အသုံးပြုဖို့ အထောက်အထားဖိုင်တွေ တင်ပြပေးဖို့ ဖြစ်ပါတယ်။ အဲဒီ သက်ဆိုင်ရာ တရားရုံးတွေအနေနဲ့ လက်ရှိအချိန်မှာ စီရင်ဆုံးဖြတ်ခွင့် မရှိခဲ့ရင်တောင်မှ နောင်တချိန်မှာ စီရင်စစ်ဆေးခွင့်ရှိလာတဲ့အချိန်မှာ ဒီအထောက်အထားတွေကို အသုံးပြုနိုင်ဖို့လည်း  ရည်ရွယ်တာ ဖြစ်ပါတယ်"

■ ဒီ IIMM အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေဟာ အခြား ICC နဲ့ ICJ တရားရုံးတွေကနေ  လုပ်တဲ့ လေ့လာစုံစမ်းမှုတွေနဲ့ ဘယ်လို ဘယ်လို ကွာခြားပါသလဲ။

"အများကြီး ကွာခြားပါတယ်။ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ဟာ  နိုင်ငံပေါင်း ၁၂၀ လောက် ပါ၀င်လက်မှတ်ရေးထိုးထားတဲ့ သဘောတူစာချုပ် အရ ဖြစ်ပေါ်လာတာပါ။ ဒီစာချုပ်အရ အဖွဲ့ဝင်နိုင်ငံတွေရဲ့  နယ်နမိတ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အချို့သော အမှုတွေ၊ ဒါမှမဟုတ် အဲဒီနိုင်ငံက နိုင်ငံသားတွေ ကျူးလွန်တဲ့ အချို့သော ရာဇဝတ်မှုတွေကို သက်ဆိုင်ရာနိုင်ငံက ရုံးတင် စစ်ဆေးပြီး စီရင်ချက်ချနိုင်တဲ့ အခြေအနေ မရှိဘူးဆိုရင် ICC တရားရုံးကို လွှဲပြောင်းပေးပြီး စစ်ဆေးဆုံးဖြတ်မှု ခံယူဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြောရမယ်ဆိုရင် ICC တရားရုံး အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ ICC တရားရုံးရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်လာတဲ့အတွက် မြန်မာနိုင်ငံက အမှုကို ICC အနေနဲ့ စုံစမ်းစစ်ဆေးပြီး၊ စီရင်ခွင့်ရှိတယ်လို့ ICC တရားသူကြီးအားလုံးက သဘောတူထားကြပါတယ်။ ဒါပေမယ့် ICC တရားရုံးဟာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားတဲ့ ပြင်းထန်တဲ့ နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှု အားလုံးအတွက် စစ်ဆေးစီရင်ခွင့် မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ဒုက္ခသည်တွေ ထွက်ပြေးရအောင် တွန်းပို့လိုက်တဲ့ ပြစ်မှုတွေအတွက်ပဲ စစ်ဆေးစီရင်ခွင့်ရှိတာပါ။

ကုလသမဂ္ဂ  နိုင်ငံတကာ တရားရုံး ICJ ကတော့ နိုင်ငံနှစ်နိုင်ငံအကြား ဖြစ်ပွားတဲ့ အငြင်းပွားမှု အမှုအခင်းတွေကို စေ့စပ်ညှိနှိုင်း ဖြေရှင်းဖို့အတွက် ကုလသမဂက ဖွဲ့စည်းထားတဲ့ အမြင့်ဆုံး ခုံရုံးဖြစ်ပါတယ်။  ICC လိုမျိုး ပြစ်မှုတွေအတွက် တာဝန်ရှိသူတွေကို တစ်ဦးချင်း စုံစမ်းစစ်ဆေးပြီး အရေးယူတာမျိုး မဟုတ်ပါဘူး။ နိုင်ငံနှစ်နိုင်ငံအကြား အငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့အတွက် စီရင်ချက်ချပေးတာ ဖြစ်ပါတယ်။ အခု ဖြစ်နေတဲ့ အမှုမှာ မြန်မာနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှုတွေ မဖြစ်အောင် တားဆီးရေး Genocide Convention ရဲ့ သဘောတူညီချက်တွေကို ချိုးဖောက်တယ်လို့ ဂမ်ဘီယာနိုင်ငံဘက်က စွပ်စွဲပြီး၊ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ လက်ရှိ ICJ တရားရုံးရဲ့ ကြားနာစစ်ဆေးမှုတွေဟာ ဂမ်ဘီယာဘက်က စွပ်စွဲထားသလိုပဲ မြန်မာနိုင်ငံဟာ Genocide Convention သဘောတူညီချက်တွေကို အမှန်တကယ် ချိုးဖောက်ခဲ့တာ ရှိမရှိ ဆိုတာကို အဆုံးအဖြတ်ပေးဖို့ လုပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် နှိုင်းယှဉ် ပြီးပြောရမယ်ဆိုရင် ကျွန်တော်တို့ IIMM အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပိုင်ခွင့်က ICC နဲ့ ICJ တို့ထက် အများကြီး ပိုပြီး ကျယ်ပြန့်ပါတယ်။ ရခိုင်ပြည်နယ်ကဖြစ်ရပ်တွေနဲ့ လူမျိုးစု တခုတည်းအတွက်တင် မကပဲ မြန်မာနိုင်ငံနယ်နိမိတ် တစ်ခုလုံးအတွင်းက လူအားလုံးကို ခြုံငုံမိပါတယ်။"


■ ဒါဆိုအခု လက်ရှိ IIMM အဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကိုလည်း သိပါရစေ။

"ကျွန်တော်တို့ IIMM အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက လုပ်ငန်းစတင် ဆောင်ရွက်နေပါတယ်။ ကျွန်တော်ဆိုရင် မနှစ်က ဇူလိုင်လကတည်းက ပထမဆုံး ၀န်ထမ်းအနေနဲ့ စတင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ အဖွဲ့ ရဲ့ လုပ်ငန်း ဆောင်ရွက်နိုင်စွမ်းကို တည်ဆောက်နေပါတယ်။ အဖွဲ့ရဲ့ လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ရှေ့နေတွေ၊ ဥပဒေ ပညာရှင်တွေ၊ စုံစမ်းစစ်ဆေးသူတွေနဲ့ လေ့လာသုံးသပ်သူတွေကို ဆက်ပြီး ရှာဖွေခန့်အပ်နေပါတယ်။ ၀န်ထမ်းအများစုက နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ဥပဒေကျွမ်းကျင်သူတွေ၊ နိုင်ငံတကာအဆင့် ရုံးတင် စစ်ဆေးတဲ့ အတွေ့အကြုံ ရှိတဲ့သူတွေ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကိုရိုနာကပ်ရောဂါ ဖြစ်ပွားမှုတွေကြောင့် လုပ်ငန်းဆောင်ရွက်မှုတွေ နှောင့်နှေးနေပါတယ်။ ဒါ့အပြင် ကပ်ရောဂါကြောင့် ကုလသမဂ္ဂအဖွဲ့ကြီးက ပေးတဲ့ ရန်ပုံငွေအပေါ်မှာလည်း သက်ရောက်မှု ရှိလာပါတယ်။ လက်ရှိအချိန်မှာတော့ အရင် ကုလအချက်အလက်ရှာဖွေရေး မစ်ရှင်က ထားခဲ့တဲ့ အထောက်အထားတွေ အပေါ်မှာ အခြေခံသုံးသပ်ပြီး နောက်ထပ် ဘယ်လို လေ့လာစုံစမ်းမှုတွေ ထပ်လုပ်မလဲဆိုတာကို အစီအစဉ်တွေ ရေးဆွဲနေပါတယ်။"

■ အရင် ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို မြန်မာနိုင်ငံကို လာရောက်ခွင့် ပိတ်ပင်ထားခဲ့သလို လူကြီးမင်းတို့အဖွဲ့ကို မြန်မာနိုင်ငံကို လာရောက်ခွင့် တရားဝင်  ပိတ်ပင်လိုက်ရင် စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေကို ဘယ်လို ဆက်လုပ်နိုင်မလဲ။

" ဒီလိုကန့်သတ်လိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် အခက်အခဲရှိလာမှာ သေချာပါတယ်။ ကုလလူ့အခွင့်ရေးကောင်စီက ကျွန်တော်တို့ IIMM အဖွဲ့ကို ဖွဲ့စည်းလိုက်တဲ့အချိန်မှာ  မြန်မာ နဲ့ အခြား နိုင်ငံအားလုံးကို အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကလဲ မြန်မာအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရဖို့ ဆက်ပြီး ကြိုးစားနေပါတယ်။ မနှစ်ကတည်းက မြန်မာနိုင်ငံကို သွားရောက်ခွင့်ရဖို့ ကြိုးစားခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ကြိုးစားနေဆဲဖြစ်ပါတယ်။ တစ်ချိန်ချိန်မှာတော့ မြန်မာအစိုးရအနေနဲ့ IIMM ဟာ မြန်မာပြည်သူတွေကို အကူအညီပေးဖို့ ဖွဲ့စည်းထားတာ ဆိုတာရယ်၊ ကျွန်တော်တို့ကို လာအလုပ်လုပ်ဖို့ ခွင့်ပြုပြီး၊ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ခံမှုရှိလာအောင်  အကူအညီပေးတာဟာ အားလုံးအတွက် အကျိုးအရှိဆုံးဖြစ်မယ်ဆိုတာကို နားလည်လာမယ်လို့ မျှော်လင့်ပါတယ်။"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။