စစ်ခေါင်းဆောင်တွေ အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့အထောက်အထား ရှိပြီလား

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.08.22

မြန်မာစစ်တပ်မှာအောက်ခြေက တပ်သားတွေ ရာဇဝတ်မှုကျူးလွန်နေတာကို ထိပ်ပိုင်းခေါင်းဆောင်တွေက အပြစ်ပေးအရေးယူခြင်း ရှိမရှိ ဆိုတဲ့အချက်ကို သက်သအထောက်အထားအဖြစ် စုဆောင်းနေတယ်လို့ ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား IIMM ရဲ့ အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန်က RFA ကို ပြောလိုက်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ အရပ်သားပြည်သူတွေကို သတ်ဖြတ်ဖို့ အောက်ခြေကတပ်သားတွေကို အမိန့်ပေးစေခိုင်းထားတဲ့ အထောက်အထား မရှိဘဲလည်း၊ စွပ်စွဲခံထားရတဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ရှိကြောင်းကို တရားရုံးတွေက ဆုံးဖြတ်နိုင်တဲ့အကြောင်း မစ္စတာ နီကိုလပ်စ် ကုမ်ဂျန်က ပြောပါတယ်။ ကိုရဲခေါင်မြင့်မောင် ဆက်သွယ်မေးမြန်းထားပါတယ်။
___________

RFA - အခုဆိုရင်၊ ICJ၊ ICC တရားရုံးတွေနဲ့ အာဂျင်တီးနားနိုင်ငံက တရားရုံးတွေအပါအဝင် မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးတွေမှာ ရုံးတင်စစ်ဆေးပြီး အပြစ်ပေးဖို့ ကြိုးပမ်းမှုတွေ ရှိနေပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက အောက်ခြေစစ်သားတွေရဲ့ အပြစ်ကျူးလွန်မှုအမျိုးမျိုးကို ပြသတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ မျက်မြင်သက်သေတွေနဲ့ အခြား အထောက်အထာ အမျိုးမျိုး ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ထိပ်ပိုင်းကစစ်ခေါင်းဆောင်တွေကနေ ဒီလို ကျူးလွန်ဖို့ အမိန့်ပေးခဲ့တဲ့ အထောက်အထား ဒါမှမဟုတ် အမိန့်ညွှန်ကြားချက်တွေကိုတော့ မတွေ့ရသေးပါဘူး။ လူကြီးမင်းတို့ IIMM အဖွဲ့မှာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ တာဝန်ရှိမှု၊ ဒါမှမဟုတ် အမိန့်ပေးစေခိုင်းခဲ့တာကို ပြတဲ့အထောက်အထားတွေ ရှိနေပြီလား။

နီကိုလပ်စ် ကုမ်ဂျန်- ဟုတ်ကဲ့။ ကျွန်တော်ဆိုရင် နိုင်ငံတကာအဆင့် ရာဇဝတ်မှုအမျိုးမျိုးအတွက် နှစ်ပေါင်း၂ဝ ကျော် ကိုင်တွယ်ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံအရဆိုရင်၊ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် ထိပ်ပိုင်းခေါင်းဆောင်တွေမှာ တာဝန်ရှိတဲ့အကြောင်း သက်သေပြရတဲ့အပိုင်းက အခက်ခဲဆုံး ဖြစ်ပါတယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ များသောအားဖြင့် ရာဇဝတ်မှုတွေ ဖြစ်ပွားတဲ့နေရာတွေမှာ ရှိမနေပါဘူး။ သူတို့အမိန့်ပေးစေခိုင်းခဲ့တာ ဖြစ်ကြောင်း စာနဲ့ရေးထားတဲ့ အမိန့်ညွှန်ကြားချက်လိုမျိုး အထောက်အထားတွေ တွေ့ရတဲ့ အမှုမျိုးကလည်း အင်မတန်မှ ရှားပါတယ်။ ဒါပေမယ့် သူတို့မှာ တာဝန်ရှိကြောင်း သက်သေပြလို့ရပါတယ်။ အတိတ်ကအမှုတွေကို ပြန်ကြည့်မယ်ဆိုရင် ခေါင်းဆောင်တွေ ကိုယ်တိုင် အမိန့်ပေးစေခိုင်းခဲ့တဲ့ အထောက်အထားရှိမှ အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်တာ မဟုတ်ပါဘူး။ ဒေသတစ်ခုကို စေလွှတ်လိုက်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ရဲ့ လက်အောက်မှာ သတ်ဖြတ်မှုတွေ ထပ်တလဲလဲ ဆက်ဖြစ်နေမယ်၊ အပြောင်းအလဲမရှိဘူးဆိုရင် ဒါဟာ တပ်တစ်ခုလုံးကို ဦးဆောင်နေတဲ့သူတွေရဲ့ ရည်ရွယ်ချက်ဖြစ်ကြောင်း သိသာထင်ရှားတဲ့ အထောက်အထား ဖြစ်ပါတယ်။ တပ်တစ်ခုကို ဦးဆောင်နေသူတွေဟာ အောက်ခြေကတပ်သားတွေ ရာဇဝတ်မှု ကျူးလွန်နေတာကို မတားဆီးနိုင်ရင်၊ ဒါမှမဟုတ် အပြစ်ပေး အရေးယူမှု မရှိရင်လည်း ခေါင်းဆောင်ဖြစ်တဲ့ သူတို့မှာ တာဝန်ရှိပါတယ်။ ဒါကြောင့်မို့၊ ရာဇဝတ်မှုတစ်ခု ဖြစ်သွားတိုင်း၊ စစ်ခေါင်းဆောင်တွေဟာ သေသေချာချာ စုံစမ်းစစ်ဆေးခြင်း ရှိမရှိ၊ နောက်တစ်ကြိမ် ထပ်မဖြစ်အောင် အရေးယူခြင်း ရှိမရှိ ဆိုတဲ့ အချက်ကိုလည်း အထောက်အထားအဖြစ် ကျွန်တော်တို့ စုဆောင်းမှတ်တမ်းတင်ပါတယ်။

RFA - လူကြီးမင်း ကိုယ်တိုင်လည်း ကမ္ဘောဒီးယားနိုင်ငံမှာ ခမာနီခေါင်းဆောင်တွေကို ခုံရုံးတင် စစ်ဆေးတဲ့အမှုတွေမှာ တရားစွဲဆိုသူအဖြစ် ဦးဆောင်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အခု IIMM က နောက်ဆုံး ထုတ်ဝေတဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။ မြန်မာစစ်တပ်က သတ်ဖြတ်မှုတွေကို ထပ်တလဲလဲ ကျူးလွန်နေတဲ့ ပုံစံကို ကြည့်ရင်၊ ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေက ဒီလိုသတ်ဖြတ်မှုတွေကို ကျူးလွန်ဖို့ အားပေးထောက်ခံတာကို ညွှန်ပြနေတယ်လို့ ပြောထားပါတယ်။ ဒါကြောင့် လူကြီးမင်းရဲ့ အတွေ့အကြုံအရပေါ့။ မြန်မာနိုင်ငံက ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင်တွေရဲ့ ပါဝင်မှုကို သက်သေပြဖို့ လုံလောက်တဲ့ အခြေအနေရှိပြီလား။

နီကိုလပ်စ် ကုမ်ဂျန် - ဒါကိုတော့ နောင်တစ်ချိန်မှာ ရုံးတင်စစ်ဆေးမှုတွေ ရှိလာတဲ့အခါမှာ တရားရုံးကပဲ အဆုံးအဖြတ်ပေးရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံက နိုင်ငံတကာရာဇဝတ်မှုတွေအတွက် တရားရုံး စစ်ဆေးမှု သုံးခုစလုံးက ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုတွေအတွက် ဖြစ်နေပါတယ်။ ဒီအမှုတွေက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ အခြား အကြမ်းဖက် တိုက်ခိုက်မှုတွေအတွက် စစ်ဆေးမှာ မဟုတ်ပါဘူး။ အခုအချိန်မှာတော့ ကျွန်တော့်အနေနဲ့ဘာကိုမှ အဆုံးအဖြတ်မပေးချင်ပါဘူး။ တရားရုံးတွေကပဲ ဆုံးဖြတ်ပေးမှာပါ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ကတော့ အရေးကြီးတဲ့ သက်သေအထောက်အထားတွေကို ဆက်လက်စုဆောင်းနေမှာပါ။

RFA - လက်ရှိ IIMM က တရားရုံးတွေ၊ တရားစွဲဆိုသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ရော ဘာများ ပြောပြနိုင်မလဲ။

နီကိုလပ်စ် ကုမ်ဂျန် - ကျွန်တော်တို့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အာဂျင်တီးနား တရားရုံးက ရှေ့နေတွေ၊ တရားသူကြီးတွေနဲ့လည်း ဆက်သွယ်ပြီး သူတို့လိုအပ်တဲ့ အထောက်အထားတွေ မျှဝေပေးနေပါတယ်။ ကုလသမဂ္ဂရဲ့နိုင်ငံတကာတရားရုံး ICJ ရဲ့ အမှုကတော့ ရာဇဝတ်မှုမဟုတ်ဘူးလို့ ဆုံးဖြတ်ချက်ချထားပါတယ်။ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု ကွန်ဗင်းရှင်း သဘောတူညီချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံက တိုင်ကြားလာတာ ဖြစ်တဲ့အတွက် နိုင်ငံနှစ်နိုင်ငံအကြား အငြင်းပွားမှု ဖြစ်ပါတယ်။ ဒါပေမဲ့ ICJ တရားသူကြီးတွေကလည်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်၊ မမြောက် ဆုံးဖြတ်နိုင်ဖို့ အကောင်းဆုံး သက်သေအထောက်အထားတွေ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအမှုအတွက်လည်း ကျွန်တော်တို့ IIMM ကနေ လိုအပ်တဲ့ သက်သေအထောက်အထားတွေ မျှဝေသွားမှာ ဖြစ်ပါတယ်။

RFA - နောက်ပြီး စစ်တပ်မဟုတ်တဲ့ အဖွဲ့တွေက ကျူးလွန်တဲ့မှုခင်းတွေအတွက်ကော၊ IIMM ရဲ့ အထောက်အထား စုဆောင်းမှုအခြေအနေ ဘယ်လိုရှိပါသလဲ။

နီကိုလပ်စ် ကုမ်ဂျန် - ကျွန်တော်တို့ရဲ့လုပ်ပိုင်ခွင့် (mandate)က မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေထဲက အဆင့်တစ်ဆင့်ကို ရောက်လာတဲ့ အမှုတွေကို စုံစမ်းစစ်ဆေးပြီး အထောက်အထား စုဆောင်းဖို့ အတွက်ပါ။ လူမျိုး၊ ဘာသာ၊ နိုင်ငံရေးယုံကြည်ချက်တွေနဲ့ မဆိုင်ပါဘူး။ ဒါကြောင့် စစ်တပ်မဟုတ်တဲ့ အခြားအုပ်စုတွေ ကျူးလွန်တဲ့အမှုတွေကိုလည်း လေ့လာစောင့်ကြည့်ပြီး အထောက်အထားတွေ စုဆောင်းနေပါတယ်။ အထူးသဖြင့် PDF နဲ့ အခြားအဖွဲ့တွေက၊ တိုက်ခိုက်ရေးစစ်သားမဟုတ်ဘူးလို့ ယူဆရတဲ့သူအချို့ကို လုပ်ကြံသတ်ဖြတ်တာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်ပါတယ်။ နိုင်ငံတကာစစ်ဥပဒေတွေအရ စစ်သားမဟုတ်တဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခွင့် မရှိပါဘူး။ ဒါပေမယ့် ဒီအမှုတွေဟာ နိုင်ငံတကာရာဇဝတ်မှုအဆင့် ရောက်မရောက် မသေချာတဲ့အတွက်၊ ကျွန်တော်တို့ရဲ့လုပ်ပိုင်ခွင့်ဘောင်အတွင်းမှာ ရှိမရှိ မသိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဆက်ပြီး စောင့်ကြည့်သွားပါမယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။