မြန်မာ့အရေး မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ မေးမြန်းချက်

2022.05.12

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ပြုလုပ်နေတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံ မတိုင်ခင် မေလ ၁၁ရက်နေ့ကပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ညီလာခံပြင်ပ အလွတ်သဘော အစည်းအဝေးအပြီးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာကို RFA ရဲ့ လက်အောက်ခံ Benar News နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စပြီး ထိတွေ့ဆက်ဆံတော့မယ့် အကြောင်း၊ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ ရဲ့ မူဝါဒတွေရဲ့ ထိရောက်မှု ရှိမရှိ နဲ့ မြန်မာဒုက္ခသည်တွေအရေး ကိစ္စတွေကို ဖြေကြားထားတာ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။

------------------
အာဆီယံအနေနဲ့ ဘာကြောင့် NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဖို့ လိုအပ်တာလဲ။

ပထမဆုံးအနေနဲ့ ကျွန်တော်တို့ စစ်ကောင်စီကို အသိအမှတ်မပြုတာကြောင့်ပါ။ နောက်တစ်ချက်က NUG က မြန်မာပြည်သူတွေ နောက်ဆုံး ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရနဲ့ အနီးစပ်ဆုံး ဖြစ်တဲ့ အဖွဲ့အစည်းဖြစ်တာကြောင့်ပါ။ ဒါ့အပြင် မြန်မာပြည်သူတွေကိုလည်း စိတ်ဓာတ်ရေးရာအရ အားပေးသင့်တယ်လို့လည်း ထင်ပါတယ်။ အခုဆိုရင် မြန်မာစစ်ကောင်စီက NUG ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။ ဝေဖန်သူအချို့ကလည်း NUG ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ကော ဘာပြောချင်ပါသလဲ။ ဒါက တော်တော်ရှုပ်ထွေးတဲ့ကိစ္စပါ။ တစ်ခုက ကျွန်တော်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ပြောဆိုဖို့ အခက်အခဲရှိနေပါတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့အတွက် ရွေးချယ်စရာ သိပ်မရှိပါဘူး။ တစ်ဖက်မှာ စစ်ကောင်စီရှိတယ်။ အခြားတစ်ဖက်မှာ NUG နဲ့ NUCC တို့ ရှိနေတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံစဉ်က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် အာဆီယံအနေနဲ့ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံကြမယ်လို့ သဘောတူခဲ့ပါတယ်။ စစ်ကောင်စီကို ကျွန်တော်တို့ အသိအမှတ်မပြုပေမယ့် သူတို့နဲ့ ထိတွေ့ဆက်ဆံမှု မရှိဘဲ ဘာမှလုပ်လို့မရပါဘူး။ တစ်ချိန်တည်းမှာပဲ NUG ရှိနေတယ်ဆိုတာလည်း ကျွန်တော်တို့ နားလည်ထားပါတယ်။ သူတို့ကိုလည်း လက်ခံအသိအမှတ်ပြုသင့်တယ်လို့ မြန်မာပြည်သူတွေကြားမှာ တောင်းဆိုမှုတွေ ရှိနေပါတယ်။

အာဆီယံရဲ့အခြေခံမူတစ်ခုက အဖွဲ့ဝင်အားလုံးရဲ့ သဘောတူညီချက်ရယူဖို့ပါ။ အခု မြန်မာနိုင်ငံအရေးမှာ ဒီမူကြောင့် အတားအဆီးဖြစ်နေတယ်လို့ ထင်ပါသလား။

အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း အဖွဲ့ဝင်အားလုံးဆီက သဘောတူညီချက်ရယူဖို့ လိုတာကို အာမခံချက်ရှိတဲ့ သဘောလို့ ကျွန်တော်တို့ ရှုမြင်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီး တော်တော်များများက ဒီအချက်ကို အာဆီယံရဲ့ အားနည်းချက်လို့ မမြင်ဘဲ အားသာချက်လို့ မြင်ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ နံပါတ်-တစ် အားလုံးရဲ့ သဘောတူညီချက် ရဖို့နဲ့ နံပါတ်နှစ် လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေ ရှာဖွေဖို့ လိုပါတယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ ဘုံသဘောတူညီချက် ငါးချက်ကို ဖန်တီးခဲ့တာဟာ တကယ်ပဲ တီထွင်ဆန်းသစ်မှု ရှိတဲ့ လုပ်ရပ်ပါ။ အခုအချိန်မှာတော့ အဲဒီ ဘုံသဘောတူညီချက်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ နှစ်ဆတိုးပြီး တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေ ရှာဖွေဖို့ လိုပါတယ်။ အတိတ်ကလည်း အလားတူအဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။ အချို့ကိစ္စတွေမှာ သဘောတူညီမှုရဖို့ အချိန်အလွန်ကြာခဲ့ပါတယ်။ ဒါပေမဲ့ လောလောဆယ်အထိတော့ အဖွဲ့ဝင်အားလုံးရဲ့သဘာတူညီမှုယူဖို့ လိုတဲ့ အခြေခံမူက အလုပ်ဖြစ်တယ်လို့ ထင်ပါတယ်။ ဒီမူကို ဆက်ပြီး စွဲကိုင်ထားတာ ပိုကောင်းပါတယ်။ တစ်ခါတစ်လေမှာ အခက်အခဲဖြစ်စေတာ မှန်ပါတယ်။ သဘောတူညီမှုရဖို့နဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ပိုပြီး တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေ ရှာဖွေဖို့ပဲ လိုပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ရင် အမေရိကန်ပြည်ထောင်စုကိုကော ဘာတွေလုပ်ပေးဖို့ မျှော်လင့်ပါသလဲ။

အမေရိကန်နိုင်ငံဟာ ကျွန်တော်တို့ရဲ့ ဆွေးနွေးဖက် နိုင်ငံတစ်နိုင်ငံအနေနဲ့ လုပ်ပေးလို့ရတာ အများကြီးရှိပါတယ်။ နံပါတ်တစ်က အမေရိကန် နိုင်ငံအနေနဲ့ နေပြည်တော်ကို ဖိအားပေးဖို့ လိုပါတယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံက ကူညီနိုင်တာက ဒုက္ခသည်တွေနဲ့ IDP တွေအရေးအတွက်ပါ။ ဒါနဲ့ ပတ်သက်ပြီး လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့ funding တွေ ချထားတဲ့နေရာမှာ ကူညီပေးလို့ ရပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်နိုင်ငံဘက်က ပွင့်လင်းမြင်သာမှုအရှိဆုံး နည်းလမ်းနဲ့ အကောင်အထည်ဖော်တာကို မြင်ချင်တယ်လို့ ကျွန်တော်နားလည်ထားပါတယ်။ ဒါကြောင့်လည်း ဒါကို အကောင်အထည်ဖော်တဲ့နေရာမှာ စစ်ကောင်စီအပြင် ကုလသမဂ္ဂအဖွဲ့တွေ၊ အာဆီယံနိုင်ငံတွေက အရပ်ဘက်အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာရဲ့ပါဝင်ဆောင်ရွက်မှုရှိအောင် လုပ်ဖို့လိုတဲ့အကြောင်း ကျွန်တော်ပြောခဲ့တာပါ။ နောက်တစ်ခုက ရေရှည်ကိစ္စပါ။ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရာချထားပေးရေးအတွက်ပါ။ ကျွန်တော်တို့ ဒုက္ခသည်အရေး အကြောင်းပြောရင် ရိုဟင်ဂျာတွေ အတွက်တင်မကဘဲ မြန်မာဒုက္ခသည်အားလုံးလို့ ရည်ညွှန်းပြောဆိုတာ ပိုကောင်းမယ် ထင်ပါတယ်။ အခုဆို မြန်မာဒုက္ခသည်နှစ်သိန်းလောက်အထိ မလေးရှားနိုင်ငံမှာ ရှိနေပါတယ်။ အမေရိကန်နိုင်ငံဟာ ဒီမြန်မာဒုက္ခသည်တွေကို နေရာချထားဖို့ အမြောက်အမြား ခေါ်ယူနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်မှာ ကိုဗစ် ကပ်ရောဂါဖြစ်နေတဲ့ အချိန်ကလွဲရင်ပေါ့။ အမေရိကန်နိုင်ငံအနေနဲ့ ဒီဒုက္ခသည်တွေကို နှစ်တိုင်းခေါ်ယူနေကျ အရေအတွက်ထက် ပိုပြီး ခေါ်ယူပေးဖို့ ဆန္ဒရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒါဆိုရင် အထူးသဖြင့် မလေးရှားနိုင်ငံကို ကူညီရာရောက်ပါလိမ့်မယ်။

မလေးရှားအစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက် စစ်ဆေးဖို့ ခွင့်မပြုဘူးလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးများရုံး (UNHCR) က ပြောထားပါတယ်။ အမေရိကန်နိုင်ငံက ဒီဒုက္ခသည်တွေကို ခေါ်ယူမယ်ဆိုရင် မလေးရှားနိုင်ငံအနေနဲ့ ဘာများလုပ်ဖို့ ရှိပါသလဲ။

ကျွန်တော် ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကွာလာလမ်ပူမြို့ UNHCR ရုံးက ညွှန်ကြားရေးမှုးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ မတိုင်ခင်ကတည်းကလည်း ဒီဒုက္ခသည်တွေနဲ့ ခိုလှုံခွင့် လျှောက်ထားသူတွေအရေးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲတဲ့အပိုင်းကို ပိုကောင်းလာအောင် ဘယ်လို လုပ်ကြမလဲဆိုတာ UNHCR နဲ့ မလေးရှား အစိုးရ ဌာနတွေ အကြားမှာ ပြောဆို ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ဒီ ညီလာခံအပြီးမှာ ဆက်လုပ်သွားပါမယ်။ ကျွန်တော်တို့အနေနဲ့ မတူညီမှုတွေကို ညှိနှိုင်းပြီး၊ ဒုက္ခသည်တွေ ကြုံနေရတဲ့ အခက်အခဲတွေအတွက် အဖြေရှာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒုက္ခသည် အရေးနဲ့ ပတ်သက်ရင် မလေးရှား နိုင်ငံအနေနဲ့ ကြုံနေရတဲ့ စိန်ခေါ်မှု နှစ်ခုရှိပါတယ်။ နံပါတ်တစ်က ဒုက္ခသည်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးဖို့ပါ။ သူတို့ကို ဘယ်လုပ်ငန်းကဏ္ဍတွေမှာ ဘယ်လို အလုပ်လုပ်ကိုင်ခွင့်ပေးမလဲ ဆိုတာ တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းနိုင်ဖို့ လိုနေပါတယ်။ အထူးသဖြင့် ကိုဗစ် ကပ်ရောဂါ ဖြစ်နေတဲ့အတောအတွင်း နိုင်ငံခြား လုပ်သားတွေ ခေါ်ယူတာကို ရပ်တန့်ထားတဲ့အတွက်၊ အခွင့်အလမ်းတွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာဒုက္ခသည် နှစ်သိန်းကျော်အပါအဝင် မလေးရှားမှာ ရောက်နှင့်ပြီးနေတဲ့ ဒုက္ခသည်တွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ ဒုက္ခသည်တွေရဲ့ ပညာရေးအတွက်ပါ။ အခုအချိန်မှာ ALC လို့ခေါ်တဲ့ ပညာသင်ကြားရေး စင်တာ ၄၈ ခုကို အရပ်ဖက်အဖွဲ့အစည်းတွေက ဖွင့်ထားပါတယ်။ အချို့က မလေးရှားပညာရေးဝန်ကြီးဌာနနဲ့ မှတ်ပုံတင်ထားတာ မရှိသေးပါဘူး။ အခုအချိန်မှာ ALC အားလုံးကို မှတ်ပုံတင်ဖို့နဲ့ တိုးချဲ့ဖွင့်လှစ်ဖို့ လုပ်သွားပါမယ်။ အခုအချိန်မှာ ဒုက္ခသည်ကလေးငယ်တွေ၊ အထူးသဖြင့် မြန်မာနိုင်ငံက လာတဲ့ ဒုက္ခသည်ကလေးငယ်တွေရဲ့ ၂၅ ရာခိုင်နှုန်းလောက်ပဲ ကျောင်းတက်နိုင်ကြပါတယ်။ ဒါက ကျေနပ်စရာ မရှိပါဘူး။ ဒီ ALC ပညာသင်ကြားရေး စင်တာမှာ ပညာသင်ကြားပြီး အောင်မြင်လာတဲ့ ကလေးတွေ တက္ကသိုလ်တွေ ဆက်တက်နိုင်ဖို့လည်း အခက်အခဲရှိနေပါတယ်။ အခုအချိန်မှာ ALC စင်တာတွေကနေ ကျောင်းတက်ပြီး အောင်လာတဲ့ ကလေးတွေ တက္ကသိုလ်ဆက်တက်နိုင်ဖို့ သင့်တော်တဲ့ အမှတ်ပေးစနစ်မျိုး မရှိသေးပါဘူး။ အဲဒီအတွက်လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ အာဆီယံအဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ ရှေ့ဆက်ဖို့ ခက်ခဲနေတဲ့အချိန်မှာ တစ်နိုင်ငံချင်းအနေနဲ့ စစ်ကောင်စီကို ဖိအားပေးဆောင်ရွက်ဖို့ကော ဖြစ်နိုင်မလား။

ကျွန်တော်တို့က အာဆီယံတစ်ဖွဲ့လုံးအနေနဲ့ အလုပ်လုပ်နေတာကို ဆက်ထိန်းထားဖို့ ဆန္ဒရှိပါတယ်။ ဖိအားပေးဆောင်ရွက်တာနဲ့ ပတ်သက်ရင် အဖွဲ့ဝင်နိုင်ငံအားလုံးဆီက လာတာပဲ ဖြစ်ဖို့ လိုပါတယ်။ NUG နဲ့ ဖြစ်ဖြစ် NUCC နဲ့ဖြစ်ဖြစ် ထိတွေ့ ဆက်ဆံမှုတွေ လုပ်မယ်ဆိုရင်လည်း အာဆီယံ တစ်ဖွဲ့လုံးအနေနဲ့ လုပ်တာပဲ ဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့်လည်း ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့ အစည်းအဝေးအားလုံးနဲ့ ဒီနေ့ လုပ်တဲ့အစည်းအဝေးအထိ အဲဒီအချက်ကိုပဲ ပြောခဲ့ပါတယ်။

မကြာခင်က ပက်ထရိုနာ့စ် ကုမ္ပဏီဟာ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက စီးပွားရေး ဆုံးဖြတ်ချက် သက်သက်ပဲလား။

ဒါကစီးပွားရေးဆုံးဖြတ်ချက် သက်သက်ပါပဲ။ ဒါပေမယ့် ပြဿနာအချို့ ရှိခဲ့တဲ့အတွက် ချောချောမွေ့မွေ့ မဖြစ်ခဲ့ပါဘူးလို့ သိထားပါတယ်။ ကျွန်တော် သိထားတာကတော့ ဒါက စီးပွားရေး ဆုံးဖြတ်ချက် သက်သက်ဖြစ်တယ်ဆိုတာရယ်၊ အခုလို ထွက်ခွာလိုက်တဲ့အတွက် ပက်ထရိုနာ့စ်အတွက် နစ်နာဆုံးရှုံးမှုအချို့ရှိခဲ့တယ်ဆိုတာပါ။

လာမယ့် ၁၄ရက်နေ့မှာ NUG အစိုးရ နိုင်ငံခြားရေး ဝန်ကြီးနဲ့တွေ့တဲ့အခါ ဘာတွေပြောဖို့ မျှော်လင့်ထားပါသလဲ။

ကျွန်တော်တို့ မလေးရှားအစိုးရနဲ့ မလေးရှား ပြည်သူတွေက မြန်မာပြည်သူတွေကို ထာဝရ အားပေးထောက်ခံနေတယ်ဆိုတာ ပြောဖြစ်မယ် ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သွယ်ဝိုက်တဲ့ နည်းလမ်းတွေနဲ့ကော၊ တရားဝင်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ပါ သူနဲ့ သူ့အစိုးရအဖွဲ့ကို အားပေးကူညီချင်ပါတယ် ဆိုတာလည်း ပြောသွားပါမယ်။ ဒါအပြင်၊ ကျွန်တော့်အနေနဲ့ မြန်မာပြည်သူတွေ ဘယ်လို ပုံစံနဲ့ ရှေ့ဆက်သွားကြမလဲဆိုတာ နဲ့ ပတ်သက်ပြီး သူ့ဆီက သတင်းစကားနဲ့ အကြံညဏ်တွေကိုလည်း နားထောင်ပါမယ်။ သူနဲ့ တွေ့ဆုံတာက ထိတွေ့ဆက်ဆံမှုတွေ လုပ်တဲ့သဘောအပြင်၊ ဒီမိုကရေစီရဖို့ ရုန်းကန်နေတဲ့ မြန်မာပြည်သူတွေနဲ့ တစ်သားတည်း ရှိကြောင်း ပြချင်တာလည်း ပါပါတယ်။ မလေးရှားဟာ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒီမိုကရေစီ ရဖို့ ကြိုးစားနေတဲ့ ဘယ်နိုင်ငံကိုမဆို ထောက်ခံသွားမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။