မြန်မာတွေကို နေရပ်ပြန်မပို့ဖို့ မလေးရှားလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023.04.05

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးမှုနဲ့ ဖမ်းဆီးခံရမယ့် အန္တရာယ်တွေကြောင့် အိမ်နီးချင်းနိုင်ငံတွေကို နည်းမျိုးစုံနဲ့ သွားရောက်နေသူတွေ တစ်နေ့တခြား များပြားလာနေပါတယ်။ အဲဒီလိုသွားရောက်ခိုလှုံနေသူတွေအနက် တချို့ကို သက်ဆိုင်ရာနိုင်ငံတွေက ဖမ်းဆီးအကျဉ်းချတာတွေ၊ မြန်မာနိုင်ငံပြန်ပို့တာတွေ ရှိနေပါတယ်။ အဲဒီ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့အဖွဲ့ တစ်ခုကတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အခြေစိုက် Asia Pacific Refugee Rights Network ကို ထူထောင်သူ Lilianne Fan ဖြစ်ပါတယ်။ သူမဟာ ဂက်တာညို ဖောင်ဒေးရှင်း (Geutanyoe Foundation)ရဲ့ ညွှန်ကြားရေးမှူးလည်း ဖြစ်ပါတယ်။

မလေးရှားနိုင်ငံရောက် မြန်မာတွေဖမ်းဆီးခံရမယ့် အန္တရာယ်က ကာကွယ်ပေးဖို့အတွက် သူတို့အဖွဲ့အနေနဲ့ ဘာတွေ ဆောင်ရွက်ပေးနေပါသလဲလို့ RFA ကမေးမြန်းခဲ့ရာမှာ-

“သူတို့ပထမဆုံးလိုအပ်တာကတော့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ထုတ်ပေးတဲ့ အသိအမှတ်ပြုကတ်ပြား ရရှိရေးပါပဲ။ အဲဒီကဒ်ပြားရရှိဖို့ကလည်း သိပ်တော့မလွယ်ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာလူမျိုးအလိုက်ခေါင်းဆောင်တွေကို ဘာတွေလုပ်ဆောင်ရမယ်ဆိုတာ ကျွန်မတို့က ပညာပေး ရှင်းပြပါတယ်။ ဥပမာ ရိုဟင်ဂျာခေါင်းဆောင်၊ ကချင်ခေါင်းဆောင် စတဲ့ သူတွေကို တွေ့ဆုံပြီး ဒုက္ခသည်တွေအနေနဲ့ သူတို့ဘာလို့ မူရင်းနိုင်ငံကထွက်ပြေးလာတာလဲစသဖြင့် လိုအပ်ချက်တွေကိုမေးမြန်းရမှာ ဖြစ်ပါတယ်။ အဲဒီအင်တာဗျူးမှာ သိရှိလာရတဲ့အချက်တွေပေါ်မူတည်ပြီး သူတို့ကို မိသားစုတွေနဲ့အတူ သက်ဆိုင်ရာအဖွဲ့အစည်းတွေထံကနေ သက်သေခံကတ်ပြားနဲ့ တခြားအကူအညီတွေရရှိရေးအတွက် ကုလနဲ့ တခြားအဖွဲ့အစည်းတွေကို ကျွန်မတို့က တင်ပြရပါတယ်။ ဒါ့အပြင် ကျွန်မတို့ဟာ မလေးရှားရှိ နိုင်ငံရေးပါတီပေါင်းစုံက လွှတ်တော်အမတ်တွေ၊ အစိုးရအာဏာပိုင်တွေကိုလည်း ချဉ်းကပ်ပြီး ဒုက္ခသည်ဆိုင်ရာမူဝါဒတွေကို ပြန်လည်သုံးသပ်စဉ်းစားဖို့ ပြောဆိုနားချနေတာတွေ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့။ ကျွန်မတို့ မလေးရှားနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို တရားဝင်အသိအမှတ်ပြုထားခြင်း မရှိတဲ့အတွက် သူတို့မှာ UNHCR ကတ်ပြားရှိရင်တောင် ဖမ်းဆီးခံရနိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့က လွှတ်တော်အမတ်တွေ၊ အစိုးရအာဏာပိုင်တွေကို တွေ့ဆုံပြီး ဒုက္ခသည်တွေအတွက် သူတို့ကူညီနိုင်မယ့်နည်းလမ်းတွေ အခြေအနေတွေကို ရှင်းပြပြောဆိုတာတွေရှိပါတယ်။ ဥပမာ ခိုလှုံခွင့်လျောက်ထားသူအများအပြား လူဝင်မှုထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံနေရပါတယ်။ သူတို့ကို UNHCR နဲ့ ဆက်သွယ်တွေ့ဆုံခွင့်ပြုဖို့ နဲ့ မူရင်းနိုင်ငံကို ပြန်ပို့တာတွေ မလုပ်ဖို့ ပြောနေပါတယ်။”

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း မြန်မာစစ်တပ်ကထွက်ပြေးလာသူတွေအပါအဝင် ရောက်ရှိခိုလှုံနေသူ တချို့ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးပြီး မြန်မာနိုင်ငံပြန်ပို့ခဲ့တာကို သိပါသလားလို့ မေးမြန်းရာမှာတော့ သူက-

“ဟုတ်ကဲ့။ ကျွန်မတို့သိပါတယ်။ အဲဒါကတော့ အတော်ကံမကောင်းတဲ့ကိစ္စပါပဲ။ အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်အမတ်တွေနဲ့ အစိုးရပိုင်းတွေကိုရော နိုင်ငံတကာအဖွဲ့အစည်းတွေကိုပါ ကျွန်မတို့ တိုက်ရိုက်တင်ပြခဲ့ပါတယ်။ အဲဒီသူတွေဟာ မြန်မာပြည်ကနေ အာဏာသိမ်းစစ်တပ် ဖမ်းဆီးခံရမယ့် အန္တရာယ်က ထွက်ပြေးလာသူတွေဖြစ်ပါတယ်။ သူတို့အထဲမှာ ထင်ရှားကျော်ကြားသူတွေ၊ မြန်မာစစ်တပ်ကထွက်ပြေးလားပြီး ခိုလှုံခွင့်လျှောက်ထားသူတွေပါဝင်ပါတယ်။ ကံဆိုးတာကတော့ သူတို့မှာ UNHCR ကတ်ပြားမရှိသေးပါဘူး။ ဒါကြောင့် လူဝင်မှုကြီးကြပ်ရေးက အထောက်အထားမဲ့ ခိုးဝင်လာသူတွေအဖြစ် သတ်မှတ်ပြီး ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပါတယ်။ ပြဿနာကတော့ ကုလသမဂ္ဂဒုက္ခသည်ကဒ်ပြားရဖို့ဆိုတာ ကြန့်ကြာခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်တဲ့အတွက် ဒီလိုကတ်ပြားမရသေးသူတွေဟာ ဖမ်းဆီးခံရမယ့် အန္တရာယ်ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ကအစိုးရ အာဏာပိုင်တွေကို တွေ့ဆုံပြီး ဒုက္ခသည်တွေအနက် တချို့က ဘဝတဝမ်းတခါးအတွက် ရောက်ရှိလာကြတာရှိသလို တချို့ကတော့ ပြည်တွင်းမှာ အန္တရာယ်ရှိလို့ ထွက်ပြေးရောက်ရှိလာကြသူတွေ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ပြန်ပို့ခံရရင် အသက်ဆုံးပါးတဲ့အထိ အရေးယူခံရနိုင်ပါတယ်။ ဒါကြောင့် ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်ခုမဟုတ်ပေမယ့်လည်း အန္တရာယ်ရှိသူတွေကို ဘယ်နိုင်ငံကမှ ဖမ်းဆီးပြီး ပြန်ပို့တာတွေ မလုပ်သင့်ကြောင်း၊ ဒါဟာ နိုင်ငံတကာလုပ်ထုံးလုပ်နည်း ဖြစ်ကြောင်း စသဖြင့် အစိုးရအာဏာပိုင်တွေကို ကျွန်မတို့ တိုက်တွန်းနေတာတွေ ရှိပါတယ်ရှင်။”

Ms. Lilianne Fan ကို မြန်မာပြည်ရဲ့လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့

“လက်ရှိမြန်မာပြည်မှာ စစ်တပ်ကို ပြည်လည်ခုခံတွန်းလှန်နေတဲ့ အံ့သြဖွယ်တော်လှန်ရေးသမားတွေ ရှိနေသလို အသက်ဘေးအတွက် ထွက်ပြေးနေရသူတွေလည်း အများကြီးရှိနေပါတယ်။ ပဋိပက္ခတွေကလည်း ပိုမို ပြင်းထန်လာနိုင်တဲ့အတွက် အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် လုံခြုံမှုက မရှိသလောက်ပါပဲ၊ ဒါကြောင့် အဲဒီပြဿနာတွေပြေလည်ဖို့ ကာလကြာမြင့်ဦးမှာပဲလို့ ကျွန်မတို့ ယူဆပါတယ်။ ဒါကြောင့် ကျွန်မတို့ မလေးရှားလို အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို အကာအကွယ်ပေးရေးအတွက် ပိုမိုအရေးပါတဲ့ကဏ္ဍကနေပါဝင်ဖို့ အင်မတန်အရေးကြီးပါတယ်ရှင်။”

တစ်ဆက်တည်းမှာပဲ Ms. Lilianne Fan က ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိနေခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့အတွက် တိုးတက်ဖြစ်ပေါ်မှုတွေ တစ်စစီပြုကျပျက်စီးသွားခဲ့တာကတော့ အင်မတန် ကံဆိုးတဲ့ဖြစ်ရပ်တစ်ခုပါပဲလို့လည်း RFA ကို ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။