နှင်းဆီပါတီအပါအဝင် USDP နဲ့ပြိုင်မယ့် ပြည်ထောင်စုပါတီတွေပေါ်လာမယ်လို့ ဒေါက်တာအေးမောင်ပြော

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.01.31

ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီက ၂၀၂၃ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြည်နယ်အဆင့်ပါတီအနေနဲ့ မှတ်ပုံတင်ရေး ပါတီတွင်းဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီလို့ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ထိပ်တိုက်ယှဉ်ပြိုင်ဖို့ ပြည်ထောင်စုအဆင့်မှာ NLD မဟုတ်တဲ့ တခြားပါတီကြီးတွေ ပေါ်လာမှာဖြစ်ပြီး ဖမ်းဆီးခံ ဦးကျော်မြင့်ဦးဆောင်ခဲ့တဲ့ နှင်းဆီပါတီက လူဦးရေသုံးသိန်းကျော်နဲ့ ပြန်လည်မှတ်ပုံတင်လာဖို့ရှိသလို တိုင်းရင်းသားပါတီတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ ရှိတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

မြန်မာ့နိုင်ငံရေးအခင်းအကျင်း အကောင်းဘက်ပြောင်းလဲဖို့ ရွေးကောက်ပွဲကသာ ထွက်ပေါက်တစ်ခုဖြစ်ပြီး ၂၀၂၃ ရွေးကောက်ပွဲအလွန်ကာလဟာ ၁၉၉၀ ရွေးကောက်ပွဲအလွန်ကာလလို ဖြစ်လာမှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာဆိုရင်လည်း နေရာလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေး စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA ကြား ညှိနှိုင်းမှုတွေရှိနိုင်သလို AA ဘက်ကလည်း ရွေးကောက်ပွဲကို ခွင့်ပြုနိုင်တယ်လို့ ယူဆကြောင်း သူ့အမြင်ကို ပြောပါတယ်။

ရခိုင့်ဦးဆောင်ပါတီရဲ့ ရွေးကောက်ပွဲအပေါ်ပြင်ဆင်မှု၊ ဒေါက်တာအေးမောင်ရဲ့ နိုင်ငံရေးရည်မှန်းချက်၊ သုံးသပ်ချက်တွေကို သိရအောင် ဒေါက်တာအေးမောင်ကို "RFA နှင့်စကားပြောခြင်း" အစီအစဉ်ကနေ မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။