လူသားချင်းစာနာမှုအကူအညီပေးဖို့နဲ့ NUG ကိုအသိအမှတ်ပြုဖို့ နိုင်ငံတကာကို KNU တိုက်တွန်း

ခင်မောင်စိုး
2022.12.23

နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေကို အမြန်ဆုံးပေးနိုင်မယ်ဆိုရင် စစ်ကောင်စီကို တော်လှန်ရေးအဖွဲ့တွေက ပိုမိုထိရောက်စွာတိုက်ခိုက်နိုင်မှာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒို စောတောနီး က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် သူတို့ KNU နဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်နေတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံးအသိအမှတ်ပြုဖို့လိုအပ်နေတယ်လို့လည်း သူက ပြောပါတယ်။ ပဒို စောတောနီးကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တော်လှန်ရေးနယ်မြေတစ်နေရာမှာ တွေ့ဆုံမေးမြန်းထားပါတယ်။
----

"စကစဆီက လွှတ်လိုက်တဲ့တပ်တွေက သိရသလောက်ဆို စိတ်ဓာတ်ယိုယွင်းပြီးတော့ တစ်နှစ်၊ နှစ်နှစ်အတွင်းကို နားချိန်မရ ပြန်ချိန်မရတော့ သူတို့ထွက်ပြေးတာလည်း တော်တော်များတယ်။"

■ မေး။ ။ ပဒိုစောတောနီးခင်ဗျ လက်ရှိစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNU တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားမှုအခြေအနေ ဘယ်လိုရှိပါသလဲ ခင်ဗျာ။

ဖြေ။ ။ ပြောရမယ်ဆိုရင် တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေက မရပ်မနားပဲလို့ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုဝင်ဘာလရဲ့ လချုပ်စာရင်း ပြန်ကြည့်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့နယ်မြေထဲမှာ ၃ဝဝ နီးပါး ဖြစ်တယ်လေ။ အဲ့မှာပြန်ကြည့်လိုက်တဲ့အခါမှာ တပ်မဟာအသီးသီးမှာ တိုက်ပွဲတွေဖြစ်နေတယ်။ အများဆုံးဖြစ်ခဲ့တာ တပ်မဟာ ၅ ပေါ့နော်။ ဒါပေမဲ့ စစ်ကောင်စီဘက်က အသေအပျောက်အများဆုံးက တပ်မဟာ ၆ ထဲမှာဖြစ်နေတယ်။ နေ့တိုင်းလိုလိုဖြစ်နေတဲ့ကိစ္စကျတော့ ပြန်ပြီးတော့ ကြည့်မယ်ဆိုရင် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၁ ကနေ အခု ၂၀၂၂ အောက်တိုဘာလအထိ စာရင်းချုပ်လိုက်တဲ့အခါမှာ တိုက်ပွဲပေါင်း ၇၀၀၀ ပြည့်ဖို့တောင် ၃ ကြိမ်ပဲ လိုတယ်။ အခုနိုဝင်ဘာလ ထည့်ပေါင်းလိုက်ရင် ၇ ထောင်ကျော်သွားပြီ။ ကျွန်တော်တို့ အနေအထားက စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာကော အာဏာသိမ်းမှုကို လုံးဝလက်မခံတဲ့ အနေအထားမှာ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေရှိနေပါတယ်။ ဆက်လည်း ဖြစ်နေမှာပဲ။

မေး။ ။ အဲဒီကာလအတွင်းမှာ နှစ်ဘက်ထိခိုက်ကျဆုံးမှု ဒဏ်ရာရမှုအခြေအနေကကော ဘယ်လိုရှိပါသလဲ ခင်ဗျ။

ဖြေ။ ။ ထိခိုက်ကျဆုံးမှုကတော်တော်များတယ်။ စစ်ကောင်စီဘက်ကလေ။ အထူးသဖြင့် မြေပြင်တပ်တွေရဲ့ အခြေအနေတွေက တော်တော်လေးကို စိတ်ဓာတ်တွေ ယိုယွင်းပြီး ထွက်ပြေးတဲ့သူက တော်တော်များတယ်။ အထူးသဖြင့် ကျွန်တော်တို့ တပ်မဟာ ၆ ထဲမှာ ပိုပြီးတော့သိသိသာသာဖြစ်တယ်။ စကစဆီက လွှတ်လိုက်တဲ့တပ်တွေက သိရသလောက်ဆို စိတ်ဓာတ်ယိုယွင်းပြီးတော့ တစ်နှစ်၊ နှစ်နှစ်အတွင်းကို နားချိန်မရ ပြန်ချိန်မရတော့ သူတို့ထွက်ပြေးတာလည်း တော်တော်များတယ်။ ကျွန်တော်တို့ဆီမှာ ထွက်ပြေးလာတဲ့ဦးရေ အရင်ကထက် မကြုံဖူးအောင် များနေတယ်ဆိုတာ ဒါလက်တွေ့ အခြေအနေပဲ။ အသေအပျောက်စာရင်းကတော့ ကျွန်တော်ကိုယ်တိုင်က စာရင်းမချုပ် နိုင်သေးတဲ့ အခါကျတော့ ရာကျော်အထက်မှာပဲရှိတယ်။ အနေအထားကတော့ အရင်ကထက်လုံးဝမတူတော့ဘူး။ မြေပြင်တပ်တွေရဲ့ အခြေအနေကတော့ လေတပ်အကူမပါဘူးဆိုရင် ဘာမှ မလုပ်ချင်တော့ဘူး။ သူတို့ရှိနေတဲ့ဘယ်လောက်များများ အထူးသဖြင့် ခဲယမ်းမီးခြောက်တွေ ပုံအောပြီးရှိနေရင်တောင် အလွယ်တကူနဲ့လက်နက်ချတဲ့ အနေအထားတွေ ခဏခဏကြုံတွေ့နေရတယ်။

မေး။ ။ ရာဂဏန်းဆိုတာ စစ်ကောင်စီ တပ်ဖွဲ့ကို ပြောတာလားခင်ဗျ။

ဖြေ။ ။ ဟုတ်ပါတယ်။ ရာဂဏန်းဆိုတာတောင် ထောင်ဂဏန်းနားကိုရောက်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ချုပ်လိုက်တဲ့ နိုဝင်ဘာလ တစ်လထဲမှာမှ ၈၀ လောက်သေနေတဲ့ဟာကြီးလေ။ တချို့လတွေက ဒီထက်အများကြီး ရာကျော်ပြီးသေတယ်လေ။ အခု နှစ်နှစ်ဆိုတော့ ဂဏန်းအရေအတွက်တော်တော်မြင့်မယ်လို့ ပြောလို့ရတယ်။


မေး။ ။ ပဒိုတို့ဘက်က ထိခိုက်ကျဆုံးမှုကကော ဘယ်လောက်ရှိလဲခင်ဗျ။

ဖြေ။ ။ အတိအကျပြောလို့ မရဘူးဆိုပေမယ့် ရံဖန်ရံခါ တစ်ယောက် နှစ်ယောက် ကျတတ်ပါတယ်။ တိုက်ပွဲစစ်ဖြစ်တာလေ ဒါကတော့ ဒီလိုမျိုးပဲရှိမှာပါ။

မေး။ ။ လက်ရှိမှာ ကရင်တိုင်းရင်းသားတွေထဲမှာ တော်လှန်ရေးအဖွဲ့က တစ်ခုတည်းမဟုတ်ဘဲ ရှိနေတာပေါ့နော်။ အဲ့တော့ ကရင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအားလုံး ပေါင်းစည်းနိုင်မယ့် အခြေအနေ အလားအလာကော ဘယ်လိုများရှိပါသလဲ ခင်ဗျ။


ဖြေ။ ။ အဲ့အခြေအနေပြောရမယ်ဆိုရင် ကျွန်တော်တို့ ကြိုးစားလာတာ ၂၀၁၂ ကတည်းက ကရင့်လက်နက်ကိုင်အဖွဲ့များပြန်လည်ပေါင်းစည်းရေး ကော်မတီဆိုတာ ဖွဲ့စည်းခဲ့တယ်။ အဲ့ကတည်းကစပြီး ရံဖန်ရံခါ ကျွန်တော်တို့ တွေ့တယ်။ နောက်ပြီးတော့ ပူးတွဲလုပ်ဆောင်နိုင်မယ့် အနေအထားတစ်ခုခုရှိမလားဆိုပြီး ကျွန်တော်တို့ တိုင်ပင်နေကြတာရှိတယ်။ အချိန်ကာလအားဖြင့်တော့ ပြောရမယ်ဆိုရင် ၁၀ နှစ်နီးပါး ရှိပြီလို့ပြောလို့ရတာပေါ့။ အခုက ၂၀၂၂ ဆိုတော့။ တိုးတက်မှုရှိသလားမေးတဲ့အခါမှာ ကျွန်တော်တို့ ပြောရမှာ ကရှိတယ်လို့လည်းပြောလို့ရတယ်။ အဲ့ဒီအချိန်ကတည်း စပြီးသတိထားမိတာ ကျွန်တော်တို့ အချင်းချင်းကြားမှာ အထူးသဖြင့် ဒီအဖွဲ့တွေက စစ်အာဏာရှင်အဖွဲ့နဲ့ နားလည်မှုယူပြီးတော့ လုပ်နေတဲ့ အပိုင်းတွေ ရှိတဲ့အခါကျတော့ အဲ့အချိန်မှာ တော်တော်လေး ပဋိပက္ခတွေဖြစ်ခဲ့တယ်။ အထူးသဖြင့် ၁၉၉၄၊ ၉၅ DKBA ပေါ်ကာစ ဆိုတော့။ တော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်ကာလမှာ ပဋိပက္ခ ရှိသေးတယ်ဆိုပေမယ့် အရင်ကထက် အရမ်းကို လျော့နည်းသွားပြီ ဆိုတာပြောလို့ရတယ်။ ဒီနှစ်ဒီကာလမှာ သူ့အဖွဲ့ ကိုယ့်အဖွဲ့ သူ့အခြေအနေ၊ ကိုယ့်အခြေအနေ မူဝါဒ တစ်ခုထဲအောက်မှာ မရှိနိုင်ဘူးဆိုပေမယ့် ပဋိပက္ခ ရှောင်ရှားနိုင်ရေးအတွက်ကတော့ သက်ဆိုင်ရာ ခေါင်းဆောင်တွေ တော်တော်လေးသတိထားပြီး လုပ်ဆောင်နေတယ်။ လုပ်လည်း လုပ်နေတယ်ဆိုတာ အသိအမှတ်ပြုရမှာပဲ။ ကျွန်တော်တို့လုပ်နေတဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးစနစ်မှာ အနည်းဆုံးအဆင့် ကူပြီးတော့ မတိုက်နိုင်ရင်တောင် ဝင်ပြီးတော့ မနှောင့်ယှက်ကြနဲ့ ပြဿနာမရှာကြနဲ့ အနေအထား။ ဒါကတော့ ကျွန်တော်တို့ တိုးတက်မှုလို့ပြောရမှာပဲ။ ဒါအရင်ကမရခဲ့တဲ့ဟာကို အခုရနေပြီဆိုတော့။

2019-01-31T091750Z_1359707911_RC1EE7E11340_RTRMADP_3_MYANMAR-REBELS.JPG
ကရင်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားတွင် တွေ့ရသည့် ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်ဖွဲ့ဝင်များ။ (Photo: Reuters)

မေး။ ။ တစ်ခုမေးပါရစေ။ ကျွန်တော်ကြားတဲ့ သတင်းအရ ကရင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေက တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပြည့်ပြည့်စုံစုံ ပေါင်းစည်းခြင်းမရှိဘူးဆိုရင်တောင်မှ သွယ်ဝိုက်သောအားဖြင့် လိုအပ်တဲ့အချိန်မှာ အပြန်အလှန် ကူညီပေးနေတာမျိုးတွေရှိတယ်။ အဲ့ဒါ ဟုတ်လားခင်ဗျာ။


ဖြေ။ ။ အဲ့ဒီမေးခွန်းကလည်း ကျွန်တော်တော်တော်များများ အမေးခံရတဲ့ မေးခွန်းပဲ။ ဒါပေမဲ့ ကျွန်တော်က ဟင့်အင်းမဟုတ်ဘူးလို့ပြောရမှာလည်း ဒါကတော့ လက်တွေ့မြေပြင်မှာ ရှိနေတဲ့အနေအထား ကျွန်တော်တို့ မြင်နေရတာပဲလေ။ တစ်ယောက်နဲ့ တစ်ယောက် ပြဿနာမရှာဘူးဆိုရင် ဘာလုပ်ကြမလဲဆိုတော့ ကျွန်တော်တို့ ညီအကိုတွေပဲဖြစ်နေတဲ့အခါကျတော့ ဒါတွေကလည်း လျှောက်ပြီးတော့ ပြောစရာလည်း မလိုဘူး။ သူ့အလုပ်ကို ကိုယ်မနှောင့်ယှက်ဘူး၊ ကိုယ့်အလုပ်ကို သူမနှောင့်ယှက်ဘူးဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ရှိကြတယ်လို့ပဲ ဖြေပါရစေ။

မေး။ ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ပူးပေါင်းဆောင်ရွက်နေတဲ့နောက်ဆုံးအခြေအနေ သိပါရစေခင်ဗျ။


ဖြေ။ ။ ပြောရမယ်ဆိုရင်တော့ အခုက နှစ်နှစ်ကာလကို ရောက်လာတော့မယ်။ စစ်အာဏာသိမ်းပြီးတာနဲ့ ရက်ပိုင်းပဲ ကျွန်တော်တို့ သူတို့နဲ့ စကားပြောတယ်။ အဲ့အချိန်အခါမှာ ဆွေးနွေးကြတယ်။ ပြောဆိုကြတယ်။ ပြောရမယ်ဆိုရင် စစ်အာဏာသိမ်းပြီးတဲ့ နောက်မှာ သူတို့နဲ့ ဘယ်သူတွေနဲ့ အရင်းနှီးဆုံးပြောလဲ။ ဒီလူတွေနဲ့ပဲ အရင်းနှီးဆုံး စကားပြောနေကြတာပဲ။ ဒါပေမဲ့ ထူးခြားမှုတစ်ခုရှိတာ အရင်တုန်းက ကျွန်တော်တို့ မရှိခဲ့တဲ့ အွန်လိုင်းစကားပြော။ ဒီနှစ်ဒီကာလမှာ နေရာမရွေး အချိန်မရွေးပြောနိုင်တဲ့အခါကျတော့ ကျွန်တော်တို့ ဆွေးနွေးမှု၊ ညှိနှိုင်းမှုတွေက ဘယ်လောက်ပဲအခက်အခဲရှိ၊ အကျပ်အတည်းရှိ တော်တော်လေး ခရီးပေါက်တယ်လို့ ပြောလို့ရတာပေါ့ဗျာ။ ဒါနဲ့တစ်ဆက်တည်း ကျွန်တော်တို့ နယ်မြေမှာ လူငယ်လူရွယ်လေးတွေကလည်း အများကြီး ရောက်လာတဲ့အခါကျတော့ ဖြစ်သင့်တဲ့ဟာကို အကောင်းဆုံးလမ်းညွှန်ရမယ့် တာဝန်က ရှိနေတဲ့အခါကျတော့ လူငယ်တွေ တတ်သင့် တတ်ထိုက်တဲ့ အတတ်ပညာတွေ ရှိသင့်တဲ့ဟာတွေ။ အထူးသဖြင့် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် စွမ်းစွမ်းတမံလုပ်နေတဲ့သူတွေ သူတို့အသက်လည်းပေးနေတဲ့သူတွေ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ တတ်နိုင်သမျှလုပ်ပေးနေတယ်။ ကျွန်တော်ပြန်ပြီး လေ့လာတဲ့အခါမှာကျတော့ တော်တော်လေးကို ကျွန်တော်တို့ လုပ်နိုင်တဲ့ အပိုင်းတွေ အများကြီးရှိတယ်။ အခုအခြေခံသင်တန်းတွေ စစ်သင်တန်းတွေ ပေးနေတဲ့အခါမှာလည်း ဦးရေထောင်နဲ့ချီပြီးပေးနေတယ်။ လေးငါးထောင် မလျော့ဘူးဆိုတာ ပြောလို့ရတယ်။ ဒီနေ့ ဒီကာလမှာ။ သင်တန်း ပြီးတာနဲ့ ဒီတိုင်းနေတာလည်း မဟုတ်ဘူး။ လက်တွဲပြီးတော့ တိုက်ပွဲဝင်တာလည်း လူတကာလည်း သိနေတဲ့ကိစ္စ။ အဲ့ဒါကြောင့်မို့လို့ စစ်ရေးအရကော နိုင်ငံရေးအရကော လက်တွဲလုပ်ဆောင်လာတဲ့အခါမှာ ပိုပြီးတော့ နီးနီးကပ်ကပ် လုပ်နိုင်တဲ့ အပိုင်းတွေ ရှိတယ်။ ဒါတင်မကဘူး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေကိုလည်း သင်တန်းစပေးနေပြီ။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တောင်မကဘူး အဲ့ဒီ PDF တပ်ဖွဲ့ တွေပါ ဒါဟာတွေလိုက်နာသင့်တယ်ဆိုတာ။ ကျွန်တော်တို့ ရည်မှန်းတာ တစ်နေ့ကျရင် ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေဟာ Professional Army ဖြစ်လာရမယ်ဆိုပြီးတော့။ အဲ့လိုမျိုးရှိလာတဲ့အခါမှာ အမျိုးသားညီညွတ်ရေးအစိုးရ လုပ်တွဲလုပ်တဲ့အခါမှာဖြစ်ဖြစ် PDF တွေနဲ့ လုပ်တဲ့အခါမှာဖြစ်ဖြစ် ဒီဟာက ဖြစ်သင့်ဖြစ်ထိုက်တာကို အကောင်းဆုံး ကြိုးစားသွားနေတယ်ဆိုတာ ကျွန်တော်ပြောချင်တယ်။ လူသားချင်းထောက်ထားမှုဆိုင်ရာ အရမ်းအရေးကြီးနေတဲ့အခါမှာလည်း အထူးသဖြင့် သူတို့နဲ့ နီးနီးကပ်ကပ်လုပ်ဆောင်နေပါတယ်။

"အမေရိကန်က ပြဌာန်းမယ့် NDAA ဥပဒေကြီးကတော့ ပထမတစ်ဆင့် ခြေလှမ်းတိုးလိုက်တာပဲ။ ကျွန်တော်တို့ တော်လှန်ရေး သက်တမ်းအနှစ် ၇၀ အတွင်းမှာ ဒီလိုမျိုးအမည်နာမထည့်ပြီး ဥပဒေပြုနိုင်တဲ့ အနေအထားတစ်ခါမှ မရှိခဲ့ဘူး။ ဒါတွေက တကယ့်ကို ခြေလှမ်းကြီးတစ်လှမ်းကို လှမ်းလိုက်တာပဲ။"


မေး။ ။ NUG နဲ့ KNU ကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်တဲ့ ကြေညာချက်တစ်ခုထုတ်ဖို့ ရှိတယ်ဆိုတာ ဟုတ်လား ခင်ဗျ။

ဖြေ။ ။ ကျွန်တော်တို့ စဉ်းစားနေကြတာပဲ။ အချိန်ကတော့ နည်းနည်းစောသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သေချာပြောနိုင်တာကတော့ ကျွန်တော်တို့မှာ ဘုံရည်မှန်းချက်တွေ တူနေတယ်၊ ဘုံရန်သူတွေ တူနေတဲ့အခါကျတော့ အဲ့ဒါတွေက မရှိမဖြစ်လုပ်ကိုလုပ်ရမယ့် အလုပ်တွေလို့တော့ ပြောလို့ရတယ်။

2022-01-02T050025Z_1063077237_RC2VPR9XR4DP_RTRMADP_3_MYANMAR-POLITICS (1).JPG
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရှေ့တန်းစစ်မျက်နှာတွင် တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (Photo: Reuters)

မေး။ ။ လက်ရှိတော်လှန်ရေးအခြေအနေကို ဘယ်လိုသုံးသပ်လဲ ခင်ဗျ။

ဖြေ။ ။ အထူးသဖြင့် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တစ်တိုင်းပြည်လုံး အတိုင်းအတာဆောင်တဲ့ တော်လှန်ရေးကြီးဟာ နိုင်ငံတကာမျက်နှာစာမှာကော စစ်ကောင်စီဘက်က သူတို့တွက်ချက်ထားတာကတော့ လွဲချက်တွေက တကယ်ကို လွဲသွားတယ်။ သူတို့တွက်တာ သုံးလေးလအတွင်းမှာ သူတို့လုံးဝ ထိန်းချုပ်နိုင်လိမ့်မယ်လို့ ယူဆနေတဲ့အခါကျတော့ ဒီမှာကတော့ နှစ်နှစ်နီးပါးရောက်လာပြီ။ စစ်ကောင်စီဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ဘူးဆိုတာ သေချာသွားတယ်။ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာရဲ့ နားလည်မှုကလည်း လွဲသွားတယ်ဆိုတာ သူတို့ကောင်းကောင်းလက်ခံလာတယ်။ ဆိုတော့ ဖြစ်ပေါ်တိုးတက်မှု ပြောရမယ်ဆိုရင်တော့ အထူးသဖြင့် လူထုကိုဦးတည်ပြီး တိုက်ခိုက်လာတဲ့ အနေအထားက များသထက်များလာတဲ့အခါကျတော့ ကျွန်တော်တို့ဘက်က ဝန်ထုပ်ဝန်ပိုးအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အများကြီးရုန်းကန်လာရတဲ့အပေါ်မှာ စစ်ကောင်စီကလည်း ဒါတမင်တကာ ဖန်တီးတာပဲ။ ဒါပေမဲ့ အခြားတစ်ဘက်မှာကျတော့ ဘယ်လိုသက်ရောက်သွားလဲဆိုတော့ ဖျက်ဆီးခံရတဲ့လူထု က ကြောက်စိတ်မဝင်ဘဲ ပိုပြီးတော့ တော်လှန်ချင်တဲ့စိတ်က ပိုပြီးတော့ ပြတ်ပြတ်သားသားဖြစ်လာတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာရဲ့ အနေအထားကလည်း ဒီဟာတွေဟာ ရဲရဲတောက် တိုက်ပွဲဝင်တယ်၊ အသေခံတယ် ဒီလောက်ဖြစ်တာတောင်မှပဲ ကမ္ဘာသူ ကမ္ဘာသားဖြစ်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြီးကလည်း မကူဘဲ မနေလို့ မရတော့ဘူးဆိုတာ မြင်လာတယ်။ အထူးသဖြင့် အမေရိကန်က ပြဌာန်းမယ့် NDAA ဥပဒေကြီးကတော့ ကျွန်တော်တို့အတွက် ပထမတစ်ဆင့် ခြေလှမ်းတိုးလိုက်တာပဲ။ ကျွန်တော်တို့ တော်လှန်ရေး သက်တမ်းအနှစ် ၇၀ အတွင်းမှာ ဒီလိုမျိုးအမည်နာမထည့်ပြီး ဥပဒေပြုနိုင်တဲ့ အနေအထားတစ်ခါမှ မရှိခဲ့ဘူး။ ဒါတွေက တကယ့်ကို ခြေလှမ်းကြီးတစ်လှမ်းကို လှမ်းလိုက်တာပဲ။ အဲ့ဒီကတစ်ဆင့် ကျွန်တော်တို့ဆက်ပြီး တိုက်ပွဲဝင်သွားမယ်ဆိုရင် ဒီဟာက မလွတ်နိုင်တော့ဘူး။ ဒီရည်မှန်းချက်ပန်းတိုင်က ရောက်ကို ရောက်မယ်လို့ အလေးအနက် ယုံကြည်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကြားထဲမှာတော့ စိန်ခေါ်ချက်တွေက ရှိနေတယ်။ အဖွဲ့တွေကများတယ်။ ဒါပေမဲ့ ဒီလိုအဖွဲ့တွေက ပိုပြီးတော့ ထိရောက်မှု၊ သက်ရောက်မှု ရနိုင်တဲ့ အနေထားက နည်းပညာအထောက်အကူ အများကြီး ရနိုင်တဲ့ အနေအထားက အထောက်အကူအများကြီး ပြုပါလိမ့်မယ်။ ကျွန်တော်တို့အတွက်။

"စစ်ကောင်စီမြေပြင်တပ်တွေက လုံးဝမလှုပ်နိုင်တဲ့အခါကျတော့ ညကြီးသန်းခေါင် ထထပြီး ဗုံးကြဲနေတဲ့အနေထားက ရပ်တန့်အောင်ဆိုရင် လေယာဉ်ဆီတွေ ဖြတ်တောက်နိုင်ဖို့က သိပ်ပြီးအရေးကြီးတယ် တစ်အချက်။ နောက်ပြီးတော့ လေယာဉ်သုံးအပိုပစ္စည်းတွေ ဖြတ်တောက်နိုင်ပြီဆိုရင် ကျွန်တော်တို့အတွက် လမ်းကပွင့်သွားပြီ။ လက်နက်မပေးနိုင်သည့်တိုင် ဒီဟာလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို လက်နက်ပေးတာနဲ့ အတူတူပဲ။"

မေး။ ။ တော်လှန်ရေးအောင်မြင်ဖို့အတွက် အဓိကလိုအပ်ချက်တွေပြောရင် ဘာများပြောမလဲခင်ဗျ။

ဖြေ။ ။ အဓိကလိုအပ်ချက်က ပြောရမယ်ဆိုရင် ကျွန်တော်တို့ တိုက်ပွဲဝင်နေတာ ကဏ္ဍအသီးသီးက တိုက်ပွဲဝင်နေတာ ဒါပေမဲ့ စစ်ကောင်စီဘက် အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ဘေးဒုက္ခကပ်ဆိုးကြီးက တစ်ခုချင်းတစ်ခုချင်း နေ့စဉ်ဖန်တီးနေတဲ့အခါကျတော့ လူတွေ တော်တော်ဒုက္ခရောက်တယ်။ သန်းနဲ့ချီပြီး ဒုက္ခရောက်တယ်။ တိုင်းပြည်မှာ တစ်ခါမှ မကြုံဘူးအောင်ဖြစ်နေတဲ့ အခါကျတော့ ကျွန်တော်တို့ကြီးပဲ မရုန်းနိုင်တော့ဘူး။ အဲ့လူသားချင်းစာနာထောက်ထားမှု အကူအညီက။ အဲ့ဒါကြောင့်မို့လို့ နိုင်ငံတကာက စပြီးကြားနေရပြီ အကူအညီပေးမယ်။ သို့သော်ငြားလည်း ဒါတွေဟာ သူ့ရဲ့ လုပ်ငန်းစဉ်နဲ့သွားမယ်ဆိုရင်တော်တော်လည်း ကြာမယ့် အနေထားဖြစ်နေတော့ ဖြစ်စေချင်တာက ခပ်မြန်မြန်လေး ပေးဖို့ပဲလိုတယ်။ ဒါမှလည်း ဒီဘက်မှာ ကျွန်တော်တို့ထမ်းရမယ့် ဝန်ထုပ်ဝန်ပိုးက ပေါ့သွားပြီးတော့ ကျန်တဲ့ ကဏ္ဍတွေမှာ အထူးသဖြင့် စစ်ရေးကဏ္ဍ၊ စီးပွားရေးပိတ်ဆို့မှု နောက်ပြီးတော့ သံတမန်ဆက်ဆံရေးကော ခပ်မြန်မြန် ခပ်သွက်သွက် ပိုပြီးအားစိုက်နိုင်ပြီး တိုးတက်လာလိမ့်မယ်။ ထိုနည်းလည်းကောင်းပဲ ဒီတော်လှန်ရေး မြန်မြန်အောင်ဖို့ဆိုရင် စစ်ရေးအရ များများစားစား မကူညီနိုင်သည့်တိုင်အောင် အဓိကလိုအပ်ချက် အခုစစ်ကောင်စီက လေကြောင်းကို အားကိုးပြီးလုပ်နေရတဲ့အခါ ဘာဖြစ်လို့လဲဆိုတော့ မြေပြင်တပ်တွေက လုံးဝမလှုပ်နိုင်တဲ့အခါကျတော့ ညကြီးသန်းခေါင် ထထပြီး ဗုံးကြဲနေတဲ့အနေထားက ရပ်တန့်အောင်ဆိုရင် ကျွန်တော်တို့က ဘာပဲလိုချင်လဲဆိုရင် လေယာဉ်ဆီတွေ ဖြတ်တောက်နိုင်ဖို့က သိပ်ပြီးအရေးကြီးတယ် တစ်အချက်။ နောက်ပြီးတော့ လေယာဉ်သုံးအပိုပစ္စည်းတွေ ဖြတ်တောက်နိုင်ပြီဆိုရင် ကျွန်တော်တို့အတွက် လမ်းကပွင့်သွားပြီ။ ဒီထက်တောင် ဘာမှမလိုဘူး။ လက်နက်မပေးနိုင်သည့်တိုင် ဒီဟာတွေက အင်မတန်အရေးကြီးတယ်။ ဒီဟာလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို လက်နက်ပေးတာနဲ့ အတူတူပဲ။ အဲဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ ဒီနေရာကနေ ဒါကိုပဲ ပန်ကြားချင်တယ်။ အမြန်ဆုံးနည်းနဲ့။ နောက်ဆုံးအနေနဲ့ပြောချင်တာက အထူးသဖြင့် ကျွန်တော်တို့ လက်တွဲလုပ်ဆောင်နေတဲ့ ပူးတွဲပြီးတိုက်ပွဲဝင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တရားဝင်အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုဖို့ဆိုတာ အင်မတန်မှ အရေးကြီးတယ်၊ လိုလည်းလိုအပ်နေတယ်။ အဲ့ဒါကြောင့်မို့လို့ အမြန်ဆုံးလုပ်ကြပါလို့ ကျွန်တော်ပန်ကြားချင်တယ်။ တစ်ချိန်တည်းမှာပဲ လက်နက်ကိုင်တိုက်ပွဲဝင်ကြတဲ့ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးကို ပြောချင်တာကတော့ ဒီအချိန်ဒီအခါမှာ အဖြူနဲ့ အမည်းဟာ သဲသဲကွဲကွဲဖြစ်နေပြီဆိုတဲ့ အတွက်ကြောင့် ဆုံးဖြတ်ချက်တွေ မမှားစေနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်တဲ့အဖွဲ့အစည်းတွေဖြစ်ဖို့ ကျွန်တော် ပန်ကြားလိုပါတယ်ခင်ဗျ။ ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။