စစ်ကောင်စီ နိုင်ငံရေးကမထွက်ရင် တွေ့ဆုံဆွေးနွေးဖို့ မရှိကြောင်း KNU ပြော
2024.04.24
ကရင်ပြည်နယ်၊ မြဝတီမြို့ကို ပြန်လည်သိမ်းပိုက်မယ်ဆိုပြီး ရောက်လာမဲ့ စစ်ကောင်စီရဲ့ စစ်ကူတပ်တွေကို ရှင်းထုတ်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧပြီလ ၂၄ ရက်နေ့မှာ RFA ကိုပြောပါတယ်။
မြဝတီမြို့က ခလရ ၂၇၅ တပ်ရင်းထဲကို စစ်ကောင်စီတပ်က နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အကူအညီနဲ့ ဧပြီ ၂၃ ရက်နေ့မှာ ပြန်လည်ဝင်ရောက်တပ်စွဲခဲ့ပေမဲ့ သင်္ဃန်းညီနောင်က တပ်ရင်း ၃၅၅၊ ၃၅၆ ၊ ၃၅၇ နဲ့ ဗျူဟာကုန်းတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းတပ်တွေက နေရာယူထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက နိုင်ငံရေးကနေထွက်ပြီး ကျူးလွန်ခဲ့သမျှကိုတာဝန်ယူတာ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးကို ဦးစွာသဘောတူတာမရှိဘဲ ဘယ်သူကဖိအားပေးပေး လက်ခံဆွေးနွေးဖို့မရှိဘူးလို့ ပဒိုစောတောနီးက ပြောလိုက်ပါတယ်။
မြဝတီတိုက်ပွဲ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။