ညီနောင်သုံးဖွဲ့နဲ့ အပစ်ရပ်မှု စစ်ကောင်စီကျဆုံးမှုရဲ့ပြယုဂ်ဟု ကိုမင်းကိုနိုင် ပြောကြား
2024.01.12
ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စစ်ကောင်စီနဲ့ အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။ အာဏာရှင်စနစ်ကို မြန်မာပြည်တစ်ခုလုံးက ဖယ်ရှား ပြီးဆုံးတဲ့အထိ လူထုနဲ့အတူ တိုက်ပွဲဝင်မယ်လို့ ကတိပြုခဲ့တဲ့ ဒီအဖွဲ့သုံးဖွဲ့က အခုလို ရပ်စဲလိုက်မှုနဲ့ပတ်သက်ပြီး ပြည်သူတွေအကြား ဝေဖန်မှုတွေပေါ်ထွက်လာနေပါတယ်။ ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကတော့ ဒါဟာ အာဏာရှင်တွေရဲ့ ကျဆုံးမှုကို သက်သေပြလိုက်တာပဲလို့ ပြောပါတယ်။ ကိုမင်းကိုနိုင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
__________
RFA - ကိုမင်းကိုနိုင်ရေ၊ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲတယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီကိစ္စ ကိုမင်းကိုနိုင် ဘယ်လိုမြင်လဲခင်ဗျ။
■ ကြည့်မြင်တိုင် လူမိုက်ကြီးရဲ့ ဇာတ်သိမ်းခန်း ဗွီဒီယိုကို အားလုံးကြည့်ဖူးကြမှာပေါ့၊၊ အဲဒီအတိုင်းသာမြင်ပါ၊၊ အဲဒီမှာ နောက်ဆုံး လူမိုက်ကြီးရဲ့အဖြစ်က ကြောက်ပါပြီကွာ၊ တော်ကြပါတော့ကွာ ဆိုတာ၊ ဒါတစ်ထပ်ထဲပါ၊၊ လက်နက်အားကိုး ဗလအားကိုးနဲ့ အနိုင်ကျင့်ချင်သူတွေရဲ့ နိဂုံးဟာ ဒါပဲ ဆိုတာကိုတော့ ပေါ်လွင်ဖို့လိုတယ်၊ တစ်ခုတော့ ရှိတာပေါ့၊၊ အဲဒီသတင်းကို ဖော်ပြနေကြတဲ့နေရာမှာ မီဒီယာပေါင်းစုံက စိတ်စေတနာမျိုးစုံနဲ့ တင်ပြကြတဲ့ အခါမှာ သတင်းတစ်ပုဒ်ဟာ လိုရာဆွဲပြီးတော့ ပြောလိုက်ရင် စိတ်ပျက်စရာလည်း ဖြစ်နိုင်တယ်၊၊ အားတက်စရာလည်း ဖြစ်နိုင်တယ်၊၊
ကျွန်တော်တို့က တကယ့်အနှစ်အသားကို ကောက်ယူမယ်ဆိုလို့ရှိရင်တော့ အဲဒါ ဖက်ဆစ်ဂိုဏ်းရဲ့ ကျဆုံးခန်းပါပဲ၊၊ ဒီနေရာမှာ ပြောစရာရှိတယ်၊ ဘယ်လိုဖြစ်မှာလဲလို့၊ တော်လှန်ရေးကို ဦးဆောင်နေတဲ့ ဘက်အသီးသီး၊ အဖွဲ့အစည်းအသီးသီး ဦးဆောင်နေတဲ့သူတွေက အားလုံး ကြိုစဉ်းစားပြီးသားတွေပါ၊၊ ဒီနေရာမှာ မရရင် ဟိုနေရာမှာ ရရမယ်၊၊ ဒီလိုမရဘူးဆိုရင် ဟိုလိုရရမယ်၊၊ ဒါပဲပေါ့ဗျာ နည်းလမ်းတွေ များစွာရှိတာပဲ၊၊ တစ်ကွက် နှစ်ကွက်ပဲ ပြောပြမယ်၊ အဲဒီဒေသတွေမှာ အားလုံးက လမ်းကြောင်းတွေ ဖြောင့်ဖြူးသွားမယ်၊၊အဲဒီဒေသတွေကို စစ်ကောင်စီက မျက်မွှေးကျော် ထော်လို့ ကြည့်ခွင့်တောင် မရတော့ဘူး၊၊ သူတို့ အဲဒီဟာတွေကို မတိုက်တော့ပါဘူးဆိုတဲ့ ကတိကဝတ် စစ်ကောင်စီက ပေးလိုက်ရတာ၊ အညံ့ခံလိုက်ရတာ ဖြစ်တယ်၊၊ ဒါကိုတော့ ပေါ်လွင်ဖို့လိုပါတယ်၊၊
RFA - အဲဒါဆိုရင် လက်ရှိနွေဦးတော်လှန်ရေးအခြေအနေကို ဘယ်လိုသုံးသပ်မလဲ။
■ ဘက်က နှစ်ဘက်ထဲရှိတယ်လေ၊၊တော်လှန်ရေးဘက်နဲ့ ဖက်ဆစ်တပ်တွေရဲ့ ဘက်ပေါ့၊၊ တော်လှန်ရေးတပ်တွေ ဘက်မှာတော့ အရင်ကထက် ညီညွတ်မှုဆိုတာကို ပိုပြီးတော့ ပြနိုင်တယ်၊ ၊မယုံရင် ကြည့်ပါ၊၊ ဒီရက်ပိုင်းအတွင်းမှာကို ဘယ်လောက်ညီညွတ်တယ်ဆိုတာ ထပ်ပြဖို့ လာပါလိမ့်မယ်၊၊အဲဒါက အရေးကြီးတယ်ဆိုတာ ညီတယ် ဆိုတာတင် မကဘူး၊၊ အပြန်အလှန် တည်နေတာ၊၊ ပြည်သူလူထုကလည်း ဒီတော်လှန်ရေးအင်အားစုတွေကို ထောက်ခံတယ်ဆိုတာ ပြကိုပြမယ်၊၊ အဲတော့ ဘယ်အဖွဲ့အစည်းမဆို ဆက်ပြီး တိုက်ပွဲဝင်စေချင်တယ်ဆိုရင် အရေးအကြီးဆုံးလိုအပ်ချက်က အပြင်က ဖိအားတို့ တွန်းအားတို့ ဆိုတာထက် ပြည်သူလူထုက အပြည့်အဝ ထောက်ခံနေတာဆိုရင် တိုက်လို့ရပြီ၊၊ ဒါ အရေးအကြီးဆုံး အချက်၊၊ ဘယ်လို ဖိအားမျိုးကို မဆို ကျော်လွှားလို့ရတယ်၊၊ စစ်တပ်ဘက်မှာတော့ ဘာဖြစ်သွားလဲဆိုတော့ တကယ့်ကို ဆုံးရှုံးမှုကြီးဟာ သူတို့မမျှော်လင့်ထားခဲ့တဲ့ အခြေအနေရောက်သွားတယ်၊၊ သူတို့အရင်ကတော့ သူတို့ဟာ သူတို့ အတွင်းထဲမှာ ဖြေသိမ့်တယ်၊၊ ရွှေဘကြီးကတော့ နာနေတာ ပြီးရင် ပြန်ထိုးမှာ၊အခုအရှုံးကို ဝန်ခံလိုက်ရပြီးတော့ လက်လွှတ်ဆုံးရှုံးလိုက်ရတယ် ဆိုတာကြီးက ဘာဖြစ်သွားလဲဆိုတော့ စစ်တပ်ထဲမှာ သူတို့ကိုယ်တိုင် ပြောနေကြတာ၊
"ဒို့ တာဝန်အရေးသုံးပါးနေရာမှာ အဘထိုင်ခုံ တည်တံ့ခိုင်မြဲရေးလို့သာ ရေးလိုက်ပါတော့" ဆိုတာမျိုး ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ စစ်တပ်မှာ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးတယ်၊ စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးတယ်။ ရုပ်ပိုင်းဆိုင်ရာ လက်နက်တွေ အများကြီး ဆုံးရှုံးလိုက်ပြီ။ ဒါပြန်ဝယ်လို့ရတယ် ထားလိုက်အုံး၊ နယ်မြေဆုံးရှုံးတာနဲ့ စစ်သားတွေ ဆုံးရှုံးသွားတာ၊ ယုံကြည်မှု ဆုံးရှုံးသွားတာ ဒါ ပြန်ကုစားလို့မရတော့ဘူး။ ကျွန်တော်တို့ဘက်က ကိုယ့်အလုပ်ကို ဆက်ပြီးတော့ လုပ်ဖို့သာလျှင် ရှိပါတယ်။
စစ်တပ်ထဲမှာတော့ အရှုံးဟာ ကူးစက်ရောဂါကြီးလို ဖြစ်သွားပြီ။ ကိုဗစ်လို ကူးစက်ရောဂါဖြစ်သွားပြီ။ အဲအချိန်မှာ အနိုင်တိုက်ဖို့ပဲ။
RFA - အခု မြောက်ပိုင်းသုံးဖွဲ့အပစ်ရပ်စဲတဲ့ကိစ္စ၊ လူထုက ဒီအဖွဲ့သုံးဖွဲ့ဟာ ဟိုတုန်းက ရေဆုံးရေဖျားလိုက်ပါမယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်အောင် သူတို့ တိုက်ပါ့မယ်ဆိုပြီး ပြောထားတဲ့စကားရှိတော့ အခုအချိန်မှာလူထုကို ကိုမင်းကိုနိုင် ဘာများပြောလိုပါလဲခင်ဗျာ။
■ ဒီစစ်ကောင်စီရဲ့ လက်ထက် ကျွန်တော်တို့မီလိုက်တဲ့ ဒီဘက်ခေတ်မှာတင်ကို စစ်တပ်နဲ့ လုပ်ရတဲ့ Cease-Fire ဆိုတာက Cease and Fire ပဲ၊ ဆိုတာက ရပ်ပြီးရင် ပြန်ပြီးတော့ တိုက်ကြရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူကြီးလူကောင်း ကတိကဝတ်လည်း မဟုတ်ဘူး။ ဘယ်သောအခါကမှလည်း တည်ကြည်မှုမရှိဘူး၊ ဒါ အားလုံးသိပြီးသား။ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားတွေ ပိုသိတာပေါ့။ အဲတော့ စိုးရိမ်စရာ မရှိဘူး၊ ဘက်ပေါင်းစုံက စဉ်းစားထားပြီးတော့ ဆက်ပြီးတော့ သွားရမဲ့ နည်းလမ်းပေါင်းစုံရှိတယ်။ သူတို့ပေးထားတဲ့ ကတိကို သူတို့တည်ဖို့ ကြိုးစားကြမှာပါ။ အရေးကြီးတာ တစ်ဖက်က လာတော့မယ်။ အာရုံလွှဲတာ သေချာပေါက်လာမယ်၊ အရှုံးသမားဟာ အာရုံလွှဲမယ်။ သူက အခု ဒိုင်လူကြီးဆီမှာ အနားတောင်းတဲ့ သဘော။ ကျွန်တော်တို့ ဘက်ပေါင်းစုံကနေ ကျန်တဲ့ အဖွဲ့အစည်းတွေက ဒီအချိန်မှာ ဖိပြီးတော့ ခုတ်လှဲရမယ်၊အလဲထိုးရမယ်။
အချိန်မဆွဲနဲ့ အာရုံမလွဲနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ဝမ်းမကွဲနဲ့။ ကျွန်တော်တို့ပြောဖူးပါတယ်ဗျာ။ အချက်ပေါင်းများစွာ ရက်ပေါင်းများစွာ ခုတ်လာတဲ့ အခါမှာ ဒီသစ်ပင်ကြီးဟာ သူ့ဝိတ်နဲ့သူ လဲတော့မယ်၊ အဲဒီအချိန်မှာ ကျွန်တော်တို့ ဝိုင်းတွန်း ရမယ်။ ကြိုးနဲ့ဆွဲချတဲ့သူ ဆွဲမယ်၊ ညာသံပေးပြီးတော့ တွန်းချမယ်။ အဲဒီအနေအထားကို ရောက်နေပြီ။ လူမိုက်ဂိုဏ်းသားတွေကတော့ ပြိုကွဲပြီ၊ စိတ်ဝမ်းတွေလည်း ကွဲပြီ အကုန်လုံးပြိုကွဲပြီ။ ဗိုလ်မှူးချုပ်အဆင့်လောက်ကိုတောင်မှ အရှင်လတ်လတ် ဖမ်းဆီးရနေတဲ့ အခြေအနေမျိုးဟာ လူတွေက အဲဒီသတင်းကတောင်မှ တော်တော်လေး ရိုးပြီးဆိုတာဖြစ်နေတယ်။ တော်ရုံတန်ရုံအောင်ပွဲကြီးတွေ မဟုတ်ဘူး။ အောင်စိတ်ကို အပျောက်မခံပါနဲ့။ အောင်စိတ်ဆိုတာ မဟုတ်မမှန်တဲ့ False Hope တွေကို ပြောတာ မဟုတ်ဘူး။ မှားယွင်းတဲ့ မျှော်လင့်ချက်တွေ မဟုတ်ဘူး။ အောင်စိတ်ခိုင်ခိုင်နဲ့ ဆက်သွားပါ၊ မီဒီယာတွေ ကလည်း သတင်းစကားတွေ ပေးရတဲ့နေရာမှာ စေတနာမှန်ဖို့ လိုတယ်။ ပြည်သူလူထုကို မှန်ကန်သောအောင်စိတ်နဲ့ အဆုံးထိရောက်အောင်လို့ မီဒီယာတွေရဲ့ စိတ်စေတနာတွေပေါ်လည်း မူတည်တယ်။ ကျွန်တော်တို့ ပြည်သူအချင်းချင်းကတော့ ဆက်ပြီးတော့ ဒီစိတ်နဲ့ပဲသွားမှာပဲ။
အချိန်ဆွဲ မခံဘူး။ အာရုံလွှဲ မခံဘူး၊ စိတ်ဝမ်း မကွဲဘူးဆိုတဲ့ စိတ်နဲ့ ဆက်သွားရင်တော့ အောင်ပါတယ်။