MNDAA စစ်သင်တန်းဆင်းပွဲ တော်လှန်ရေး ထူးခြားတိုးတက်မှုလို့ BPLA ခေါင်းဆောင်ပြော
2023.01.04
ကိုးကန့်တပ်မတော်လို့ လူသိများတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က မြန်မာနိုင်ငံအနှံ့အပြားက လူမျိုးပေါင်းစုံပါဝင်တဲ့ တပ်မဟာ ၆၁၁ တိုင်းရင်းသားတပ်မဟာ အမှတ်စဉ် ၂ စစ်သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီသင်တန်းကို MNDAA/ TNLA နဲ့ AA ညီနောင်မဟာမိတ်သုံးဖွဲ့စုပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး သင်တန်းအမှတ်စဉ် ၁ နဲ့ ၂ ပေါင်းရင် သင်တန်းဆင်းစစ်သည် ၁ဝဝဝ ခန့်ရှိကာ သူတို့ကို လက်နက်အပြည့်အစုံ တပ်ဆင်ပေးပြီးပြီလို့ ဆိုပါတယ်။
သင်တန်းမှာ ပါဝင်ကြီးကြပ်သူတစ်ဦးဖြစ်တဲ့ BPLA ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်ခေါင်းဆောင် ကိုဆောင်းခက ဒီသင်တန်းဟာ နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့ ပြောင်းလဲတိုးတက်မှုတစ်ရပ်ဖြစ်တယ်။ NUG/ ERO နဲ့ သူတို့ BPLA အပါအဝင် တော်လှန်ရေး အင်အားစုတွေဟာ ဘုံရန်သူဖြစ်တဲ့ အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ဖို့အတွက် ညီညွတ်စွာ လက်တွေ့ကျကျပြင်ဆင်နေကြပြီဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ လက်ရှိတော်လှန်ရေးနောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ကိုဆောင်းခတို့ BPLA ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် ဘယ်လိုဖွဲ့စည်းထားလဲဆိုတာ အရင်ဆုံး ကျွန်တော့်ရှင်းပြပေးပါလား ခင်ဗျာ။
ဖြေ။ ။ ဒီ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုတွေဖြစ်တဲ့နောက်ပိုင်းမှာ မြို့ပြဆန္ဒပြပွဲတွေနဲ့တင် ဒီအာဏာသိမ်းမှုကို တွန်းလှန်လို့ မဖြစ်နိုင်ဘူးဆိုတာ နားလည်သွားတယ်။ နားလည်သွားတဲ့အလျောက် မတ်လ ပထမပတ်ထဲမှာ တောထဲကို စရောက်ပြီး BPLA ကိုစ တင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ BPLA စတင်ဖွဲ့စည်းတုန်းက တောင်ပိုင်းကရင်ပြည်နယ်မှာပဲ အခြေစိုက်ခဲ့တယ်။ သို့သော်လည်းပဲ လက်ရှိအခြေအနေမှာတော့ မြောက်ပိုင်း စစ်ဒေသ အမှတ် ၂၀၃ အနေနဲ့ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီးတော့ ကျွန်တော်တို့တပ်အနေနဲ့ စစ်ဒေသ ၂ ခုကို ခွဲပြီးတော့ လှုပ်ရှားနိုင်နေပြီလို့ ပြောလို့ရပါတယ်ခင်ဗျ။
မေး။ ။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက NUG အမျိုးသား ညီညွတ်ရေး အစိုးရနဲ့ ကိုဆောင်းခတို့ BPLA ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ထုတ်ခဲ့တယ်။ လက်ရှိ NUG နဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုရှိလဲ။
ဖြေ။ ။ ကျွန်တော်တို့ တပ်စထောင်တဲ့အချိန်မှာ ကိုယ့်ရဲ့မူနဲ့ကိုယ် ကိုယ့်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ကိုယ် သွားတော့ပေါ့နော်။ သွားတဲ့အခါမှာ လူတွေက နောက်ပိုင်းမှာ ကျွန်တော်တို့ BPLA က တစ်စင်ထောင်တာတို့ အခုဆိုရင် အားလုံးကျယ်ကျယ်လောင်လောင် ကြားလာတဲ့အတိုင်းပဲ တတိယအင်အားစုတို့် စသဖြင့် ပြောပြီးတော့ ကျွန်တော်တို့ တပ်ပေါ်မှာစွပ်စွဲတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ကျိန်းသေ ကျွန်တော်တို့ ပြောနိုင်တာက ကျွန်တော်တို့တပ်သည် အထီးကျန်ပြီးတော့ ကိုယ့်မူကိုယ့်ဝါဒနဲ့ တသီးတခြားသွားတဲ့တပ် မဟုတ်ပါဘူး။ ကျွန်တော်တို့ မဟာမိတ်အဖွဲ့အစည်းပေါင်း မြောက်မြားစွာနဲ့ အဆင်ပြေအောင် ဒီနွေဦးတော်လှန်ရေးသည်လည်း ကျွန်တော်တို့ တပ်ဖွဲ့တွေအားလုံး ညီညွတ်မှသာလျှင် အောင်မြင်မယ်လို့ ယုံကြည်ထားပါတယ်။ အဲ့တော့ NUG နဲ့လည်း နောက်ပိုင်းမှာ တိုက်ရိုက် ထိတွေ့ဆက်ဆံမှုတွေ လုပ်နိုင်ခဲ့တယ်။ အဲ့ဒီမှာ တရားဝင် NUG( MOD) နဲ့တွေ့ဆုံမှုတွေ လုပ်နိုင်ခဲ့တယ်။ လုပ်နိုင်ပြီးတော့ စစ်ရေးကော နိုင်ငံရေးကော သူတို့နဲ့ နိုင်ငံရေးအရ သူတို့ရဲ့အမြင်သဘောထားတွေ ကျွန်တော်တို့ရဲ့ အမြင်သဘောထားတွေ ပွင့်ပွင့်လင်းလင်း အပြန်အလှန်ဆွေးနွေးတယ်။ တစ်ခုခုဆိုလည်း တိုက်ရိုက်ပြောဆိုဖို့ ချန်နယ်လည်း ကျွန်တော်တို့တပ်နဲ့ MOD နဲ့ကြားမှာ ဖွင့်လှစ်ထားပြီးသားဖြစ်ပါတယ်။ စစ်ရေးအရဆိုလည်း တောင်ပိုင်းမှာကော မြောက်ပိုင်းမှာကော အတူတကွ ပူးပေါင်းဆောင်ရွက်နေတဲ့ဟာတွေ သင်တန်းတွေ အတူတက်တာတွေ အများကြီး ကျွန်တော်တို့ လက်တွဲပြီး ဆောင်ရွက်ဖြစ်နေပါတယ်။ တချို့ဟာတွေက ထုတ်ပြောရခက်တာတွေ ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ NUG(MOD) နဲ့ အနီးကပ်ဆုံး ပူးပေါင်းဆောင်ရွက်ပြီးတော့ တချို့ဟာတွေမှာ အတူတကွစဉ်းစားတာ လုပ်ဆောင်တာတွေရှိနေပြီလို့ အကြမ်းဖျဉ်း ပြောလို့ ရပါတယ် ခင်ဗျ။

မေး။ ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့ပေါင်းပြီးတော့ ကြေညာချက် တစ်စောင်ထုတ်ခဲ့ပါတယ်။ နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ တော်လှန်ရေးဆန်တဲ့ အဖွဲ့အစည်းတချို့နဲ့ လက်တွဲပြီး စစ်အာဏာရှင်တိုက်ထုတ်ဖို့အတွက် လုပ်သင့် လုပ်ထိုက်တာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားတယ်ခင်ဗျ။ ဒီရက်ပိုင်းမှာလည်း MNDAA မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်က တစ်ပြည်လုံးက လူငယ်တော်လှန်ရေးသမားတွေပါတဲ့ အမှတ်စဉ် ၂ ပေါ့နော်။ သင်တန်းဆင်းပွဲ ကျင်းပတဲ့ အကြောင်းလည်း သိရပါတယ်။ သင်တန်းဆင်းတဲ့အထဲမှာ ကိုဆောင်းခတို့ အဖွဲ့လည်းပါတယ်လို့ သိရပါတယ်။ အဲဒါ ပြည့်ပြည့်စုံစုံလေး ရှင်းပြပေးပါလား ခင်ဗျာ။
ဖြေ။ ။ အမှန်တကယ်ကတော့ ဒီညီနောင်မဟာမိတ် ၃ ဖွဲ့သည် နွေဦးတော်လှန်ရေးမှာ နောက်ကွယ်ကနေ အစောကြီးကတည်းက ပါခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အဖွဲ့တိုင်းကိုတော့ မကူညီခဲ့ဘူး။ သူတို့အဖွဲ့တွေကို စောင့်ကြည့်တယ်။ တကယ်လုပ်နိုင်ရဲ့လား၊ တကယ်ကိုပဲ စစ်တပ်တစ်ခုလို ဖွဲ့ဖို့ဆန္ဒရှိရဲ့လား။ တော်လှန်ရေးကို တော်လှန်ရေးဆန်ဆန်လုပ်ရဲ့လားဆိုပြီး သူတို့စောင့်ကြည့်တယ် ထင်ပါတယ်။ အဲ့လို စောင့်ကြည့်ပြီးတဲ့နောက်ပိုင်းမှာ ဘယ်လိုစဉ်းစားချက်တွေရှိလာလဲဆိုတော့ လက်နက်လည်း အလွယ်တကူရနိုင်တဲ့ နေရာမျိုးမှာ ခေါ်ယူလေ့ကျင့်ပေးပြီးတော့ တစ်ခါတည်း လက်နက်တပ်ဆင်ပေးနိုင်တာမျိုး စစ်ကစားနိုင်တာမျိုး လုပ်ဖို့စဉ်းစားတယ်လို့ ထင်ပါတယ်။ ကျနော်တို့တင် မကပါဘူး ကျွန်တော်တို့လို အဖွဲ့အစည်း ၆ ဖွဲ့ထက်မနည်း ဒီဘက်မှာ မဟာမိတ်ညီနောင်တွေနဲ့အတူတူ ကျွန်တော်တို့က စစ်ရေးလေ့ကျင့်တာတွေ သင်တန်းတက်တာတွေ အတူတကွ ပူးပေါင်းဆောင်ရွက်တာတွေ ဒီနွေဦးတော်လှန်ရေးမှာ ဘယ်လိုမျိုး ရပ်တည်သွားကြမလဲ၊ ဘယ်လိုမျိုး တိုက်ပွဲဖော်ဆောင်မလဲ အတူတကွစဉ်းစားလုပ်ကိုင်တာမျိုးတွေ ရှိနေပါတယ်။ ဒါကတော့ မနေ့ကပဲ မဟာမိတ်ဘက်ကနေ တရားဝင်ထုတ်ပြန်ပြီးပြောဆိုလာတဲ့အတွက် ကျွန်တော်လည်း ပြောလို့ ရတာပေါ့။ အမှန်တကယ်ကတော့ ဒီကိစ္စတွေသည် ပြောဖို့ အရမ်းခက်တယ်။ ပြောခွင့်လည်းမရှိပါဘူး။ သို့သော်လည်း မဟာမိတ်ဘက်ကလည်း ပြောလာတဲ့အတွက် ကျွန်တော်တို့မှာလည်း အထိုက်အလျှောက် ပြောလို့ရတဲ့ အခြေအနေမှာ ရှိတဲ့အတွက် ရှင်းပြတာဖြစ်ပါတယ်။ ကျိန်းသေတာကတော့ အခုအပတ်စဉ် ၂ ပြီးသွားပြီ။ နောက်ထပ်လည်း အပတ်စဉ် ၃ စသဖြင့် အပတ်စဉ်တွေကိုလည်း ကျွန်တော်တို့ မွေးထုတ်သွားမယ်။ တပ်သားသစ်တွေ အများကြီး မွေးထုတ်သွားမယ်။ ရှိပြီးသား သင်တန်းဆင်းပြီးသား ရဲဘော်တွေ တပ်သားတွေကိုလည်း ကျွန်တော်တို့ စစ်တပ်စစ်မြေပြင်ကို မကြာခင်ကာလ တစ်ခုထဲမှာ စေလွှတ်နိုင်ဖို့ ပြင်ဆင်နေတာတွေ ရှိနေပါပြီ ခင်ဗျ။ အကြမ်းဖျဉ်းအားဖြင့် ပြောမယ်ဆိုရင် အခုမှာ လူထုလည်း ပိုပြီးတော့ မြင်သာတဲ့ အခြေအနေရောက်လာပြီဖြစ်တယ်။ မဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ နွေဦးတော်လှန်ရေးမှာပါဝင်နေမှုသည် အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြခဲ့ပြီလို့ အကြမ်းဖျဉ်း ကျွန်တော်ရှင်းပြလို့ ရပါတယ် ခင်ဗျ။

မေး။ ။ MNDAA လက်အောက်မှာ တပ်မဟာ ၃၁၁ တို့ ၊ ၂၁၁ တို့ ၅၁၁ တို့ ရှိတော့ အခု ဒီတပ်မဟာကျတော့ ၆၁၁ လို့ပေးထားပြီးတော့ တိုင်းရင်းသားတပ်မတော်လို့ အမည်သုံးစွဲထားတာ သတိပြုမိပါတယ်။ နည်းနည်းရှင်းပြပါလား ခင်ဗျာ။
ဖြေ။ ။ ၆၁၁ သည် နွေဦးတော်လှန်ရေးမှာမှ ပေါက်ဖွားလာတဲ့ တပ်မဟာဖြစ်ပါတယ်။ အထူးသဖြင့် ပြည်မက တပ်ဖွဲ့တွေ ရဲဘော်တွေ ERO တွေမှာ အကူအညီလာတောင်းတဲ့အခါမျိုးမှာ မဟာမိတ်ညီနောင် သုံးဖွဲ့ဆီမှာ လာချဉ်းကပ်တဲ့ နည်းလမ်းပေါင်းစုံရှိနိုင်တယ်ပေါ့နော်။ TNLA ကိုပဲ ဖြစ်ဖြစ်၊ AA ကိုပဲ ဖြစ်ဖြစ် MNDAA ကိုပဲဖြစ်ဖြစ် လာချဉ်းကပ်တဲ့အခါမှာ ဟိုလူက နည်းနည်းကူလိုက် ဒီလူက နည်းနည်းကူလိုက်နဲ့ မထိရောက်မှာထက်စာရင် ၃ ဖွဲ့ပေါင်းပြီး စနစ်တကျ ကူလိုက်မယ်လို့ စဉ်းစားပုံလို့ ကျွန်တော်ထင်ပါတယ်။ လာရောက်ကြတဲ့ တပ်ဖွဲ့ဝင်အင်အားဟာလည်း ထောင်ဂဏန်း အထက်မှာ ရှိတယ်။ ရှိတဲ့အခါကျတော့ တပ်မဟာ တခုအနေနဲ့ သူတို့စတင်ဖွဲ့စည်းခဲ့တယ်လို့ အကြမ်းဖျဉ်း ကျွန်တော်နားလည်ပါတယ်။ ဒါသည် အခြားတပ်မဟာတွေလို ရိုးရိုးတပ်မဟာ မဟုတ်ဖူး။ ဒါသည် ဗမာ မဟုတ်သော အခြားတိုင်းရင်းသား တွေကော ဗမာတွေရော အကုန်လုံးစုဖွဲ့ထားတဲ့ တိုင်းရင်းသား တပ်မဟာပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့က ၆၁၁ ကို သူ့ရဲ့နာမည်အပြည့်အစုံသည် MNDAA ၆၁၁ တိုင်းရင်းသား တပ်မဟာလို့ ခေါ်ဝေါ်သုံးစွဲပါတယ် ခင်ဗျ။
မေး။ ။ ဒါက သင်တန်းအမှတ်စဉ် ၂ ဆိုတော့ အမှတ်စဉ် ၁ ကပြီးသွားပြီဆိုတဲ့ သဘောပေါ့။
ဖြေ။ ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ သင်တန်းအပတ်စဉ် ၁ ကတော့ ထုတ်ပြန်ခဲ့ခြင်း လုံးဝမရှိပါဘူးခင်ဗျ။
မေး။ ။ အခုဒီပတ်စဉ် ၂ နဲ့ အမှတ်စဉ် ၁ ဆင်းခဲ့တဲ့ စစ်မြေပြင်မှာ တာဝန်တွေ ထမ်းဆောင်နေကြပြီလားခင်ဗျ။
ဖြေ။ ။ ၁ ကတော့ အထိုက်အလျောက် ထမ်းဆောင်တဲ့နေရာတွေ ရောက်နေပါပြီ။ ၂ ကတော့ မကြာခင်ကာလအတွင်းမှာ ရှေ့တန်းကို ရောက်ရှိတော့မှာလို့ အကြမ်းဖျဉ်းပြောလို့ ရပါတယ်။
မေး။ ။ လက်ရှိမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရရယ် ကိုဆောင်းခတို့ BPLA အပါအဝင် တိုင်းရင်းသား နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ ပြည်တွင်းက တော်လှန်ရေးအဖွဲ့အစည်းတွေရယ် နောက်ရှိပြီးသား ERO တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ပေါင်းစည်းမှုအနေအထားက ဘယ်အဆင့်ကို ရောက်နေပြီလဲလို့ ပြောနိုင်မလဲ ခင်ဗျ။
ဖြေ။ ။ အရင်တုန်းက ထင်သာမြင်သာတဲ့အခြေအနေမရှိဘူးပေါ့။ အခုဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းဖက်၊ မဟာမိတ်ညီနောင် သုံးဖွဲ့ စစ်ကစားတဲ့ နေရာတွေမှာ NUG က PDF တွေကော ကျွန်တော်တို့လိုမျိုး NUG လက်အောက်ခံမဟုတ်တဲ့ အခြားတပ်ဖွဲ့တွေလည်း စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ရှိနေတယ်။ နောက်တစ်ခုကကျတော့ အမိန့်ပေးကွပ်ကဲမှုတစ်ခုတည်း အောက်မှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ၆၁၁ တပ်မဟာအောက်မှာ ရှိကြတဲ့ တပ်ဖွဲ့တွေသည် ကိုးကန့်ရဲ့အမိန့်ပေးမှုအောက်မှာစစ်ကစားကြမှာဖြစ်ပါတယ်။ ဒီလိုမျိုးစနစ်တကျ စစ်ကစားနိုင်တဲ့ ဟေ့ဆိုရင် တိုက်ပွဲတွေက နိုင် နိုင်ခြေ ပိုပြီးတော့ မြင့်တက်သွားနိုင်ခြေရှိတယ်။ အဲလိုမဟုတ်ပဲ သူတစ်လူ ငါတစ်မင်းနဲ့ဆိုရင်တော့ မဖြစ်ဘူး။ ဒါပေမဲ့ ဒီမှာကျတော့ အမျိုးအစားမတူတဲ့တပ်ဖွဲ့တွေ ရည်မှန်းချက်တွေ မတူဘူး။ ဒါပေမယ့် ဘုံရန်သူတော့တူတယ်။ တကယ်တော့ နိုင်ငံရေး ရည်မှန်းချက်တွေ မတူဘူး။ သို့သော်လည်းပဲ စစ်တိုက်တဲ့နေရာမှာတော့ ကွပ်ကဲမှုတစ်ခုထဲအောက်မှာ ညီညီညွတ်ညွတ်နဲ့တိုက်ကြမှာဖြစ်တယ်။ ဒီဟာသည် တော်တော်လေး အားကောင်းတဲ့ တိုးတက်မှုလို့ ပြောလို့ရတယ်။ ဒီလိုမျိုး မြောက်ပိုင်းမှာတင် မဟုတ်ဘဲ အနယ်နယ် အရပ်ရပ်မှာ မဖြစ်မနေဖြစ်ပေါ်သင့်တယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်။ အခုလည်း တိုင်းရင်းသားအဖွဲ့တွေကော NUG ကော ကျွန်တော်တို့လို အဖွဲ့တွေကောက Chain of Command ပိုပြီး အားကောင်းလာရေး ပိုပြီးခိုင်မာလာရေး အတူတကွ ဝိုင်းဝန်းစဉ်းစားပြီး အဖြေရှာနေကြပြီဖြစ်ပါတယ်။ တချို့ဟာတွေဆိုလည်း ပြန်ပြီးတော့ ပြင်ဆင်လိုက်ရတဲ့ဟာတွေလည်းပဲ ရှိပါတယ်။ သို့သော်လည်းပဲ ကြည့်မယ်ဆိုရင်တော့ ၂၀၂၃ နှစ်ဦးပိုင်းမှာ တာထွက်လှတယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့မှာ စစ်ကို အတိုင်းအတာတစ်ခုအထိ ပြင်ဆင်ထားတယ်လို့ ပြောလို့ရတယ်။ မျှော်လင့်ချက် အများကြီးဖြစ်သွားတယ် ကျွန်တော်တို့အနေနဲ့ဆိုရင်။ ကျွန်တော်တို့မှာ အတိုင်းအတာတစ်ခုအထိ လုပ်ကိုင်နိုင်စွမ်း ရှိလာပြီဆိုတာလည်း လူထုက မြင်လာပြီဆိုတော့ လူထုလည်း ဒီတော်လှန်ရေးမှာ အားတက်သရော မျှော်လင့်ချက်ကြီးကြီး ပါဝင်နိုင်လိ့မ်မယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ PDF တွေနဲ့ တွေ့တိုင်း ပြောနေကြတာက လက်နက်ကိစ္စပေါ့နော်။ ဥပမာ- PDF တပ်ဖွဲ့ဝင် ၁၀၀ ရှိတယ် ဒါပေမဲ့ လက်နက်က ၁၀ ခုလောက်ပဲ ရှိတယ်။ စသဖြင့် အဲလိုမျိုး ပြောသံတွေကြားတယ်။ အခုဒီ တိုင်းရင်းသားတပ်မဟာ ၆၁၁ ကကော လက်နက်ပြည့်စုံလား။
မေး။ ။ ကျွန်တော်တို့ ဒီဘက်ကိုလာရတဲ့ အခြေခံအကြောင်းအရင်းကလည်း ဒီလက်နက်ကိစ္စပါပဲ။ ပြီးကျမှ တပ်ဖွဲ့တွေ ဘယ်လိုညီညွတ်အောင် သွားကြမလဲ။ လက်နက်ဆိုတာက ပေးလိုက်တဲ့သူမှာ တာဝန်ရှိတယ်။ ပေးလိုက်ပြီးတော့ လက်နက်ရသွားတဲ့အဖွဲ့က ထင်ရာစိုင်းသွားတယ်ဆိုရင် ပေးလိုက်ရတဲ့အဖွဲ့မှာ အရမ်းတာဝန်ကြီးပါတယ်။ အခုဆိုရင်လည်း ကိုးကန့်မှာ တာဝန်ကြီးတာပေါ့နော်။ MNDAA မှာ သူတို့အနေနဲ့ ကျွန်တော်တို့ ဒီတပ်ဖွဲ့တွေကို အကုန်လုံးကို လေ့ကျင့်ရေးလုပ်ပေးတယ်။ လက်နက်တပ်ဆင်ပေးတယ်။ ဒီဟာအတွက် တာဝန်ယူထားတဲ့အပိုင်းမှာ သူ့မှာ တာဝန်အများကြီးဖြစ်တာကို ကျွန်တော်တို့တွေ့ရတယ်။ ပြောရမယ်ဆိုရင်တော့ လက်နက်ကိစ္စသည် ဒီဘက်မှာ အရမ်းကြီးစိတ်ပူစရာတော့မလိုဘူး အတိုင်းအတာတစ်ခုအထိ အဆင်ပြေတယ်ပေါ့နော်။ နောက်တစ်ခုကကျတော့ လက်နက်ကိုင်တော်လှန်ရေးမှာတော့ လက်နက်မရှိဘဲ အင်အားတွေ အရမ်းများနေလည်း အလကားပဲလို့ ကျွန်တော်တို့ထင်တယ်။ အမြဲတမ်းပြောနေကျစကားရှိပါတယ်။ ကျွန်တော်တို့ ရှိတဲ့နေရာကို လက်နက်တွေက ရောက်မလာနိုင်ဘူးဆိုရင် လက်နက်ရှိတဲ့နေရာဆီ ကျွန်တော်တို့ ရဲဘော်တွေက သွားနိုင်ဖို့လိုအပ်တယ်။ အဲဒါမှလည်း ဒီတော်လှန်ရေးကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်နဲ့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ထင်တယ်။ အခုဒီဘက်မှာတော့ စစ်သင်တန်းတက်နိုင်မယ် ကောင်းကောင်းလေ့ကျင့်ရေးလည်းပါဝင်နိုင်မယ်ဆိုရင်တော့ အတိုင်းအတာတစ်ခုအထိ လက်နက်တပ်ဆင်နိုင်မှုက အားကောင်းတယ်လို့ ပြောလို့ရပါတယ် ခင်ဗျ။
မေး။ ။ ခြုံငုံပြီးပြောမယ်ဆိုရင် ဒီနှစ်အတွင်းမှာ နွေဦးတော်လှန်ရေးဟာ လူထုအတွက် ဘာတွေမျှော်လင့်လို့ရမလဲ ဘာတွေပေါ်ပေါက်လာနိုင်မလဲ ခင်ဗျ။
ဖြေ။ ။ NUG ကလည်း အစကတည်းက ပြောထားတာ ၂၀၂၃ ဟာ အဆုံးအဖြတ် နှစ်လို့ပြောထားခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့တပ်တွေဆိုလည်း ၂၀၂၃ မှာ ခွန်နဲ့အားနဲ့ တက်ညီလက်ညီ အားစိုက်ပြီး ရုန်းဖို့ ကျနော်တို့လည်း ပြင်ထားတာရှိပါတယ်။ ၂၀၂၃ မှာ စစ်ဒေသအသီးသီး နယ်ပယ်အသီးသီးကနေပြီးတော့ တိုက်ပွဲတွေလည်း ပိုမိုပြင်းထန်လာနိုင်စရာရှိတယ်။ ခုနကပြောသလိုပဲ သက်လုံကောင်းတဲ့အဖွဲ့ကတော့ စစ်ရေးအားသာမှု ပိုရှိသွားလိမ့်မယ်လို့ ကျွန်တော်တို့ကမြင်ပါတယ်။ အဲ့တော့ ကျွန်တော်တို့ PDF ရဲဘော်တွေကော အကုန်လုံးသည် သက်လုံကောင်းကောင်း အချိန်အဆက်ကောင်းကောင်း စိတ်ရှည်ရှည်နဲ့ တကယ်တော်လှန်ရေးကို စိတ်နှစ်ကိုယ်နှစ်သာလုပ်မယ်ဆိုရင်တော့ အဆုံးအဖြတ်တစ်ခု ဖြစ်လာနိုင်စရာရှိတယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ စစ်တပ်အာဏာသိမ်းတာ နှစ်နှစ် ရှိပြီဆိုတော့ လူထုကလည်း နေ့စဉ်နဲ့မပြတ် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေ မြေပြင်တိုက်ခိုက်မှုတွေ မီးရှို့တာတွေကို တော်တော်လေး ခံစားနေရတာရှိတာပေါ့နော်။ လူထုအနေနဲ့ ဘာတွေမျှော်လင့်လို့ရမလဲ ကိုဆောင်းခကော ပြည်သူလုထုကို ဘာများပြောချင်လဲ ခင်ဗျာ။
ဖြေ။ ။ လူထုပေးဆပ်နေရတာတွေ ရွာတွေ မီးရှို့ခံရတာတွေ တချို့ဆိုရင် မြို့နယ် တစ်ခုလုံးမှာ ရွာတောင်သိပ်မကျန်တော့တာတွေ အများကြီး ကြားပါတယ်။ ဒါတွေကလည်း ကျွန်တော်တို့ရဲ့ တော်လှန်ရေးစိတ်ကို ထက်သန်လာအောင် ဒီတော်လှန်ရေးကို အပြီးသတ်တဲ့အထိ ရအောင်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ တွန်းအားတွေအနေနဲ့ ရှိနေပါတယ်။ ရွာမီးလောင်သွားတယ်ဆိုပြီးတော့ ကျွန်တော်တို့ ဒီအပေါ်မှာ စိတ်ပျက်တာ အားလျော့တာ မရှိဘူး။ အဲ့အချိန်မှာ လူထုကလည်း ကျွန်တော်တို့နဲ့အတူတူ ရှိနေပေးတာ ဒီအပေါ်မှာ အားမလျော့တာကိုလည်း ကျွန်တော်တို့ ကျေးဇူးအများကြီးတင်တယ်။ ကျိန်းသေတာကတော့ ကျွန်တော်တို့ ဒီတော်လှန်ရေးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အောင်မြင်အောင် လုပ်ကြမယ်။ အဓိကကတော့ ညီညွတ်မှု အရမ်းအရေးကြီးတယ်။ အခုဆိုရင် ERO တွေကော PDF တွေကော NUG လက်အောက်ခံမဟုတ်တဲ့ အဖွဲ့တွေကြားထဲမှာလည်း အတိုင်းအတာတစ်ခုထိ ညီညွတ်မှုရရှိနေပြီလို့ အကြမ်းဖျဉ်း ပြောပြလို့ရပါတယ်။ ကျိန်းသေကိုလည်း ဒီတော်လှန်ရေးသည် အောင်ကို အောင်ရမယ်လို့လည်း ကျွန်တော်က ယုံကြည်တယ်။ အဲ့ဒီယုံကြည်တဲ့စိတ်နဲ့ပဲ နေ့စဉ်နဲ့အမျှ ဒီအခက်အခဲတွေကို တွန်းလှန်ဖယ်ရှားနေကြတာ ဖြစ်ပါတယ်။ ။