ဒေါက်တာဇော်မြင့်မောင် ရက်လည်ဆွမ်းကျွေးပွဲ မဲဆောက်မှာ ကျင်းပ
2024.10.13

မန္တလေး၊ အိုးဘိုထောင်ထဲမှာ စစ်ကောင်စီရဲ့အကျဉ်းချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့နိုင်ငံရေးဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်လုံး အကျဉ်းထောင်တွေထဲမှာပဲ နှစ်ပေါင်း ၂ဝ ကျော် နေထိုင်ခဲ့ရသူပါ။
ဒေါက်တာဇော်မြင့်မောင် အခုလိုကွယ်လွန်သွားတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ NLD ပါတီရဲ့ မန္တလေးတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးလတ်က ပြောပါတယ်။
"အဓိကတော့ သူ့ရဲ့ရိုးသားမှုပေါ့နော်။ သူ့ရဲ့ထင်ပေါ်ကျော်ကြားမှုကို မမက်မောတာ။ နောက်လူတွေအပေါ်မှာ မေတ္တာထားတာ ဒါ ဆရာရဲ့တကယ်ကိုအင်မတန်ကြီးမားတဲ့ ဂုဏ်တွေပေါ့နော်။ အခုလက်ရှိနိုင်ငံမှာဆိုရင်လည်းပေါ့နော်။ ၂ဝ၁၅၊ ၂ဝ၂ဝ မှာဆိုရင်လည်း ဆရာက မန္တလေးမြို့ကို အများကြီးတည်ဆောက်ပေးသွားတယ်။ ပါတီနဲ့ပတ်သက်လို့ရှိရင်လည်း ဆရာက အများကြီးလုပ်ဆောင်ပေးခဲ့တာရှိတယ်။ ဦးဆောင်မှုပေးခဲ့တာ ရှိတယ်။ တိုင်းပြည်အတွက်ရော ပါတီအတွက်ရော မန္တလေးအတွက်ရော ဆရာက တကယ်ကို တန်ဖိုးဖြတ်လို့မရတဲ့ ဆုံးရှုံးမှုအကြီးစားပါ’’
ဒေါက်တာဇော်မြင့်မောင်ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကတည်းက အဖမ်းခံခဲ့ရသူပါ။
အဂတိလိုက်စားမှု၊ အများပြည်သူအကျိုး ပျက်စီးစေမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံဥပဒေချိုးဖောက်မှု၊ ရွေးကောက်ပွဲမသမာမှု၊ ရွေးကောက်ပွဲအပေါ် မလျော်ဩဇာသုံးမှု စတဲ့ စွဲချက်တွေနဲ့ စစ်ကောင်စီက ထောင်ဒဏ် ၂၉ နှစ် ချမှတ်တာခံခဲ့ရပါတယ်။
တိုင်းပြည်တိုးတက်ရေးလုပ်နေသူတွေကို စစ်ကောင်စီက မတရားထောင်ချထားတာဟာ တိုင်းပြည်ကို ဖျက်ဆီးနေတာပဲလို့ NLD ပါတီရဲ့ သပိတ်ကျင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်က ပြောပါတယ်။
"ဆရာဒေါက်တာဇော်မြင့်မောင်တို့လို အမေဒေါ်အောင်ဆန်းစုကြည်တို့လို တကယ်တော့ NLD ခေါင်းဆောင်တွေမှာ သူတို့ဘာတွေများအပြစ်ရှိသလဲပေါ့ဗျာ။ စွပ်စွဲထားတဲ့ဟာကလည်း တကယ်တမ်းအပြစ်မဟုတ်ပါဘူး။ သို့သော် သူတို့က ကိုယ်ကျိုးရောရှာသလား၊ ကုမ္ပဏီထောင်ခဲ့ဖူးသလား၊ ရာဇဝတ်သားတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ အကျိုးစီးပွားရှာသလား၊ မိသားစုအတွက်ရော ကိုယ်ကျိုးစီးပွားအတွက် လုပ်ခဲ့ဖူးလား၊ မလုပ်တဲ့ ဒီလိုလူမျိုးတွေကို အခုလိုထောင်ထဲမှာ အကျဉ်းချပြီးတော့မှ ကျွန်တော်တို့ပြစ်ဒဏ်ပေးခြင်းဟာ မသင့်လျော်တဲ့အပြင် တိုင်းပြည်ကို ဒါ ကျွန်တော်တို့ ဖျက်ဆီးနေတယ်လို့ တိုင်းပြည်တိုးတက်ရေးကို ချိုးနှိမ်နေတယ်လို့ ကျွန်တော် အဲဒီလိုပြောချင်ပါတယ်’’
ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉ဝ ပြည့်နှစ်မှာ ဖမ်းဆီးခံခဲ့ရစဉ်က ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီး ၂ဝဝ၉ ခုနှစ်မှာ မြစ်ကြီးနားထောင်ကနေ ပြန်လွတ်လာပါတယ်။ ၁၉၉ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ NLD ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။
ဆက်နွှယ်သော သတင်းများ
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်
ဒေါက်တာ ဇော်မြင့်မောင် လုံလောက်တဲ့ဆေးကုသခွင့် မရခဲ့ကြောင်း NUG နဲ့ EU ပြော
ဒေါက်တာဇော်မြင့်မောင်ကို ဂုဏ်ပြုကြောင်း သံရုံးတွေထုတ်ပြန်
သူဟာ မြန်မာ့နိုင်ငံရေးမှာ သမိုင်းမှတ်တမ်းတင်နိုင်ခဲ့သူဖြစ်တယ်လို့ NLD ပါတီရဲ့ မကွေးတိုင်း စေတုတ္တရာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးကလည်း ပြောပါတယ်။
"၈၈ ကတည်းကပေါ့နော်။ ဆရာက ဦးဆောင်ပြီးတော့ တစ်လျှောက်လုံး ဦးဆောင်မှုကို ပေးခဲ့တယ်။ ၂ဝ၁၅ ရဲ့နောက်ပိုင်းမှာတော့ ဒါ အမေစုဦးဆောင်တဲ့ NLD အစိုးရတက်လာတဲ့နောက်ပိုင်းမှာတော့ မန္တလေးတိုင်းမှာဆိုရင် ဆရာ့ရဲ့လုပ်ဆောင်မှုတွေက တော်တော်ကို အထင်အရှားတွေ့ရတဲ့အခြေအနေပါ။ ဒီနိုင်ငံရေးမှာတော့ သမိုင်းတစ်ခုကို ရေးမှတ်နိုင်ခဲ့ပြီပေါ့နော်။ ရေးစိုက်နိုင်ခဲ့ပြီလို့ ပြောလို့ရပါတယ်’’
NLD ပါတီရဲ့ ပဲခူးတိုင်း ရွှေကျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းကလည်း ဒေါက်တာဇော်မြင့်မောင်ကို ချီးကျူးပြောဆိုပါတယ်။
"သူ့ရဲ့ဘဝတစ်လျှောက်လုံးက ထောင်ထဲမှာပဲ နှစ်ပေါင်း ၂၀ လောက်နေပြီးတော့မှ ပြည်သူ့အကျိုး၊ တိုင်းပြည်ရဲ့အကျိုး၊ ပါတီရဲ့အကျိုးတွေကို ဆောင်ရွက်ခဲ့ပါတယ်လို့၊ ခုလည်းသူက ၂၀၁၅ ကနေ ၂၀၂၀ အထိ ငါးနှစ်တာကာလမှာလည်း မန္တလေးမြို့ကြီးကို သူက သေသပ်လှပလာအောင် ပြည်သူလူထုရဲ့အကျိုးတွေကို စွမ်းစွမ်းတမံ ဆရာက ဒီ ငါးနှစ်တာကာလအတွင်းမှာတော့ ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် ဆရာ့လုပ်ဆောင်မှုတွေကို ကျွန်မတို့က ကြက်သီးထဖွယ်ရာ ဂုဏ်ယူလေးစားရပါတယ်’’
ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ရက်လည်ဆွမ်းကျွေးအခမ်းအနားကို မဲဆောက်မြို့ရောက်နေတဲ့ နိုင်ငံရေးအသိုင်းအသိုင်းက လူပေါင်းတစ်ထောင်နီးပါး လာရောက်ခဲ့ပါတယ်။