ငွေကြေးဖောင်းပွမှုကို စစ်ကောင်စီ ဘယ်လိုဖြေရှင်းမလဲ
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး စံချိန်တင် ဆက်တိုက်ကျဆင်းလာနေပြီး အမေရိကန်တစ်ဒေါ်လာကို ကျပ်ငွေ ၅၄၀၀ အထိရောက်နေပြီဖြစ်သလို ရွှေတစ်ကျပ်သားကို ကျပ် ၆၅ သိန်းကျော်အထိ ရောက်ရှိနေပါပြီ။ တစ်လအတွင်း ရွှေစျေး ဆယ်သိန်းကျော်နဲ့ တစ်ဒေါ်လာ ကိုးရာနီးပါး တက်လာခဲ့တာပါ။ ငွေကြေးဖောင်းပွမှုဒဏ်ကို ပြည်သူတွေ ခါးစည်းခံနေကြရတဲ့ ဒီအတောအတွင်းမှာပဲ အာဏာသိမ်းစစ်ကောင်စီက လက်ရှိဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို ငွေကျပ်သုံးသောင်း လစဉ်ထောက်ပံ့သွားမယ်လို့ ထုတ်ပြန်ခဲ့သလို လက်ရှိမြန်မာနိုင်ငံရဲ့စီးပွားအရေးအခြေအနေအရ သမဝါယမစနစ်ကို ကျင့်သုံးမယ်လို့လည်း ကြေညာခဲ့ပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အလားအလာတွေကို ဒီတစ်ပတ်စကားဝိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး၊ စစ်ကိုင်းတိုင်း ရွေ့လျားဆေးကုသရေးတာဝန်ခံ ဒေါ်ရတီအုန်းတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိ စီစဉ်တင်ဆက်ထားပါတယ်။