မုန်တိုင်းသင့် စစ်တွေက သောက်သုံးရေကန်တချို့မှာ ရေငံတွေ စုပ်ထုတ်နေရ
2023.05.22

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ကျေးရွာမှာ ဒေသခံပြည်သူတွေ အဓိကမှီခိုနေကြရတဲ့သောက်သုံးရေကန်သုံးကန်ထဲက နှစ်ကန်မှာ မိုခါ မုန်တိုင်းဒီရေ ဝင်ရောက်သွားခဲ့လို့ လက်ရှိမှာ ရေငံတွေကို ကိုယ်ထူကိုယ်ထစနစ်နဲ့ စုပ်ထုတ်နေကြရပါတယ်။
ကန်ထဲကရေကို သောက်သုံးလို့မရတော့တဲ့အတွက် ခန့်မှန်း ကျပ်သိန်း ၂၀ ကျော်လောက်အကုန်ကျခံပြီး စက်တွေနဲ့ စုပ်ထုတ်နေကြရတာပါ။ မေလ ၂၀ ရက်နေ့ကတည်းက စုပ်ထုတ်နေကြတာဖြစ်ပြီး မေလ ၂၂ ရက် ဒီနေ့ဆိုရင် သုံးရက် တိုင်ခဲ့ပါပြီ။
ကျေးတောပိုက်ဆိပ်ရွာမှာ အိမ်ခြေ လေးရာနီးပါးရှိပြီး လူဦးရေ တစ်ထောင်ကျော် နေထိုင်ကြပါတယ်။
လက်ရှိမှာတော့ ဒေသခံတွေအနေနဲ့ ကျန်ခဲ့တဲ့ ရေကန်ကိုပဲ အားကိုးနေကြရပြီး ဒီရေကန်ဟာဆိုရင်လည်း ခမ်းခြောက်စပြုနေပြီဖြစ်တဲ့အတွက် နောက်ပိုင်း မိုးမရွာခင်ထိတော့ သောက်သုံးရေအတွက် စိုးရိမ်နေကြရပါတယ်။
ဒီကန်ထဲမှာလည်း ရေငံအနည်းငယ်ဝင်ရောက်ခဲ့ပေမယ့် သုံးလို့ရသေးတယ်လို့ ဒေသခံ ကိုအောင်ကျော်ထွန်းက ပြောပါတယ်။ လက်ရှိမှာ ရေသန့်ကားတွေပုံမှန်လာတာလည်း မရှိတဲ့အတွက် ဒီကန်ထဲက ရေကိုပဲ ကျိုချက်သောက်နေတယ်လို့ သူက ပြောပါတယ်။
ရေသန့်ဝယ်လို့ရရင်လည်း မုန်တိုင်းမတိုက်ခင် ကျပ် ၆၀၀ သာပေးခဲ့ရတဲ့ လီတာ ၂၀ ဆံ့ ရေသန့်ဘူးတစ်ဘူးက လက်ရှိမှာ ကျပ် ၁၅၀၀ ထိ ပေးဝယ်နေရတယ်လို့ ကျေးတောပိုက်ဆိပ်ကျေးရွာ ဒေသခံ မနှင်းမိုးခိုင်က RFA ကို ပြောပါတယ်။