ရပ်တည်ရေး ခက်ခဲနေတဲ့ ရခိုင် ကျောက်ဆစ်ပန်းပုလုပ်ငန်း
2023.07.28

ရခိုင်ပြည်နယ် ရှေးဟောင်းမြို့ဖြစ်တဲ့ မြောက်ဦးမြို့ ကြက်စျေးရပ်ကွက်က ဦးလှကြီးဟာ ရခိုင် ကျောက်ဆစ်ပန်းပုပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတာ နှစ်ပေါင်း ၂၀ ကျော်ရှိပါပြီ။
သူဟာ ဒီကျောက်ဆစ်ပန်းပုပညာရပ်ကို ရှေးဟောင်းပုထိုး၊ စေတီတွေမှာရှိတဲ့ ကျောက်ဆစ် ရုပ်ပွားတော်တွေကို လေ့လာကြည့်ရင်း ဒီပညာကို တတ်မြောက်လာခဲ့တာပါ။
အရင်ကတော့ ဒီလုပ်ငန်းကိုလုပ်ကိုင်ရင်း အဆင်ပြေခဲ့ပေမယ့် အခုတော့ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ မရောက်တော့တာကြောင့် အခက်အခဲဖြစ်နေတယ်လို့ RFA ကိုပြောပါတယ်။
"အရင်ကတော့ နိုင်ငံခြားသား ခရီးသည်တွေ အများကြီးရောက်တယ်။ ကျွန်တော့ဆီ လာပြီး ကျောက်ဆစ်ရုပ်တုတွေ လာဝယ်ကြတယ်။ ပြည်တွင်းခရီးသည်တွေလည်း ဝယ်ကြတော့ အဆင်ပြေတယ်။ တစ်နေ့ကို အနည်းဆုံး သုံးယောက်လောက်အထိ လာဝယ်ကြတယ်။ အခုတော့ ဝယ်တဲ့သူ တစ်ယောက်မှ မရှိတော့သလိုဖြစ်သွားပြီ"
သူဟာ ရခိုင် ရှေးခေတ်ဘုရင်နဲ့ မိဖုရား ရုပ်တုတွေ၊ ရခိုင်မင်းသမီး ရုပ်တုတွေကို ရှေးမူအတိုင်း ကျောက်ဆစ်ပန်းပုထုရင်း ရခိုင်ရိုးရာ အမွေအနှစ်တွေကို တစ်ဖက် တစ်လမ်းက ထိန်းသိမ်းနေတာလို့လည်း ဆိုပါတယ်။
လက်ရှိမှာ ရပ်တည်ရေးခက်ခဲနေပေမယ့် ဒီလုပ်ငန်းကိုပဲ တစ်သက်လုံးအမှီပြု လုပ်ကိုင်လာခဲ့တာဖြစ်တာကြောင့် ဒီအတိုင်းပဲ ဖြစ်သလိုရပ်တည်သွားရတော့မယ်လို့လည်း ဆိုပါတယ်။