ကုန်ကြမ်းခက်ခဲလာတဲ့ ပန်းပုလုပ်ငန်း
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း ဒါးပိန်တိုက်နယ်မှာ အရင်က ပန်းပုလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ခဲ့ကြပြီး အခု ကုန်ကြမ်းရှားပါးမှုနဲ့ ဈေးကွက်လိုအပ်ချက်တွေကြောင့် လုပ်ကိုင်သူတွေ သိသိသာသာ လျော့ပါးလာပါတယ်။
ဒါးပိန်မြို့ဟာ ပန်းပုပညာရှင် အများဆုံးထွက်တဲ့ မြို့ဖြစ်တယ်လို့ ပြောကြသလို လက်ရှိမှာတော့ ကုန်ကြမ်း သယ်ရခက်ခဲလို့ ပညာရှင်အချို့ဟာ ကုန်ကြမ်းထွက်တဲ့နေရာတွေဆီ သွားရောက်လုပ်ကိုင် ကြတယ်လို့လည်း ဆိုကြပါတယ်။
မြန်မာ့လက်မှုပညာ ပန်းဆယ်မျိုးထဲက တစ်ခုဖြစ်တဲ့ ပန်းပုလုပ်ငန်းဟာ သစ်သား၊ တိရစ္ဆာန်အစွယ်နဲ့ အရိုး၊ ရွှံ့စေး၊ မြေကြီး၊ ဖယောင်း စတဲ့ အရာဝတ္ထုပစ္စည်းတို့မှာ ရုပ်လုံး၊ ရုပ်ကြွ၊ ရုပ်ခုံး ထွင်းထုတဲ့ ပညာတစ်ခုဖြစ်ပြီး ထုလုပ်လုပ်ရတဲ့ လက်ရာအရွယ်အစားပေါ်မူတည်ပြီးလည်း ဈေးနှုန်းကွဲပြားတာလည်း ရှိပါတယ်။
ပန်းပုပညာလက်ရာတွေဟာ ပျူခေတ်ကာလကနေ စတင်ထွန်းကားခဲ့တာပါ။ ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲကိုလည်း လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ပဲခူးမြို့မှာ ကျင်းပခဲ့ပြီး ဒါးပိန်တိုက်နယ်က ပညာရှင်တွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဆုအများဆုံးရခဲ့တယ်လို့လည်း သိရပါတယ်။