နာမကျန်းတဲ့ဇနီးသည်နဲ့ အခန်းကျဉ်းလေးထဲက မေတ္တာရှင်ပန်းချီဆရာ

RFA Burmese
2023.06.13
နာမကျန်းတဲ့ဇနီးသည်နဲ့ အခန်းကျဉ်းလေးထဲက မေတ္တာရှင်ပန်းချီဆရာ ပန်းချီဆရာ ဦးဌေးကြည်နှင့် ဇနီးဖြစ်သူအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
RFA

အသက် ၆၁ နှစ်အရွယ် ပန်းချီဆရာကြီး ဦးဌေးကြည်ဟာ ကျန်းမာရေးမကောင်းလို့ ၁၆ နှစ်နီးပါး အိပ်ရာထဲလဲနေတဲ့ ဇနီးဖြစ်သူကို ဂရုစိုက်ပြုစုရင်း ပန်းချီရေးဆွဲပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူပါ။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်မြို့သစ်စျေး၊ (က/ခ)ရပ်ကွက်၊ က (၇) လမ်းဆုံမှာရှိတဲ့ မီးရောင်မှိန်ပျပျ အိမ်ခန်းကျဉ်းမှာ ပန်းချီရေးဆွဲနေရတာပါ။

Photo: RFA
Photo: RFA

ပန်းချီရေးဆွဲပစ္စည်းတွေ ဟိုတစ်စ၊ ဒီတစ်စ ပြန့်ကျဲရှုပ်ပွေနေတဲ့ အခန်းကျဉ်းရဲ့အဝင်ဝနား ဒရင်းဘတ်ပေါ် လှဲလျောင်းနေတဲ့ အသက် ၆၁ နှစ်အရွယ် ဇနီးဖြစ်သူဒေါ်နွယ်နွယ်ဦးကို  ခြင်၊ ယင် မောင်းလိုက်၊ စိုးရိမ်မကင်း ကြည့်လိုက်နဲ့ ပန်းချီရေးဆွဲနေပါတယ်။

ဦးဌေးကြည်ဟာ မနက်ဆိုရင်လည်း ထမင်း၊ ဟင်းချက်၊ ဇနီးဖြစ်သူကို ကိုယ်လက်သန့်ရှင်းရေးလုပ်၊ မနက်စာကျွေးပြီးမှ ပန်းချီရေးဆွဲတာကို စတင်တာလို့ ဆိုပါတယ်။

ဒီလိုဖြတ်သန်းခဲ့တာ ၁၆ နှစ်နီးပါးရှိခဲ့ပြီး ဒီလိုအခက်အခဲတွေကြားကပဲ စိမ်းလန်းစိုပြည်တဲ့အပြင် အရောင်အသွေးစုံလင်လှတဲ့ သဘာဝအလှတရားအပြည့် ပန်းချီကားတွေကို သူ ရေးဆွဲနေတာလို့ RFA ကို ပြောပါတယ်။

Photo: RFA
Photo: RFA

“လိုအပ်ချက်တွေရှိနေတဲ့ကြားထဲကနေ ရင်ထဲမှာ မျိုသိပ်ပြီးတော့ ပန်းချီကားကောင်း တစ်ခု ဖြစ်အောင် ဖန်တီးရတာ ဒါပန်းချီဆရာပဲ။ ပန်းချီကားကောင်းရေးမယ် စိတ်ချမ်းသာ၊ လက်ချမ်းသာရှိမှ ရေးမယ်ဆိုရင် ပန်းချီ ကားကောင်းတစ်ကားက မဖြစ် လာနိုင်တော့ဘူး။ အဲဒီ ကျပ်တည်းမှုတွေ၊ မွန်းကျပ်မှုတွေ၊ ပြွတ်သိပ်ခံစားနေရတဲ့ ခံစားချက်တွေကိုသာ တင်ပြပြီးရေးနေရမယ်ဆိုရင်လည်း အချိန်ကုန်သွားမှာပဲ အဖတ်တင်တယ်”

သူ့မှာ အသက်  ၃၀ နဲ့ အသက် ၂၈ နှစ်အရွယ် သားနှစ်ယောက်ရှိပေမယ့် သူ့ အိမ်ထောင် နဲ့သူ ရုန်းကန်နေကြရတဲ့အတွက်  သူတို့ဇနီးမောင်နှံ ကိုယ့်အားကိုယ်ကိုးကြရတယ်လို့ ဆိုပါတယ်။

သားငယ်ဖြစ်သူကတော့ တစ်လကျပ်ငါးသောင်းထောက်ပံ့သလို တစ်လတစ်ခါ သူ့အမေကို လာပြုစုပေးတယ်လို့ ဦးဌေးကြည်က ပြောပါတယ်။

Photo: RFA
Photo: RFA

ဦးဌေးကြည်ကတော့ သားသမီးကိုပေးဆပ်ဖို့ပဲ မွေးဖွားပေးခဲ့တာဖြစ်ပြီး သူတို့ဆီက ဘာမှမမျှော်လင့်သလို သူ့ရဲ့ ပန်းချီပညာရပ်နဲ့ သားနှစ်ဦးကို အရွယ်ရောက်တဲ့အထိ ကျွေးမွေးစောင့်ရှောက်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

သူ ပန်းချီရေးဆွဲခဲ့တာ နှစ်ပေါင်း  ၅၀ ကျော်ကြာခဲ့ပါပြီ။ ၁၀ နှစ်အရွယ်မှာပဲ ပန်းချီကို စသင်ကြားရေးဆွဲခဲ့တာပါ။ အသက် ၁၆ နှစ်အရွယ်မှာတော့ ပုံတူတွေကို တစ်ကား ကျပ် ၂၀ နဲ့ ရေးဆွဲခဲ့တာလို့ ပြောပါတယ်။

Photo: RFA
Photo: RFA

၁၉ နှစ်အရွယ်မှာတော့ ရေဆေးကိုစဆွဲခဲ့ပြီး ဆီဆေးပန်းချီကိုတော့ ၁၉၉၉ ခုနှစ်လောက်မှာ စဆွဲခဲ့ပါတယ်။

ဓားခြစ်ပန်းချီကို အိမ်ထောင်ပြုပြီးနောက် မိသားစုစားဝတ်နေရေးအတွက် ၁၉၉၇ ခုနှစ် လောက်မှာစပြီး ရေးဆွဲခဲ့ပါတယ်။

Photo: RFA
Photo: RFA

မိုးကောင်းဘုရားပွဲအပါအဝင် ဘုရားပွဲစျေးတွေမှာ လိုက်ပတ်ရောင်းခဲ့ပြီး အဲဒီအချိန်တုန်းက ဓားခြစ်ပန်းချီ တစ်ကားကို သုံးကျပ်ခွဲသာရရှိခဲ့တယ်လို့ ပန်းချီဆရာကြီး ဦးဌေးကြည်က ပြောပါတယ်။

အခုတော့ သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ စားဝတ်နေရေးအခက်အခဲကြောင့် ဓားခြစ်ပန်းချီ ကားတစ်ချပ် ကျပ် ၁၅၀၀ ကနေ ကျပ် ၆၀၀၀ ကြားနဲ့ရောင်းချနေပြီး ရေဆေးပန်းချီ ကားတစ်ချပ်ကို ကျပ်သုံးသောင်းနဲ့ ရောင်းချပေးနေ တယ်လို့  ပန်းချီဆရာကြီး ဦးဌေးကြည်က RFA ကို ပြောပါတယ်။

Photo: RFA
Photo: RFA

“ဆရာတွေကတော့ ထင်ကြမှာပဲ။ ပေါလိုက်တာလို့ အသံထွက်နေမှာပဲ။ ပန်းချီကားတစ်ကား သုံးသောင်းနဲ့ ဘယ်မှာမှ မရတော့ပါဘူး။ သို့သော်လည်း ရှားပါးတဲ့ခေတ်ကြီးမှာ ကိုယ်တွေကလည်း ကျန်းမာရေးမကောင်းတဲ့ ဇနီးအတွက် ပိုက်ဆံအများဆုံး စုဆောင်းမိအောင်လို့ သုံးသောင်းနဲ့ ချရောင်းပေးတာ။ ပေါတယ် လို့တော့ ထင်ကြတာပေါ့။ မပေါပါဘူးဗျာ ”

သူ့ပန်းချီကားတွေကို ဒီနောက်ပိုင်းမှာ လူငယ်အများစုဝယ်ယူကြသလို အမှာတွေလည်း ပိုများလာတယ်လို့ ဆိုပါတယ်။

သူ့အိမ်ကို ပန်းချီကားကြည့်ဖို့ရောက်ရှိလာတဲ့ အသက် ၂၂ နှစ်အရွယ် ကိုထက်ပိုင်လင်း ကတော့ အခန်းကျဉ်းထဲက ပန်းချီကားတွေကိုကြည့်ပြီး အံ့ဩလေးစားမိတယ်လို့ RFA ကို ပြောပါတယ်။

Photo: RFA
Photo: RFA

“ရပ်ကွက်ကျဉ်းလေးထဲမှာနေပြီးတော့ အိမ်လည်း ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ နေရသေး တယ်။ ပြီးတော့ ဇနီးတစ် ယောက်လည်းရှိတယ်။ စားဝတ်နေရေးနဲ့ သူ ဒီလိုစိမ်းလန်း စိုပြည်တဲ့ ပန်းချီကားလေးတွေ ဆွဲနိုင်တာတော့ လူငယ်တစ်ယောက်အနေနဲ့ စိတ်ထဲမှာ တော့ အံ့ဩမိတယ်ခင်ဗျ။ နှလုံးသားထဲမှာပေါ့  သူ ဘယ်လိုစိတ်နဲ့ ဆွဲလည်း ဆိုတာတော့ အံ့ဩမိတယ်။ ပြီးတော့အားလည်းကျတယ်။ သူ့လိုမျိုးဖြစ်ချင်တယ်။ သူပန်းချီဆွဲတဲ့အခါ စိတ်က လုံးဝ ပန်းချီဆွဲတဲ့အချိန် ပြုံးပျော်နေတာ၊ လန်းဆန်းနေတယ် သူ့စိတ်ကလုံးဝ”

ဇနီးဖြစ်သူကို တစ်ဖက်က ပြုစုဂရုစိုက်ရင်း ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့ ပန်းချီ ဆရာကြီး ဦးဌေးကြည်မှာ မျှော်လင့်ချက်တစ်ခုနဲ့ ရည်ရွယ်ချက်တစ်ခုသာရှိပါတယ်။

ဒါကတော့ ဇနီးဖြစ်သူ အမြန်နေပြန်ကောင်းလာဖို့နဲ့ ရေဆေးပန်းချီကားပြပွဲ တစ်ပွဲသာ လုပ်ချင်တဲ့ ဆန္ဒဖြစ်တယ်လို့ သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။