ရေစကြိုမြို့နယ် ရွာသုံးရွာက ဒေသခံ ၁၀၀ ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီးထား
ရေစကြိုမြို့နယ် ရွာသုံးရွာက ဒေသခံ တစ်ရာဝန်းကျင်ကို စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးထားပါတယ်။
-
RFA Burmese
2024-05-19 -
-
-
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရွာသုံးရွာက ဒေသခံ တစ်ရာဝန်းကျင်ကို မေလ ၁၇ ရက်နေ့မှာ စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးထားပြီး မေလ ၁၉ ရက်နေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံတပ်နဲ့ ပျူစောထီးအဖွဲ့ပူးပေါင်းထားတဲ့ စစ်ကြောင်းဟာ ဇီးတော၊ ကျောက်ထပ်၊ သဲတော စတဲ့ရွာတွေကို ဝင်ရောက်စီးနင်းပြီး ဒေသခံ တစ်ရာခန့်ကို ကျောက်ထပ်ရွာမှာ ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
"မိသားစုတွေနဲ့ အဆက်အသွယ်မရဘဲ ပျောက်နေတဲ့သူတွေလည်းရှိတယ်ဗျ"
ကျောက်ထပ်ရွာကို စစ်ကြောင်းဝင်ရောက်စီးနင်းချိန် ထွက်ပြေးခဲ့တဲ့ ပရဟိတကျောင်းဆရာမ ဒေါ်ဝင်းမာကတော့ သေနတ်နဲ့ အပစ်ခံရတာကြောင့် ဦးခေါင်းမှာကျည်ဆန်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ စစ်ကြောင်းဝင်လာချိန် လွတ်အောင်မပြေးနိုင်ဘဲ ကျန်နေတဲ့ အရပ်သားတွေဖြစ်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျောင်းနေအရွယ် ကလေးရော၊ CDM ဆရာမတွေရော ဖမ်းထားတာ ကြားထားတယ်။ လွတ်လာတယ်ဆိုတာက လောလောဆယ်တော့ တချို့ သဲတောရွာနားမှာ ပြန်လွတ်တယ်လို့ ကြားတယ်။ ဒါပေမဲ့ အခုထိ ပြန်မလွတ် သေးတာတွေလည်းရှိတယ်။ ကျွန်တော်တို့ ကျောက်ထပ်ကဆိုရင် ကလေးငယ်လေးတွေ၊ ကျောင်းသားလေးတွေကအစ အခုထိ အဆက်အသွယ်မရဘဲ ပျောက်နေတာရှိသေးတယ်။ သူတို့မိတယ်လို့လည်း မကြားဘူး။ ကြားထဲမှာ မိသားစုတွေနဲ့ အဆက်အသွယ်မရဘဲ ပျောက်နေတဲ့သူတွေလည်းရှိတယ်ဗျ"
ဇီးတောရွာက နေအိမ်ငါးဆယ်လောက်ကိုလည်း အဲဒီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
တစ်ဆက်တည်းရှိနေတဲ့ အဲဒီရွာသုံးရွာမှာ အိမ်ခြေငါးရာခန့်ရှိပြီး စစ်ကြောင်းဝင်လာချိန် ထွက်ပြေးလွတ်မြောက်သူ တချို့ရှိပေမဲ့ သူတို့နဲ့လည်း အဆက်သွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁၇ ရက်မနက်အစောပိုင်း ရေစကြိုနဲ့ ပခုက္ကူအကြားမှာရှိတဲ့ ကာကွယ်ရေးတပ်စခန်းကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းချိန် ကျောက်ထပ်ရွာနားမှာ ကြားဖြတ်တိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အဲဒီစစ်ကြောင်းဟာ ရွာတွေထဲကို ဝင်ရောက်စီးနင်းပြီး အရပ်သားတွေကို ဖမ်းဆီးခဲ့တာလို့ ရေစကြိုကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုဝေကြီးက RFA ကို ပြောပါတယ်။
"၁၇ ရက်နေ့ မနက်ငါးနာရီလောက်က PDF စခန်းတစ်ခုကို ဝင်စီးတယ်။ ပြီးတော့ ရွာတွေမှာတစ်ခါ စစ်ကြောင်းဝင်လာတာ။ ဝင်လာရင်းနဲ့ တိုက်ပွဲတွေဘာတွေ အဲဒီဘက်က ဒေသခံအဖွဲ့တွေနဲ့ ဖြစ်သေးတယ်။ အဓိကကတော့ စစ်ကြောင်းဝင်တယ်။ ဒီမှာနေတဲ့အခါ သူတို့ကို ဝင်မတိုက်အောင် ပြည်သူတွေကိုဖမ်းပြီး ဓားစာခံလုပ်ထားတဲ့ သဘောပါပဲ။ သူတို့ထွက်လာရင်တော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပဲ၊ ပြန်လွှတ်မလား၊ ဒါမှမဟုတ် ဖမ်းသွားမလား စောင့်ကြည့်ရမှာပဲ"
အဲဒီစစ်ကြောင်းဟာ ဖမ်းထားတဲ့ ဒေသခံ တစ်ရာခန့်နဲ့အတူ ကျောက်ထပ်ရွာမှာပဲ ဆက်ရှိနေပြီး ပြန်ထွက်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ဒီလိုဖမ်းဆီးထားမှုအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၁၇ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ငါးထောင်ကျော် (၅,၀၉၈ ဦး) သတ်ဖြတ်ခံခဲ့ရပြီး နှစ်သောင်းခွဲကျော် (၂၆၆၉၅ ဦး) အထိ ဖမ်းဆီးခံထားရပါတယ်။