ပြစ်မှုပြစ်ဒဏ်ရှိပေမယ့် ရန်ကုန်ဒုမြို့တော်ဝန် ဖြစ်လာတဲ့အပေါ် ဝေဖန်မှုတွေရှိနေ


2019.04.23
usoelwin-622 ရန်ကုန်မြို့ ဒုမြို့တော်ဝန် ဦးစိုးလွင်။
Photo: U Soe Lwin/ Facebook

ရန်ကုန်မြို့ရဲ့ ဒုမြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဦးစိုးလွင်ဟာ လွန်ခဲ့တဲ့ ၅ လလောက်က စမ်းချောင်းမြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၄ (ခ) ၊ ရာဇသတ်ကြီးပုဒ်မ ၅ဝ၆ တို့နဲ့ ပြစ်ဒဏ်စီရင်ခြင်းခံခဲ့ရပြီး စည်ပင်ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၂၈ နဲ့ ငြိစွန်းခဲ့ပေမယ့် ရန်ကုန်တိုင်းဥပဒေချုပ်ရဲ့ အကြံပေးချက်နဲ့ ရွေးကောက်ပွဲကော်မရှင်က ဦးစိုးလွင်ကို ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ပြုခဲ့ပါတယ်။

ဒီလို ဥပဒေကို ကျော်လွန်ခွင့်ပြုခဲ့တာနဲ့ ပတ်သက်ပြီး ပြိုင်ဘက် ကိုယ်စားလှယ်တွေနဲ့ ဥပဒေပညာရှင်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။

RFA သတင်းထောက် မသက်စုအောင် က စုစည်း တင်ပြထားပါတယ်။

■ ရန်ကုန်မြို့ရဲ့ ဒုမြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဦးစိုးလွင်ဟာ  လွန်ခဲ့တဲ့ ၅ လလောက်က ဒုတိယမြို့တော်ဝန် အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ဦးစိုးလွင်ဟာ ပြီးခဲ့တဲ့  ၂၀၁၈ ခုနှစ်က စမ်းချောင်းမြို့နယ် အောင်ချမ်းသာ ရပ်ကွက်၊ ဗဟိုလမ်းမှာ  တစ်တိုက်တည်းနေထိုင်သူ ဒေါ်မြမြသန်းဆိုတဲ့ အမျိုးသမီးနဲ့ ခြံစည်းရိုးကာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာကနေ ဒေါ်မြမြသန်းအပေါ် ညစ်ညမ်းစွာဆဲရေးမှု၊  ခြိမ်းခြောက်မှုတွေနဲ့ စမ်းချောင်းမြို့နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။

စမ်းချောင်းမြို့နယ် တရားရုံးက ဦးစိုးလွင်ကို  ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၄ (ခ) ၊ ရာဇသတ်ကြီးပုဒ်မ  ၅၀၆ တို့ နဲ့ ငွေဒဏ်အသီးသီးချမှတ်ခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စမ်းချောင်းမြို့နယ်တရားရုံးကို RFAက သွားရောက်စုံစမ်းခဲ့ပြီး ဦးစိုးလွင်ကို ပြစ်ဒဏ်ချမှတ် စီရင်ခဲ့တာ မှန်ကန်ကြောင်း စမ်းချောင်းမြို့နယ် တရားသူကြီး၊ သတင်းပြန်ကြားရေးအရာရှိ ဒေါ်လွင်လွင်ဌေးက အတည်ပြုခဲ့ပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၂၉၄ (ခ) က မည်သူမဆို အခြားသူများ စိတ်ငြိုငြင်အောင် အများပြည်သူဆိုင်ရာနေရာ တစ်ခုခုတွင် ညစ်ညမ်းသော ပြုလုပ်မှု တစ်ခုခုကို ပြုလျှင်၊ သို့တည်းမဟုတ် အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ဖြစ်စေ အနီးနားတွင်ဖြစ်စေ ညစ်ညမ်းသော ကဗျာ၊ လင်္ကာ၊ သီချင်း၊ စကားတစ်မျိုးမျိုးကို ရွတ်ဆိုခြင်း၊ သီဆိုခြင်း၊ ပြောဆိုခြင်း တစ်ခုခုပြုလျှင် ထိုသူကို သုံးလထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ၊ ချမှတ်ရမည် လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်  ရာဇသတ်ကြီးပုဒ်မ ၅၀၆ အရ မည်သူမဆို ရာဇဝတ်မကင်းသောချောက်လှန့်မှုကို ကျူးလွန်လျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်လို့ ရာဇသတ်ကြီး ဥပဒေမှာ ဖော်ပြထားပါတယ်။

ဦးစိုးလွင်ရဲ့အမှုဟာ ၂၀၁၈ ခုနှစ် ၃ လပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တရားရုံးက ၂၀၁၈ခုနှစ် နိုဝင်ဘာလမှာ စီရင်ချက်ချခဲ့တာဖြစ်လို့ စည်ပင်ရွေးကောက်ပွဲမဝင်ခင် ၅ လအတွင်း ပြစ်ဒဏ်စီရင်ခံခဲ့ရတာဖြစ်ပါတယ်။

၂၀၁၈ စည်ပင်ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၂၈ အရ ကိုယ့်ကျင့်တရားဆိုင်ရာ ပြစ်မှုကျူးလွန်လို့ ပြစ်မှုထင်ရှားစီရင်ခြင်းခံရဖူးတဲ့ ပုဂ္ဂိုလ်တွေဟာ ကိုယ်စားလှယ်လောင်းအဖြစ် မှတ်ပုံတင်ခွင့်နဲ့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရလို့ ဖော်ပြထားပါတယ်။

ဦးစိုးလွင် ပြစ်ဒဏ်စီရင်ခံခဲ့ရတဲ့ ပုဒ်မ ၂၉၄ (ခ)ဟာ ရာဇသတ်ကြီးဥပဒေ အခန်း ၄ မှာ ပြဌာန်းထားတဲ့ ကိုယ်ကျင့်တရားရှိမှုကို ထိခိုက်စေသောပြစ်မှုများဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကျုံးဝင်နေတာကိုတွေ့ရပါတယ်။

ဒါပေမဲ့လည်း စည်ပင်ရွေးကောက်ပွဲကော်မရှင်က ဦးစိုးလွင်ကို စည်ပင်ကိုယ်စားလှယ်လောင်းအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်။

ဦးစိုးလွင်ကို ကိုယ်စားလှယ်လောင်းအဖြစ် ခွင့်ပြုခဲ့တာနဲ့ ပတ်သက်ပြီး စည်ပင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က

"ဒီဟာက ဥပဒေပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ဒီလူဟာအကျင့်စာရိတ္တနဲ့ပတ်သက်မှုရှိမရှိဆိုပြီးတော့ ရန်ကုန်တိုင်းဥပဒေချုပ်ဆီကို ကျတော်တို့က လှမ်းပြီးတော့ စာနဲ့မေးရတာပေါ့နော်၊မေးတော့ ဒီအကျိုး အကြောင်းတွေ အချက်အလက်တွေကိုဖော်ပြပြီးတော့ ဥပဒေချုပ်ကနေပြီးတော့ ဒါအကျင့်စာရိတ္တနဲ့မပတ်သက်တဲ့ ပြစ်မှုဖြစ်တယ်ဆိုတဲ့ သူတို့ဆီကနေ ပြန်စာရတဲ့အခါကြတော့ အဲဒီလူကို ကျတော်တို့က ပြန်ပြီးတော့ ပြန်လက်ခံပေးရတာပေါ့နော်၊ အဲဒါမျိုးရှိတယ်"

တိုင်းဥပဒေချုပ်ရုံးက ဒီပုဒ်မဟာ ကိုယ်ကျင့်တရားရှိမှုကို ထိခိုက်စေတဲ့ ပြစ်မှုမဟုတ်ဘူးလို့ ရွေးကောက်ပွဲကော် မရှင်ကို အကြံပြုခဲ့တာနဲ့ ပတ်သက်ပြီး တိုင်းဥပဒေချုပ် ဒေါ်ခင်မျိုးကြည်ကိုလည်း RFA က ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။

"အကျင့်စာရိတ္တနဲ့ပတ်သက်တဲ့ပြစ်မှု ဟုတ်တယ် မဟုတ်ဘူးဆိုတာကိုပဲ အန်တီတို့က အကြံပေးလိုက်တာပေါ့နော်၊ အန်တီတို့နောက်ပိုင်းတွေမှာ အကျင့်စာရိတ္တနဲ့ ပတ်သက်တဲ့ပြစ်မှုဆိုပြီးတော့ နိုင်ငံတော်ကောင်စီက ထုတ်ပြန် ထားတဲ့အမိန့်တွေရှိတယ်၊ နိုင်ငံရေးပြစ်မှုက ဘာပုဒ်မတွေ၊ ဘာပုဒ်မတွေကျူးလွန်ရင် နိုင်ငံရေးပြစ်မှု၊ ဘာပုဒ် မတွေက အကျင့်စာရိတ္တနဲ့ ပတ်သက်တဲ့ပြစ်မှု၊ဘယ်ပုဒ်မတွေက လူမှုရေးပြစ်မှုဆိုပြီး သတ်မှတ်ထားတာတွေ ရှိတယ်လေ၊ အဲလိုရှိတဲ့အထဲမှာတော့ မပါဘူးပေါ့၊ အဲဒါကြောင့်မို့ အန်တီတို့ရုံးကလည်း အဲလိုအကြံပေးတာပေါ့"

ဒါကတော့ ရန်ကုန်တိုင်းဥပဒေချုပ် ဒေါ်ခင်မျိုးကြည် ပြောသွားတာပါ။

ပုဒ်မ ၂၉၄(ခ)ဟာ ရာဇသတ်ကြီးဥပဒေ အခန်း ၁၄ မှာ ပြဌာန်းထားတဲ့ ကိုယ်ကျင့်တရားရှိမှုကို ထိခိုက်စေသောပြစ် မှုဖြစ်ပေမယ့် တိုင်းဥပဒေချုပ်က  အခုလို အကြံပြုခဲ့တဲ့အပေါ် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဥပဒေသဘောတရားအရ အခုလို မှတ်ချက်ပေးပါတယ်။

"ရာဇသတ်ကြီးမှာ ဒါဟာအကျင့်စာရိတ္တဆိုင်ရာ ပုဒ်မတွေဖြစ်တယ်လို့ ပြဌာန်းထားရင် ရာဇသတ်ကြီး ဒီနေ့အချိန်အထိ အတည်ဖြစ်နေတာ၊ ပြင်ဆင်တဲ့အပိုင်းတွေရှိတယ်၊ ဒါပေမဲ့ အဲဒီဟာမပါလောက်ဘူး၊ နိုင်ငံတော်ကောင်စီက ကြေညာချက်ထုတ်တာ ဆရာသိရသလောက်တော့ ၁၉၈၀ ခုနှစ်မှာ အောက်ပါပုဒ်မများသည် နိုင်ငံရေးပြစ်မှုများဖြစ်ကြပါသည်လို့ ထုတ်ပြန်ထားတဲ့အချက်တော့ရှိတယ်၊ အဲဒီမှာအကျင့်စာရိတ္တနဲ့ဆိုင်တဲ့ ပြစ်မှုထုတ်ပြန်ပေးတယ်လို့ ငါတော့မသိဘူး၊ နိုင်ငံတော်ကောင်စီက ထုတ်ပြန်ချက်သည် သာမန်ကြေညာချက်တစ်စောင်မျှသာဖြစ်တယ်၊ ရာဇသတ်ကြီးမှာ ဖော်ပြချက်တွေက အတည်ပြုပြဌာန်းထားတဲ့ အက်ဥပဒေဖြစ်တယ် ဒါကြောင့်မို့ ရာဇသတ်ကြီးက လွှမ်းမိုးတယ်၊ ဒါကြောင့်မို့ ရာဇသတ်ကြီးဥပဒေမှာ ပြဌာန်းထားတာက အကျင့်စာရိတ္တနဲ့ဆိုင်တဲ့ ပြစ်မှုဆိုရင် ဒါအကျင့်စာရိတ္တနဲ့ဆိုင်တဲ့ ပြစ်မှုအဖြစ်ပဲ ကောက်ယူမှတ်နိုင်မယ်၊ ဒါဥပဒေသဘောပဲ"

စည်ပင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဒုမြို့တော်ဝန်လို နေရာမျိုး ရွေးကောက်တင်မြှောက်ခံရသူဟာ အစကတည်းက   ပြစ်မှုကင်းရှင်းသူ ဖြစ်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးစောထိန်သိန်းက သူ့အမြင်ကို အခုလို ပြောပါတယ်။

"အခုဒီပြစ်မှုရှိခဲ့တယ်ဆိုတဲ့ဟာကို ဥပဒေရုံးကတော့ အကြောင်းပြန်တဲ့သဘောအရ ဒီပြစ်မှုရှိခဲ့ပေမယ့်လည်း ဒါကိုပြစ်မှုသေးတယ်လို့ ဥပဒေရုံးက ယူဆတယ်ဆိုတာကြတော့ ဒါပေမဲ့ တကယ်တန်းဆိုရင်တော့ သန့်ရှင်းတဲ့ လူဖြစ်စေချင်တာပေါ့နော်၊ နိုင်ငံရေးမှာပေါ့နော်၊ ပြစ်မှုနဲ့ပတ်သက်ရင် ကင်းရှင်းစေချင်တယ်၊ ကျတော်တို့အမြင်ပေါ့၊ ဥပဒေကြောင်းအရ တားမြစ်ထားတဲ့ဟာကို တားမြစ်ထားတာလည်း တစ်ပိုင်းဖြစ်နေတယ်၊ တစ်ဖက်က လည်းမြင်နိုင်တယ် ဒါဟာဥပဒေအရ တားမြစ်ထားရဲ့သားနဲ့ ဥပဒေရုံးက လျော့ပေါ့လိုက်တာလို့ မြင်လာနိုင်တယ်၊ အဲလိုမြင်လာနိုင်ရင် မကောင်းဘူးပေါ့ဗျာ၊ သံသယကင်းရှင်းတဲ့ဟာမျိုးပဲ ဖြစ်စေချင်တယ်"

လက်ရှိ NLD ပါတီဝင်လည်းဖြစ်သူ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးကျော်ဇေယျကတော့ စည်ပင်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်ဟာ တစ်စုံတစ်ရာရဲ့ လွှမ်းမိုးမှုကိုခံရပြီး  ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ခြင်း မရှိတာကြောင့် အခုလိုမျိုးဖြစ်စဉ်တွေရှိခဲ့တာလို့ သူ့အမြင်ကိုပြောပါတယ်။

"ဒီဟာအနှစ်သာရကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်ပဲလေ၊ သူတို့က တိတိကျကျလုပ်ရမှာပေါ့၊ တိတိကျကျလုပ်ရမယ်ဆိုတာ ဘယ်သူ့ရဲ့လွှမ်းမိုးမှုကိုမှ မနာခံဘဲနဲ့ မှန်မှန်ကန်ကန်လုပ်သင့်တာပေါ့၊ Fair ဖြစ်သင့်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ပါတီကပဲပြိုင်ပြိုင်၊ ပုဂ္ဂလိကပဲပြိုင်ပြိုင်၊ ဒါကတော့ တပြေးညီဖြစ်သင့်တယ်၊ တကယ်တမ်းကြတော့ ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်ပြောတာပဲ ပါတီတွေ စစချင်းက ပြိုင်လို့မရဘူး၊ ပါတီကိုယ်စားပြုပြိုင်လို့မရဘူး၊ နောက်ကြတော့ ပြိုင်လို့ရတယ် ဖြစ်သွားပြန်ရော၊ တကယ်တမ်းကြတော့ ဒီရန်ကုန်စည်ပင်ရွေးကောက်ပွဲကော်မရှင်ကြီးတစ်ခုကိုယ်တိုင်ကကို သိပ်ပြီးတော့ အန်ကယ်အနေနဲ့ကတော့ တခြားဟိုဟာရဲ့ လွှမ်းမိုးမှုကို နာခံနေရတဲ့သဘောဖြစ်နေတယ်၊ ပြတ်သားမှုမရှိဘူး၊ သူလွတ်လွတ်လပ်လပ် လုပ်တဲ့ အနေအထားမရှိဘူးဆိုတာကို သက်သေပြလို့ရတယ်၊ ဘာကြောင့်ဆိုတော့ ပါတီကိုယ်စားပြုပြိုင် လို့ရတယ် မရဘူးဆိုတဲ့အချက်ကိုက ထင်ရှားနေပြီ ကျန်တဲ့ဟာတွေမကြည့်နဲ့တော့၊ အဲလောက်ပဲ အန်ကယ်ပြောချင်ပါတယ်"

ဒါနဲ့ပတ်သက်လို့ စည်ပင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ အလှမယ် ထက်ထက်ထွန်းက

"သာမန်လူမှုရေးအရကြည့်ရင်တော့ ဒီပြစ်မှုက အရမ်းကြီးလေးတဲ့ ပြစ်မှုမဟုတ်ဘူးဆိုပေမယ့် ရွေးကောက်ပွဲ ဝင်တဲ့သူအနေနဲ့ ရှိသင့်ရှိထိုက်တဲ့စည်းမျဉ်းစည်းကမ်းထဲမှာတော့ ဒါက ဖောက်ဖျက်နေတာမျိုးဖြစ်နေတာပေါ့၊ အဲဒါကို ကော်မရှင်ကလည်းခွင့်ပြုထားပြီး ဝင်ပြိုင်ခိုင်းတာဆိုတော့လည်း အဓိကတော့ အားနည်းက ကော်မရှင်လို့လည်း ပြောလို့ရမှာပေါ့၊ ဒါသာတရားမမျှတဘူးလို့ ပြောခဲ့မယ်ဆိုရင် ကော်မရှင်ကစပြီး တရားမမျှတဘူးလို့ပြောရမှာပေါ့"

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့ Rဝse Garden ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ဒိန်းမတ်အင်စတီကျူမှာ ပြုလုပ် တဲ့ မဲရုံကိုယ်စားလှယ် သင်တန်းပွဲမှာ ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေက ပါတီတစ်ခုက ပြစ်မှုရှိခဲ့တဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက်ကို ပယ်ရမှာဖြစ်ကြောင်း ပြောကြားခဲ့တာမျိုးရှိပြီး နောက်ပိုင်းမှာတော့ ဒီကိစ္စ နဲ့ပတ်သက်ပြီး ကော်မရှင်အနေနဲ့  အတိအလင်း အသိပေးတာမျိုးမရှိခဲ့သလို အခုချိန်ထိလည်း ဦးစိုးလွင်ကိစ္စနဲ့ ပတ်သက်ပြီး မဲပေးခဲ့တဲ့ မဲဆန္ဒရှင် ပြည်သူတွေနဲ့ ပြိုင်ဘက်ကိုယ်စားလှယ်တွေပေါ် ပွင့်လင်းမြင်သာစွာချပြတာမျိုး မရှိသေးဘူးလို့ စည်ပင်ရွေးကောက်ပွဲ မဲဆန္ဒနယ်အမှတ် ၃ မှာ ဒုတိယမဲအများဆုံးရရှိခဲ့တဲ့  ကိုအောင်ခန့်က ပြောပါတယ်။

"စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်ကကိုပဲ၊ အဲပွဲမှာ တက်ပြီးသွားတော့ ဆောရီး ကျတော်တို့ ခဏလေး အချိန်မရှိဘူးပေါ့နော်၊ ခဏနေရင် ကျတော်တို့သွားရဦးမယ်၊ ကိုယ်စားလှယ်လောင်းတစ်ယောက်မှာ အမှုရှိလို့ပယ်ရမယ်ဆိုပြီးတော့ ကျတော်တို့ကို ပြောသွားတာရှိတယ်၊ ကျတော်တို့ သိလိုက်ရတာ မတ်လ ၁၈ ရက်နေ့ဆိုတာ ကျတော်တို့အချိန်ရှိသေးတယ်၊ မဲပေးတဲ့သူတွေကို အသိပေးဖို့ အချိန်ရှိသေးတယ်၊ ကျတော်တို့တွေ ကိုယ်စားလှယ်လောင်းတွေအချင်းချင်းကိုလည်း အသိပေးဖို့ ကော်မရှင်အနေနဲ့ အချိန်ရှိသေးတယ်၊ အဲတော့ ကျတော်တို့ကို ဘာကြောင့် ဒီကိစ္စကို အဲပွဲမှာကြတော့ ထုတ်ပြောပြီးသွားတော့ နောက်ကြတော့မှ ဘာလို့ မဖြစ်သွားလဲ၊ အခုမှပြန်သိရလဲဆိုတာတော့ မေးခွန်းတစ်ခုရှိပါတယ်၊ အခုလိုနောက်ကြပြီးတော့မှ ထပ်ပြီး သိလာ ရတယ်ဆိုရင်ရော ကျတော်တို့ကို ဘယ်လိုပြန်ရှင်းပြမလဲဆိုတာကိုတော့ အဲဒါလေးတွေ တာဝန်ယူစေချင်ပါတယ်"

ဦးစိုးလွင်အနိုင်ရရှိခဲ့တဲ့ မဲဆန္ဒနယ်ထဲက  ပြိုင်ဘက်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးခင်လှိုင်ကလည်း ရွေးကောက်ပွဲကော်မရှင်မှာ ဦးစိုးလွင်ကို ပုဒ်မ ၅ ခုနဲ့  ကန့်ကွက်လွှာတင်ထားတယ်လို့ သိရပါတယ်။

"ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေ သူရဲ့လုပ်တာတွေဟာ ဥပဒေပါအတိုင်း ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ အန်ကယ်တို့က လိုချင်လာပြီပေါ့နော်၊ပြောချင်တာ"

ဦးခင်လှိုင် ပြောသွားတာပါ။

ကာယကံရှင်ဖြစ်တဲ့ ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန် ဖြစ်နေပြီဖြစ်တဲ့ ဦးစိုးလွင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဦးစိုးလွင်ဟာ  အသက် ၆၅ နှစ်ရှိပြီး ဘီအီး ဘွဲရထားသူ ဖြစ်ကာ NLD ပါတီကိုယ်စားပြုပြီး ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၃ ကနေ စည်ပင် ကော်မတီဝင်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်အဖြစ် ကော်မတီဝင်တွေက မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။