ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲအကြောင်း တင်ပြချက်


2014.12.27

ပထမဆုံးအကြိမ် ပြည်သူတွေက မဲပေးတဲ့စနစ်နဲ့ ရွေးချယ်တင်မြှောက်ခွင့်ရှိတဲ့ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကို ဒီနေ့ ရန်ကုန်စည်ပင်သာယာရေး နယ်နမိတ်အတွင်းက မြို့နယ် ၃၃ မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။

RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

ဒီနေ့ကျင်းပတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲမှာ ရန်ကုန် စည်ပင် နယ်နမိတ်အတွင်းမှာ နေထိုင်တဲ့လူဦးရေ ငါးသန်းကျော်မှာ လေးသိန်းကျော် မဲပေးခွင့်ရရှိခဲ့ပါတယ်။

ရွေးကောက်ပွဲ သက်မှတ်ချက်အရ တစ်အိမ်ထောင်မှာ လူတစ်ဦးသာမဲပေးခွင့်ရရှိတာဖြစ်ပါတယ်။ အများအားဖြင့် အိမ်ထောင်ဦးစီးတွေသာ မဲပေးခွင့်ရှိခဲ့တာဖြစ်ပြီး တစ်အိမ်ထောင်တစ်ဦးဆိုပေမယ့် မဲပေးခွင့် မရခဲ့သူတွေ အတော်များများရှိခဲ့ပါတယ်။

တစ်အိမ်တစ်ယောက်လို့ ပြောထားပေမယ့် တကယ်တမ်း မဲပေးခွင့်ရှိသူဟာ အိမ်ထောင်ဦးစီးအမည်ပေါက်သာ မဲပေးခွင့်ရှိတာဖြစ်တဲ့အတွက် မဲမပေးရပဲပြန်လာရတဲ့ သူတွေလည်းရှိပါတယ်။

ဗဟန်းမြို့နယ် ရေတာရှည်လမ်းမှာနေထိုင်တဲ့ ဒေါ်ကြည်ကြည်ဆန်းဟာ သေဆုံးသွားတဲ့ အိမ်ထောင်ဦးစီး အမည်သာ မဲရုံမှာအမည်ပေါက်ဖြစ်နေတာကြောင့်  မဲမပေးပဲပြန်လာခဲ့ရတယ်လို့ အခုလို ပြောပြပါတယ်။

ကြည်ကြည်ဆန်း။                  ။လွန်ခဲ့တဲ့တစ်လက အန်တီကလာပြီးတော့ စာရင်းသွင်းထားပြီးတော့ မဲပေးမယ် ဆိုပြီးတော့ လက်မှတ်လာထိုးတာပါ၊ လက်မှတ်လာထိုးတော့ ဒီနေ့မဲပေးရမယ်ဆိုပြီးတော့ လာကြည့်တဲ့အခါ ကျတော့ အန်တီ့စာရင်းမပါဘူး၊ ဒါပေမယ့် အန်တီ့စာရင်းထဲမှာ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ဆုံးသွားတဲ့ အဒေါ်ရဲ့ နာမည်ပါလို့ အန်တီတို့က သန်းခေါင်စာရင်းရယ်၊ မှတ်ပုံတင်ရယ်ပြပြီးတော့ မဲလာပေးတာ မဲပေးခွင့်မရှိပါဘူး၊ သန်းခေါင်စာရင်းကို လူတစ်ယောက်သာ မဲပေးခွင့်ရှိတယ်ဆိုပြီးတော့ စာရင်းကောက်တဲ့အထဲမှာဆိုရင် သေသူ စာရင်းတွေပါပြီးတော့ အန်တီတို့တကယ်မဲဆန္ဒပေးချင်တဲ့ သူတွေကျတော့ မဲပေးခွင့်မရခဲ့ပါဘူး သမီးရယ်။

မဲရုံမှာအမည်ပေါက်တဲ့သူသာ မဲပေးခွင့်ရှိတယ်ဆိုတာဟာ မဲပေးခွင့်ဆုံးရှုံးတာဖြစ်သလို ကိုယ်စားလှယ်တွေ အတွက်လည်း နစ်နာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ကိုယ်စားပြုပြီး ဗဟိုအဆင့်ဝင်ရောက် ယှဉ်ပြိုင်တဲ့ နော်စူစန်နာလှလှစိုးက ပြောပါတယ်။

နော်စူစန်နာလှလှစိုး။               ။တစ်ချို့တွေဆိုလို့ရှိရင် နာမည်၊ သန်းခေါင်စာရင်းရှိတယ်၊ မှတ်ပုံတင်ရှိတယ်၊ ဒီကိုရောက်ပြီးမှ စာရင်းမပါဘူးဆိုပြီး ပြန်လည့်သွားရတယ်၊ အဲ့လိုမျိုးတွေဖြစ်တဲ့အခါမှာ မှန်ကန်တဲ့မဲပေးချင်တဲ့ လူတွေက တော်တော်လေး စိတ်တိုတယ်၊ စိတ်လည်းညစ်သွားတယ်၊ ကျမ အင်းစိန်တောင်သူကုန်းက မဲရုံတစ်ရုံ မှာဆိုလို့ရှိရင် သူတို့မဲလာပေးကတည်းက သူတို့နာမည်ပေးထားတဲ့ ယောက်ကျားကအပြင်မှာ ထွက်ပြီးအလုပ်လုပ် တယ်၊ နိုင်ငံခြားသွားတယ် သူနာမည်ကိုယ်တိုင် သေသေချာချာပေးခဲ့ပါလျက်နဲ့ ဒီရောက်တော့သူ့နာမည်မဟုတ်ပဲနဲ့ သူ့အမျိုးသားရဲ့နာမည်ဖြစ်နေတယ်၊ တစ်ယောက်ကလည်းဆုံးသွားတဲ့ ခင်ပွန်းရဲ့နာမည်ဖြစ်နေတယ်၊ အဲ့ဒီလိုတွေ ကျတော့ ၁ဝ ယောက်လောက်တွေ့ခဲ့တယ်၊ အဲ့ဒါတွေကျတော့ ကျမတို့အတွက် အရမ်းကိုနစ်နာပါတယ်။

ဒီနေ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲအတွက် မဲဆန္ဒ ရှင်တွေဟာ မနက် ၆ နာရီကနေ့ ၄ နာရီအထိ သက်ဆိုင်ရာမဲရုံတွေမှာ မဲပေးခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြို့နေပြည်သူအတော်များများက စည်ပင်ရွေးကောက်ပွဲမှာ မဲပေးဖို့စိတ်ဝင်စားမှု အားနည်းတာ ကိုတွေ့ရ တယ်လို့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

ဒေါ်ညိုညိုသင်း။                    ။မဲရုံတစ်ရုံကိုသွားပြီးတော့ လေ့လာတဲ့အခါမှာ မဲရုံက ၆ဝဝ ကျော်လာရမယ့်မဲ ရုံပေါ့နော်၊ အဲ့ဒါနေ့လည် ၂  နာရီထိုးခါနီးအထိ သူတို့ ၁၇ဝ လောက်ပဲလာတယ်၊ အများကြီးကျန်နေတာကို တွေ့ရ တယ်ပေါ့နော်၊ မဲဆန္ဒစာရင်းကပဲမမှန်တာလား ဒါမှမဟုတ် လူတွေကပဲစိတ်ဝင်စားမှုမရှိလို့များ မလာတာလား၊ ဒါမှမဟုတ် ဝင်ရောက်ရွေးချယ်ခံတဲ့ ကိုယ်စားလှယ်လောင်းတွေအပေါ်မှာပဲ စိတ်ဝင်စားမှုမရှိလား အန်တီတို့ အဖြေထုတ်လို့မရဘူးပေါ့။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်တင်မြှောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၂၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်သူထဲက မြို့နယ်၊ ခရိုင်နဲ့ မြို့တော်အဆင့် အသီးသီးအတွက် ၁၁၅ ဦးကိုရွေးချယ်မှာဖြစ်ပါတယ်။

မဲပေးမယ့်မဲဆန္ဒရှင်တွေဟာ မိမိမြို့နယ်အတွက် ကိုယ်စားပြုသူ ခုနှစ်ဦးကို မဲပေးရတာဖြစ်ပါတယ်။ မြို့တော် အဆင့်အတွက် တစ်မဲ ၊ခရိုင်အဆင်နဲ့ မြို့နယ်အဆင့်တွေအတွက် ရပ်မိရပ်ဖကိုယ်စားပြု၊ တက်သိပညာရှင် ကိုယ်စားပြုမှု၊ လူမှုအဖွဲ့အစည်း ကိုယ်စားပြုမှုဆိုပြီး တစ်မဲစီနဲ့ စုစုပေါင်း ခုနှစ်မဲပေးရတာဖြစ်ပါတယ်။

လသာ၊ ကြည့်မြင်တိုင်၊ ပန်းပဲတန်း၊ ဒဂုံဆိပ်ကမ်း အစရှိတဲ့ မြို့နယ် ၂၃ မြို့နယ် မှာဝင်ရောက်ယှဉ်ပြိုင်မဲ့ ရပ်မိရပ်ဖကိုယ်စားပြုမှု၊ တက်သိပညာရှင်ကိုယ်စားပြုမှုနဲ့ လူမှုအဖွဲ့အစည်း ကိုယ်စားပြုသူတွေဟာ တစ်ဦး စီသာရှိတာကြောင့် ကိုယ်စားလှယ် ၃၉ ဦးဟာ ယှဉ်ပြိုင်ရခြင်းမရှိဘဲ အလိုအလျောက် အရွေးချယ်ခံခဲ့ရပါတယ်။

ကိုယ်စားလှယ် ၃၉ ဦးအလိုအလျောက် ကိုယ်စားလှယ်ဖြစ်သွားတဲ့အချက်ဟာ မဖြစ်သင့်တဲ့အနေအထား ဖြစ် တယ်လို့ အနောက်ပိုင်းခရိုင်ကို ကိုယ်စားပြုပြီး ဗဟိုအဆင့်ဝင်ရောက် ယှဉ်ပြိုင်တဲ့ ဦးဝင်းချိုက အခုလို ပြောဆို ပါတယ်။

ဦးဝင်းချို။                  ။တည်ဆဲဥပဒေတွေကိုယ်တိုင်ကိုက တရားမျှတမှုမရှိပါပဲနဲ့ တည်ဆဲဥပဒေတွေကြောင့် တရားဝင်သွားတယ်၊ ဆိုလိုတာက တစ်ယောက်တည်းရှိရင် အဲ့ဒီတစ်ယောက်တည်းအတွက်ကို မဲပုံးနှစ်ပုံးပါရမယ် ၊ ထောက်ခံချက်နဲ့ ကန့်ကွက်ခြင်း တစ်ယောက်တည်းရှိတာနဲ့ သူဟာအလိုလိုနေရင်း နိုင်သွားတယ်ဆိုတာ မဖြစ် သင့်ဘူး၊ သူ့ကိုကန့်ကွက်တဲ့လူတွေရှိနိုင်တယ်၊ အဲ့ဒါကို ဥပဒေကိုက မှားယွင်းခဲ့တယ်၊ တစ်ယောက်တည်းရှိရင် သူ့ကိုအနိုင်ပေးလိုက်မယ်ဆိုတာ ဒါကြီးကမှားယွင်းနေတယ်၊ သို့သော်လည်း တည်ဆဲဥပဒေအရ တရားဝင် သွားတယ်။

အလုံမြို့နယ် သိပ္ပံလမ်းမှာနေထိုင်တဲ့ ဦးညွှန့်ဇင်က ဒီနေ့ရန်ကုန်မြို့တော် စည်ပင်အဆင့်ဆင့် ရွေးကောက် တင်မြှောက်ပွဲကို သွားရောက်မဲပေးခဲ့ပါတယ်။

သူတို့မြို့နယ်ထဲမှာဆိုရင် မိုးတွင်းအခါရေကြီးရေလျှံမှုတွေ ဖြစ်လေ့ရှိတာကြောင့် အရွေးခံရမယ့် ကိုယ်စားလှယ် အနေနဲ့ အဲ့ဒီကိစ္စကို ဖြေရှင်းပေးဖို့မျှော်လင့်ကြောင်း ဖြေရှင်းပေးနိုင်မယ်လို့ ထင်တဲ့သူကိုမဲပေးခဲ့တယ်လို့ အခုလို ပြောပြပါတယ်။

ဦးညွှန့်ဇင်။                 ။မြို့တော်စည်ပင်နဲ့ပတ်သက်ပြီးတော့ ပြောင်းလဲမယ်လို့ထင်တယ်လေ၊ အပိုင်းလေးတွေ ခွဲထားတယ်၊ ရပ်မိရပ်ဖ၊လူမှု၊တက်သည့်ပညာ ၃ ပိုင်းခွဲထားတယ်၊ အခုလိုမျိုးမဲပေးလိုက်တဲ့အခါကျတော့ တကယ် လုပ်ဆောင်နိုင်မယ့် လူကလည်းသိပြီးတော့ပေးရတာ၊ ဖြစ်နိုင်မယ့်အတိုင်းအတာတွေကို မျှော်လင့်တယ်ဆိုတာ အခုရေစီးရေလာ အဓိကပေါ့လေ ဦးတို့ အလုံမှာဆိုလို့ရှိရင် ဆင်မင်းလမ်း၊ နှင်းဆီကုန်းလမ်း အကုန်လုံးက မြောင်း ပိတ်ဆို့မှုတွေရှိတယ်၊ အကုန်လုံးကို တကယ်လည်း လုပ်ဆောင်ပေးမယ်လို့ မျှော်လည်းမျှော်လင့်တယ်။

ရန်ကုန်စည်ပင် ရွေးကောက်ပွဲ မဲပေးတာကို ဒီနေ့ ညနေ ၄ နာရီမှာ ပိတ်လိုက်ပြီး အနိုင်ရတဲ့ကိုယ်စားလှယ်စားရင်း ကို စာရင်းပိတ်အပြီး နောက်ထပ် ၄၈ နာရီအကြာမှာ ထုတ်ပြန်မယ်လို့ သိရပါတယ်ရှင်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။