ယန်ဟီးလီရဲ့ပြောကြားချက်တချို့
2017.07.22
ရန်ကုန်မြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ပြောကြားချက်တွေကို ဦးခင်မောင်စိုး ကကောက်နှုတ်တင်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanhee Leeယန်ဟီးလီက တိုးတက်မှုအဖြစ် မြန်မာအစိုးရဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တချို့ကို လိုက်နာအကောင်အထည်ဖေါ်ခဲ့ကြောင်း ပြောပါတယ်။
“ကော်မရှင်ရဲ့အကြံပေးချက်မှာ ပါဝင်တဲ့အတိုင်း ဒုက္ခသည်စခန်း ၃ ခုကိုပိတ်ပစ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေက အစိုးရချထားပေးတဲ့ နေရာတွေအစားသူတို့မူလနေထိုင်ခဲ့တဲ့ နေရပ်ဒေသတွေကို ပြန်လည်သွားရောက်လိုတယ်လို့ ကျမကိုပြောခဲ့ကြပါတယ်။ တပြိုင်နက်မှာ အဲဒီလို ပြန်လည်နေရာချထားပေးတဲ့ ကမန်နဲ့ရခိုင်ဒုက္ခသည်တွေကို ကျမ တွေ့ခဲ့ရပေမယ့် ရိုဟင်ဂျာတွေနဲ့တော့တွေ့ခွင့်မရခဲ့ပါဖူး။ အဲဒီ မွတ်စလင်တွေကတော့ ဒုက္ခသည်စခန်းတွေမှာပဲရှိနေပါသေးတယ်။ ဒါကြောင့် ဒီလိုကွဲပြားခြားနားတဲ့ဒုက္ခသည်ပြန်လည်နေရာချ ထားရေးအစီအစဉ်ဟာ အခုအချိန်အထိတော့ အကျိုးဖြစ်ထွန်းမှု သိပ်မရှိသေးပါဘူး။လူတသိန်းနှစ်သောင်းကျော်ဟာ ဒုက္ခသည်စခန်းတွေ မှာ နှစ်လရှည်ကြာ နေထိုင်ရဆဲပါပဲ။”
ကော်မရှင်ကအကြံပေးချက်အတိုင်း အစိုးရက မွေးစာရင်းနှစ်သောင်းကျော်ထုတ်ပေးခဲ့တာကိုတော့ တိုးတက်မှုအဖြစ်ကြိုဆိုရမှာဖြစ်ကြောင်းလည်း
ယန်ဟီးလီကပြောပါတယ်။
“ရိုဟင်ဂျာတွေရဲ့ အခြေအနေကို ခြံငုံပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ကျမ နောက်ဆုံးအကြိမ်လာရောက်ခဲ့စဉ်ကထက် မဆိုသလောက်ပဲတိုးတက်မှုရှိပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဆိုရင်ပိုပြီးရှုပ်ထွေးလာနေပါတယ်။ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆင်ရေးကာလအတွင်းလူ့အခွင့်အရေးချိုးဖေါက်ခဲ့တဲ့ အစီရင်ခံချက်တွေကို ကျမ ဆက်လက် ရရှိနေပါတယ်။”
ဒါ့အပြင် ယန်ဟီးလီက သူမကို နိုင်ငံတော်အစိုးရခေါင်းဆောင်တွေကရောရခိုင်ပြည်နယ်အစိုးရအရာရှိတွေကပါ သူတို့အနေနဲ့ ရခိုင်တွေကိုကော
မွတ်စလင်တွေကိုပါ ကာကွယ်ပေးဖို့တာဝန်ရှိကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။ တဆက်တည်းမှာပဲသူက-
“လူ့အခွင့်အရေးချိုးဖေါက်သူတွေကို စုံစမ်းပြီး ထိထိရောက်ရောက် အရေးယူရမှာဖြစ်ပါတယ်။ တပြိုင်နက်မှာပဲ ခွဲခြားဆက်ဆန်မှုတွေ အဆုံးသတ်ပြီးလွတ်လပ်စွာသွားလာလှုပ်ရှားခွင့်တွေ ပြန်လည်ရရှိဖို့အတွက် လိုအပ်ချက်တွေကိုချက်ခြင်းအကောင်အထည်ဖေါ်ဖို့လိုပါတယ်။”
“ကျမကို ရခိုင်တိုင်းရင်းသားတွေက လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး သူတို့အနေနဲ့အထူးစိတ်မကောင်းဖြစ်နေရကြောင်း လည်း ပြောခဲ့ကြပါတယ်။ လက်ရှိပြသနာတွေဟာအသိုင်းအဝန်း နှစ်ဖက်လုံးမှာရှိတဲ့ အစွန်းရောက်ခေါင်းမာသူတွေကြောင့်
ဖြစ်ပေါ်နေရတယ်လို့ သူတို့က ယုံကြည်နေပါတယ်။”
ဆက်လက်ပြီး ယန်ဟီးလီက ကမန်တိုင်းရင်းသားတွေက သူတို့နဲ့ ကျောက်ဖြူကရခိုင်တိုင်းရင်းသားတွေ အကြားမှာ ဘာပြဿနာမှမရှိပဲနဲ့ ဒုက္ခသည်စခန်းကို
ပို့ထားတာဖြစ်ကြောင်း၊ သူတို့ကို အာဏာကိုင်တွေ မူလခေါ်လာစဉ်ကသုံးရက်လောက်ပဲနေထိုင်ရမယ်လို့ ပြောပြီး အခုတော့ ငါးနှစ်ရှိသွားပြီလို့
ပြောတာကို ကြားရတဲ့အခါ သူ့အနေနဲ့ အထူးပဲ ဝမ်းနည်းမိရတယ်လို့လည်း ပြောပါတယ်။
တဆက်တည်းမှာပဲ ဘူးသီးတောင်ထောင်ကို သူမသွားရောက်ပြီး မနှစ်က အောက်တိုဘာလတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရသူတွေ ကို တွေ့ဆုံခဲ့ပါတယ်။အဲဒီလူအများစုမှာ အကျိုးဆောင်ရှေ့နေ မရှိသလို ဘယ်လိုစွဲချက်တွေနဲ့သူတို့ကိုစွဲဆိုထားသလဲဆိုတာကိုတောင် နားမလည်ကြတဲ့အတွက် အမှုအတွက်လိုအပ်သလိုကာကွယ်နိုင်စွမ်းလည်း ရှိကြမှာမဟုတ်ပါဖူးလို့ ယန်ဟီးလီ ကပြောပါတယ်။
ဒ့ါအပြင် သူမနဲ့ လာရောက်တွေ့ဆုံသူတွေကို သက်ဆိုင်ရာတွေကခြိမ်းခြောက်ခဲ့ကြောင်းလည်း ယန်ဟီးလီက ပြောပါတယ်။
“သူတို့ကို ဓါတ်ပုံရိုက်တယ်။ ကျမနဲ့ မတွေ့ခင်မှာကော တွေ့ပြီးနောက်မှာကောစစ်ဆေးမေးမြန်းတာတွေ ခံရတယ်။ ဒါ့အပြင် နောက်ယောင်ခံ လိုက်တာလည်းရှိတယ်။ဒီလိုလုပ်ရပ်မျိုးကို ကျမလုံးဝလက်မခံနိုင်ပါဘူး။”
“အစိုးရသစ်လက်ထက်မှာ ကျမ မြန်မာပြည်ကိုရောက်တာ သုံးကြိမ်ရှိပါပြီ။ ဒါပေမယ့်အခုလို ကျင့်ကြံပုံတွေကအရင်အစိုးရအတိုင်းဖြစ်နေသေး တာကို မြင်ရတဲ့အတွက်စိတ်ပျက်မိပါတယ်။”
ဒါ့အပြင် အခုခရီးစဉ်အတွင်း ကရင်ပြည်နယ်ကိုသွားရောက်ခဲ့ရာမှာ ဒေသခံတွေရဲ့လယ်ယာမြေတွေကို သက်ဆိုင်ရာတွေက လျှော်ကြေးမပေးတဲ့ သိမ်းပိုက်တဲ့
သတင်းတွေရရှိခဲ့ကြောင်း၊ ပိုဆိုးတာကတော့ အဲဒီ လယ်သမားတွေဟာ သူတို့ထံကသိမ်းဆည်းခံရတဲ့ မြေတွေကို အခကြေးငွေပေးပြီးပြန်လည် စိုက်ပျိုးနေရတဲ့အပြင်တချို့ကို မတန်တဆဈေးနဲ့ ပြန်ဝယ်ခိုင်းတာတွေလည်း ရှိနေကြောင်းပြောပါတယ်။
ဒီတခေါက်ခရီးစဉ်မှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃနဲ့ စွဲဆိုခံရမှုတွေနဲ့ပတ်သက်လို့လည်း သက်သေအချက်အလက်တွေ ရရှိခဲ့ကြောင်း၊ ရှမ်းပြည်ခရီးစဉ်မှာ
သီပေါထောင်ကို သွားပြီး ဖမ်းဆီးထားတဲ့ သတင်းထောက် ၃ ယောက်ကို တွေ့ခွင့်ပြုဖို့တောင်းဆိုခဲ့ပေမယ့် သွားခွင့်မရခဲ့ကြောင်း၊ တကယ်တော့ သီပေါမြို့ ဟာ နိုင်ငံခြားခရီးသည်တွေ ဥဒဟိုဝင်ထွက်သွားလာခွင့်ရတဲ့ ဒေသတခုဖြစ်ကြောင်းနဲ့သူတွေ့ကြုံသိရှိခဲ့ရသမျှ အသေးစိတ်ကို လာမယ့် အောက်တိုဘာ လ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစီရင်ခံတင်ပြမှာဖြစ်ကြောင်း စသဖြင့် မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီ က ရန်ကုန်မြို့မှာ မနေ့ညနေ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။