ဒရုန်းတပ်ဖွဲ့ဝင် အမျိုးသမီးတွေ ဘာတွေကြုံတွေ့ခဲ့ရလဲ

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2024.07.23
ဒရုန်းတပ်ဖွဲ့ဝင် အမျိုးသမီးတွေ ဘာတွေကြုံတွေ့ခဲ့ရလဲ Force for Federal Democracy (FFD) ဒရုန်းအဖွဲ့မှ တပ်ဖွဲ့ဝင် Crown နှင့် အမျိုးသမီးဒရုန်းစစ်သည်တစ်ဦး။
Citizen Photo

စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လက်လုပ်သေနတ်တွေ အသုံးပြုတိုက်ခိုက်ခဲ့ရာကနေ အခုဆိုရင် အဝေးထိန်း ခလုတ်နဲ့ ထိန်းချုပ်တဲ့ ဒရုန်းခေါ် မောင်းသူမဲ့ယာဉ်ပျံတွေသုံးပြီး စစ်ရေးပစ်မှတ်တွေကို ဗုံးချတိုက်ခိုက်တဲ့အဆင့်ကို ရောက်လာပါပြီ။ ဒီလိုဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ တပ်ဖွဲ့ဝင်တွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။

ကရင်ပြည်နယ်တွင်း စခန်းသိမ်းတိုက်ပွဲတွေ၊ မြို့သိမ်းတိုက်ပွဲတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်တွေနဲ့အတူ အမျိုးသမီးဒရုန်းစစ်သည်တွေပါဝင်တဲ့ Force for Federal Democracy (FFD) ဒရုန်းအဖွဲ့လည်း ပူးပေါင်းတိုက်ခိုက်နေတာပါ။ Force for Federal Democracy (FFD) ဒရုန်းအဖွဲ့ဟာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်က ခမရ ၄၃၄ တပ်ရင်း၊ ခလရ ၁၉ ၊ ရဲစခန်းနဲ့ ဖာပွန်မြို့သိမ်းတိုက်ပွဲတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

FFD အဖွဲ့ရဲ့ဆေးမှူးတစ်ယောက်လည်းဖြစ်တဲ့ မသီရိဟာ ဖာပွန်စစ်ဆင်ရေးမှာ ဒရုန်းမောင်းတဲ့ တပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါဝင်တိုက်ခိုက်ခဲ့သူပါ။

"ညီမကတော့ ဒရုန်းစစ်ဆင်ရေးနှစ်ခုမှာ ပါဝင်ပြီးပါပြီ၊ အဓိက ဒရုန်းနဲ့ကင်းထောက်ရတဲ့ အလုပ်ရယ်၊ မြေပြင်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အချိန်ကိုက် ဗုံးသီးသွားချတဲ့ အလုပ်ကို လုပ်ရပါတယ်၊ ညီမရဲ့ နောက်ဆုံး စစ်ဆင်ရေးကတော့ ဖာပွန်မြို့သိမ်းတိုက်ပွဲပါ၊ ဒီတိုက်ပွဲမှာလည်း အတွေ့အကြုံတွေ အများကြီး ရခဲ့ပါတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း အများကြီးလုပ်နိုင်တယ်လို့ ထင်ပါတယ်"

စစ်အာဏာရှင်တော်လှန်ဖို့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေထဲ အမျိုးသမီးတွေ ရောက်လာတဲ့အခါမှာ ချက်ပြုတ်ဖို့နဲ့ စာရင်းဇယားမှတ်တာလောက်ပဲ လုပ်ရမယ်လို့ အများအမြင်မှာ ရှိကြပါတယ်။

ဒီလိုအမြင်တွေကို ဆန့်ကျင်ပြီး မသီရိနည်းတူ စစ်ကောင်စီရဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ဒရုန်းမောင်းပြီး ပါဝင်တိုက်ခိုက်ခဲ့တဲ့ FFD အဖွဲ့ဝင် နောက်တစ်ယောက်ကတော့ Crown ပါ။

"တောထဲကိုမလာခင်တုန်းက တောထဲလာမှာသိတဲ့ အသိတွေက မေးတယ်၊ နင်မိန်းကလေးပဲ ဘာလို့တောထဲသွားမှာလဲ၊ နင်တောထဲရောက်ရင်လည်း ရှေ့တန်းထွက်ရမှာမို့လား၊ နင်လုပ်ချင်တာ လုပ်ရမှာမို့လားဆိုတဲ့ မေးခွန်းမျိုးတွေပေါ့၊ တကယ်လက်တွေ့ ကျွန်တော်ရောက်လာတဲ့အခါကျတော့ ကျွန်တော့်အနေနဲ့ ရှေ့တန်းစစ်မြေပြင်အထိ ဒရုန်းတိုက်ခိုက်ရေးမှာ ပါဝင်ခွင့်ရလာတယ်"

Force for Federal Democracy (FFD) ဒရုန်းအဖွဲ့မှ အမျိုးသမီးဒရုန်းစစ်သည်နှစ်ဦးအား တွေ့ရစဉ်။ (Photo: Force for Federal Democracy)
Force for Federal Democracy (FFD) ဒရုန်းအဖွဲ့မှ အမျိုးသမီးဒရုန်းစစ်သည်နှစ်ဦးအား တွေ့ရစဉ်။ (Photo: Force for Federal Democracy)

ဒီလိုတာဝန်တွေယူခဲ့တဲ့ သူတို့လို အမျိုးသမီးဒရုန်းတပ်ဖွဲ့ဝင်တွေမှာ စစ်နည်းဗျူဟာတွေ၊ နည်းပညာပိုင်းနဲ့ဆိုင်တာတွေ သင်ယူခဲ့ရပြီး အခက်အခဲတွေ၊ စိန်ခေါ်မှုတွေလည်း ရှိပါတယ်။

အမျိုးသမီးဒရုန်းစစ်သည် မသီရိ က .... "အခက်အခဲတွေကတော့ အများကြီးရှိတာပေါ့၊ ညီမတို့က ဒရုန်းကို ရန်သူ့ခေါင်းပေါ် ဗုံးချတာ လွယ်ပေမဲ့ မြေပြင်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ အချိန်ကိုက် လုပ်ရတာတွေက ခက်ပါတယ်၊ သီရိတို့ဒရုန်းအဖွဲ့က မြေပြင်အဖွဲ့နဲ့ချိတ်ပြီး အချိန်ကိုက်မချနိုင်ဘူးဆိုရင် မြေပြင်က ရဲဘော်တွေအတွက်ရော၊ စစ်ဆင်ရေးအတွက်ပါ နည်းနည်းကြန့်ကြာစေတဲ့ အခြေအနေမျိုး ရှိပါတယ်၊ အချိန်ကိုက်လုပ်ဆောင်နိုင်ဖို့ အများကြီး ကြိုးစားလေ့ကျင့်ခဲ့ရပါတယ်" လို့ ပြောပါတယ်။

တနင်္သာရီတိုင်း ဒရုန်းစစ်ဆင်ရေးဌာနက တပ်ဖွဲ့ဝင် ဒိုးလေးကတော့ စစ်လက်နက်ခဲယမ်း မပြည့်စုံတာကြောင့် ၁၄ ရက်ကြာ စစ်ဆင်ရေးတစ်ခုမှာ ဒရုန်းတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အကြောင်း ‌ပြောပြပါတယ်‌။

"မစ်ရှင်တစ်ခုသွားတုန်းက သူတို့က လက်နက်ကြီးနဲ့ လှမ်းပစ်တယ်၊ လက်နက်ကြီးနဲ့ပစ်တော့ သွားရမဲ့ခရီးကို မနည်းရောက်အောင် လမ်းမှာ ဝပ်ပြီးသွားရတယ်၊ ညီမတို့ ဟိုရောက်တော့ သူတို့ဘက်မှာလည်း ဒရုန်းရှိတယ်လေ၊ ဒရုန်းနဲ့ လာချတယ်၊ သူတို့ဘက်က တစ်ခါချရင် လေးလုံးတွဲနဲ့ လာချတယ်လေ၊ သူတို့ဘက်ကပစ်တာက မပေါက်တာမရှိဘူး၊ အကုန်လုံးက ပေါက်နေရော၊ ကိုယ်တွေမှာ အလုပ်လုပ်ဖို့အဆင်မပြေသေးတော့ ခဏနားရတာပေါ့။ သူတို့ဘက်က လမ်းဘေးက မြောင်းထဲမှာ အိပ်ရတယ်၊ အိပ်ပြီးတော့ မနက်ကျမှပဲ မစ်ရှင်စလုပ်တယ်၊ ဗုံးသီးတွေက ကိုယ်တိုင်လုပ်ထားရတယ်ဆိုတော့ ပေါက်တဲ့လုံးကပေါက်တယ်၊ မပေါက်တဲ့အလုံးက မပေါက်ဘူး၊ ဒါနဲ့ပဲ ညီမတို့ဘက်မှာ ရဲဘော်တွေက တောင့်မခံနိုင်တော့ဘူးဆိုတော့ ညီမတို့ ပြန်ဆုတ်လိုက်ရတယ်"

စစ်တပ်အာဏာသိမ်းချိန်မှာ အထက်တန်းကျောင်းတက်နေတဲ့ ဒိုးလေးဟာ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှာ ဆေးတပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရာကနေ အခုတော တနင်္သာရီတိုင်း ဒရုန်းစစ်ဆင်ရေးဌာနမှာ ဒရုန်းတပ်သားဖြစ်နေပါပြီ။ သူက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဖွင့်တဲ့ ဒရုန်းသင်တန်းကို သုံးလတက်ရောက်ခဲ့ပါတယ်။ သူတို့ဒရုန်းဌာနမှာဆိုရင် သူအပါအဝင် အမျိုးသမီးဒရုန်းစစ်သည်နှစ်ဦးရှိပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က စစ်ကောင်စီ ခမရ (၄၃၄) တပ်ရင်းကို တိုက်ခိုက်အပြီး သိမ်းယူရရှိသည့် လက်နက်ပစ္စည်းများအား KNU တပ်မဟာ (၅)က ဧပြီလ ၂၅ ရက်နေ့က ထုတ်ပြန်ထားစဉ်။ (Photo: KNU-Mutraw News)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က စစ်ကောင်စီ ခမရ (၄၃၄) တပ်ရင်းကို တိုက်ခိုက်အပြီး သိမ်းယူရရှိသည့် လက်နက်ပစ္စည်းများအား KNU တပ်မဟာ (၅)က ဧပြီလ ၂၅ ရက်နေ့က ထုတ်ပြန်ထားစဉ်။ (Photo: KNU-Mutraw News)

ရှေ့တန်းစစ်မြေပြင်မှာ ပထမဆုံးအကြိမ် ဒရုန်းကို ကိုယ်တိုင်မောင်းပြီး တိုက်ပွဲဝင်ချိန်မှာ စိတ်လှုပ်ရှားခဲ့ရတယ်လို့ ဒိုးလေးက ပြောပါတယ်။

"ကိုယ်တိုင်ရန်သူ့နယ်မြေထဲဆင်းပြီး ကိုယ်တိုင်အလုပ်လုပ်ရတယ်၊ မောင်းတာတော့ ဒီဒရုန်းကပေါ့နော် ညီမတို့က ကိုယ်တပ်ရင်းတပ်ဖွဲ့ထဲမှာ မောင်းစမ်းတာတော့ ဒီလောက် စိတ်လှုပ်ရှားတာ မရှိဘူး၊ ဒါပေမဲ့ ရန်သူနယ်မြေမှာရောက်တဲ့အခါ မောင်းရတဲ့အခါကျတော့ စိတ်လှုပ်ရှားတယ်၊ တစ်ခါတစ်လေကျ ညီမတို့သုံးတဲ့ Fixed Wing ဒရုန်းတွေက Error ဖြစ်ရင် ပင်ပန်းတယ်လေ"

ဒရုန်းတပ်ဖွဲ့ဝင်တွေဟာ ကင်းထောက်ဒရုန်း၊ တိုက်ခိုက်ရေးဒရုန်းနဲ့ ချေမှုန်းရေးဒရုန်းတွေကို စစ်ဆင်ရေးဗျူဟာအလိုက် အသုံးပြုပြီး ဒရုန်းတွေနဲ့ ဗုံးသီးတွေကို ကိုယ်တိုင်လုပ်ကြတာများပါတယ်။

ဒရုန်းတွေ၊ ဗုံးသီးတွေလုပ်ရတာကလည်း သူတို့အတွက် အသက်နဲ့ရင်းပြီး လုပ်ကိုင်ကြရတာပဲလို့ Crown က ပြောပါတယ်။

"အဓိက ကျွန်တော်တို့က ဒရုန်းတွေကို ကိုင်တွယ်တိုက်ခိုက်နေတဲ့အတွက် ဒရုန်းနဲ့တွဲလျက် ဗုံးသီးတွေရှိမယ်၊ ဖောက်ခွဲရေးပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ရတယ်၊ ကိုယ်တိုင်လုပ်ရတာဖြစ်တဲ့အတွက် အန္တရာယ်တော့များတယ်၊ သတိကို ပိုတယ်မရှိဘူး၊ သတိကပ်ထားရတယ်၊ ရန်သူဘက်ကလည်း အနည်းနဲ့အများ target ထားပြီး လက်နက်ကြီးတွေ၊ ဝေဟင်ပစ်ကူတွေနဲ့ တန်ပြန်တိုက်ခိုက်တာတွေရှိတယ်၊ အဲ့ဒီအတွက် အန္တရာယ်ကင်းတယ်လို့ ပြောလို့မရဘူး"


ဆက်နွှယ်သောသတင်းများ

ဒရုန်းတိုက်ခိုက်မှုတွေ စစ်ကောင်စီအတွက် ခြိမ်းခြောက်မှုဖြစ်လာ

မြဝတီက စစ်ရေးပစ်မှတ်တွေကို ဒရုန်းနဲ့ထပ်တိုက်မယ်လို့ Federal Wings ပြော

စစ်ကောင်စီဒုဥက္ကဋ္ဌကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ကျော် ထိခိုက်


အခုဆိုရင် Jammer လို့ခေါ်တဲ့ ဆက်သွယ်ရေးရေဒီယိုလှိုင်းတွေဖြတ်နိုင်တဲ့ ကာကွယ်ရေးပစ္စည်းတွေအသုံးပြုတဲ့ စစ်ကောင်စီရဲ့ ဒရုန်းကာကွယ်ရေးစနစ်တွေကို ကျော်လွှားနိုင်အောင် အဆင့်မြင့် ဒရုန်းတွေ၊ နည်းပညာတွေ အသုံးပြုဖို့ ဒရုန်းတပ်ဖွဲ့တွေ ကြိုးစားနေကြပါတယ်။

အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိပေမဲ့လည်း စစ်ဆင်ရေးတွေမှာတော့ အမျိုးသမီးဒရုန်းစစ်သည်တွေဟာ အမျိုးသားတွေနဲ့ တန်းတူ တာဝန်တွေ ပြီးမြောက်အောင် လုပ်နိုင်ခဲ့‌ကြတယ်လို့ ပြောကြပါတယ်။

လက်ရှိ ဒရုန်းတပ်ဖွဲ့တွေမှာ အမျိုးသားတွေနည်းတူ အမျိုးသမီးတွေ ပါဝင်နေပေမဲ့လည်း အရေအတွက်အားဖြင့်တော့ နည်းနေသေးတဲ့အတွက် ပိုပြီးပါဝင်လာနိုင်ဖို့ကို အမျိုးသမီး ဒရုန်းတပ်ဖွဲ့ဝင်တွေ မျှော်လင့်နေကြပါတယ်။

ဒရုန်းတပ်ဖွဲ့ဝင် မသီရိက ...."ဒရုန်းတပ်ဖွဲ့မှာ အမျိုးသမီးဦးရေက နည်းနေပါသေးတယ်၊ ဒါပေမဲ့ အမျိုးသမီးတွေကလည်း အမျိုးသားတွေနဲ့ တန်းတူ လုပ်နိုင်တယ်ဆိုတာ ပြသနေတာဖြစ်တဲ့အတွက် သီရိတို့ရဲ့ အမတွေ၊ ညီမတွေကလည်း ဒီအပိုင်းမှာ ပါဝင်လာမယ်လို့ ယုံကြည်ပါတယ်" လို့ ပြောပါတယ်။

၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီကို တော်လှန်နေသူတွေကြားမှာ ဒရုန်းနည်းပညာနဲ့ တိုက်ခိုက်မှုတွေ အားပြိုင်နေပါတယ်။ ဒါကြောင့် လက်ရှိ စခန်းသိမ်းတိုက်ပွဲတွေ၊ မြို့သိမ်းတိုက်ပွဲတွေမှာ ဒရုန်းတပ်ဖွဲ့တွေက မရှိမဖြစ် အခန်းကဏ္ဍမှာ ရှိလာသလို အမျိုးသမီးဒရုန်းမောင်းသူတွေကလည်း အရေးပါလာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။