သမ္မတလွတ်ငြိမ်းသက်သာခွင့် အပေါ် သဘောထားအမြင်
2019.04.27

အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသား ၁၆,၀၀၀ ကျော်ကို နှစ်ပတ်အတွင်းမှာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြန်လွှတ်ပေးတဲ့သူတွေထဲမှာ မူးယစ်ဆေးအမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ အတော်များများ ပါဝင်နေတာကြောင့် အစိုးရက တရားဥပဒေစိုးမိုးမှုအပိုင်းမှာ ခုထက်ပိုပြီးကြပ်မတ်ဖို့လိုကြောင်း ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။
တစ်ဖက်မှာလည်း အခုပြန်လွတ်လာသူတွေဟာ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှဘဲ ကျခံနေရတဲ့ မူးယစ်ဆေး အမှုတွေ ဖြစ်တာကြောင့် ပြဿနာ တစ်စုံတစ်ရာမရှိနိုင်ဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။
■ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ အကျဉ်းသား ၉၅၀၀ ကျော်နဲ့ ဧပြီလ ၂၆ ရက်နေ့မှာ အကျဉ်းသား ခုနှစ်ထောင်နီးပါးကို သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ပြန်လွတ်လာသူတွေထဲမှာ အတော်များများက မူးယစ်ဆေးအမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေဖြစ်တဲ့အပေါ်မှာ ပြည်သူတွေအနေနဲ့ တရားဥပဒေ စိုးမိုးရေးအပိုင်းမှာ စိုးရိမ်ကြဖို့လိုလာမလားဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်။
ဒီတစ်ခေါက် မူးယစ်ဆေးအမှုတွေ ပြန်လွတ်လာပေမယ့် ရပ်ရွာအေးချမ်းသာယာရေးကို မထိခိုက်နိုင်ဘူးလို့ သုံးသပ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က အခုလို ထောက်ပြပါတယ်။
"မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ကျွန်တော်တို့က အရင်အစိုးရလက်ထက်မှာ ဖြစ်ချင်တိုင်းဖြစ်ခဲ့တဲ့ဟာတွေကို နောက်အစိုးရက ဆက်ခံပြီးတော့ ဒဏ်ခံနေရတာ၊ မူးယစ်ဆေးဝါးတွေကို ဘာဖြစ်လို့လွှတ်ရလဲဆိုရင် ဥပဒေလည်းပြင်လိုက်ပြီ၊ အရင်စီရင်ခံနေရတဲ့လူတွေက အဲဥပဒေနဲ့ မညီဘူးဖြစ်နေတာပေါ့နော်၊ အဲတော့ နောက်ဥပဒေအရ အပြစ်မရှိတဲ့သူတွေရယ်၊ လွတ်ကာနီးလူတွေရယ်၊ ဒီမူးယစ်ဆေးဝါးဟာ ရှင်းရှင်းပြောရရင်တော့ တစ်ပြည်လုံးမှာ စနစ်တကျ ကျွန်တော်တို့နိုင်ငံတော်ကို အချို့တာဝန်ရှိတဲ့သူတွေက ဖျက်စီးခဲ့တဲ့အပေါ်မှာ နိုင်ငံတော်က လူတွေလည်း အညွန့်တုံးတယ်၊ အဲလိုမူတည်ပြီးတော့ မူးယစ်ဆေးဝါးအမှုတွေကို အဓိက ထား လွှတ်တာတော့ ကျွန်တော်ထောက်ခံတယ်၊ ရပ်ရွာအေးချမ်းသာယာရေးကို အဲဟာတစ်ခုတည်းနဲ့တော့ ပျက်ပြားစရာ အကြောင်းမရှိဘူး၊ ဦးသိန်းစိန် လက်ထက်တုန်းက လူသတ်မှုတွေ၊ ရာဇဝတ်မှုတွေ၊ ခိုးမှု၊ ဓါးပြမှု ရှိသမျှဟာတွေကို လွှတ်ပစ်တာဗျ၊ အဲဒါကြောင့်မို့ ရာဇဝတ်မှုတွေ ထူပြောပြီး၊ အဲတာနဲ့သွားနှိုင်းလို့တော့ မရဘူးလို့ ပြောချင်ပါတယ်"
မြန်မာနိုင်ငံမှာ အကျဉ်းထောင် ၄၄ ထောင် နဲ့ အကျဉ်းစခန်း ၅၀ ရှိပြီး အားလုံးကို အကြိမ်ကြိမ်သွားရောက် စစ်ဆေးခဲ့ပြီးနောက် တွေ့ရှိချက်တွေ၊ လိုအပ်ချက်တွေပါတဲ့ အစီရင်ခံစာတွေကို အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သမ္မတထံ တင်ပြခဲ့တာတွေလည်း ရှိပါတယ်။
လူဦးရေ တစ်ထောင်ဆံ့တဲ့ထောင်မှာ လူဦးရေ သုံးထောင်ရှိနေတာလိုမျိုး ဝင်ဆံ့တဲ့ လူအရေအတွက်ထက်ကို ၂၀၀ % ကျော်ရှိနေတဲ့ ထောင်ပေါင်း သုံးထောင် နဲ့ ၁၀၀ % ကျော်နေတဲ့ ထောင်က ခုနှစ်ထောင်ရှိနေတယ်လို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။
အဲဒီအခါမှာ အကျဉ်းသားတွေရဲ့ လူ့အခွင့်အရေးတွေဟာ နေရာမျိုးစုံမှာ ထိခိုက်မှုတွေရှိနေပြီး အုပ်ချုပ်ရတဲ့ ထောင်ဝန်ထမ်းတွေမှာလည်း အခက်အခဲတွေ ဖြစ်နေရတယ်လို့လည်း ပြောပါတယ်။
အဲလိုအကျဉ်းသားအရေအတွက်တွေ ထောင်မဆံ့လောက်အောင် များရတာဟာ မူးယစ်ဆေးအမှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ များလာတာကလည်း အကြောင်းရင်းတစ်ခုဖြစ်ကြောင်း၊ တချို့ထောင်တွေမှာဆိုရင် မူးယစ်ဆေးအမှုတွေနဲ့ ပြစ်ဒဏ်ကျနေသူတွေက ထောင်တစ်ခုလုံးရဲ့ ၈၀ % ကျော်အထိရှိနေတာတွေလည်း ရှိကြောင်း ဦးယုလွင်အောင် က ဆိုပါတယ်။
မူးယစ်ဆေးအမှုတွေနဲ့ ပြစ်ဒဏ်ကျခံရသူတွေ ထောင်နဲ့မဆံ့လောက်အောင်ရှိနေပေမယ့်လည်း တစ်ဖက်က ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေမှာ မူးယစ်ဆေးအန္တရာယ်က လက်ရှိချိန်ထိကို စိန်ခေါ်မှုတစ်ခုဖြစ်နေဆဲ ဖြစ်ပါတယ်။
ဒါဟာ ဘာ့ကြောင့်ဆိုတဲ့အပေါ် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က
"ဒီမူးယစ်ဆေးဝါးအမှုတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့ နှိုင်းတဲ့အခါမှာ တချို့နိုင်ငံတွေမှာ မူးယစ်ဆေးဝါးမှုတွေနဲ့ ပတ်သက်လို့ အပြစ်မဖြစ်တဲ့ဟာတွေက ကျွန်တော်တို့ဆီမှာလာပြီးတော့ အပြစ်ဖြစ်နေတာတွေရှိတယ်၊ အဲဒါကိုလည်း အစိုးရ ပြန်လည်သုံးသပ်တာတွေရှိတယ်၊ မူးယစ်ဆေးဝါးအမှုကို ဒီလိုထောင်ချတဲ့နည်းတစ်ခုတည်းနဲ့ ဖြေရှင်းမယ်ဆိုရင်တော့ ထောင်တွေလည်း ဆံ့မှာမဟုတ်ဘူး၊ တခြားနည်းနဲ့ ဖြေရှင်းရမယ်၊ မူးယစ်ဆေးဝါးတွေ ထွက်လာတဲ့ လမ်းတွေ၊ ဆေးဝါးလုပ်တဲ့ပစ္စည်းတွေကို ပြည်တွင်းဝင်တာတွေ အဲဒီအပေါ်တွေမှာ ရဲတပ်ဖွဲ့ကြီးရယ်၊ တပ်မတော်စခန်းတွေ၊ တပ်မတော်က ဖွဲ့ပေးထားတဲ့ အသိအမှတ်ပြုထားတဲ့ ပြည်သူ့စစ်တွေ၊ သောင်းကျန်းသူ လက်နက်ကိုင်နေရာတွေ အဲဒီနေရာတွေမှာက ဖြစ်ချင်တိုင်းဖြစ်နေတာ၊ အဲဟာတွေက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အတူဖြေရှင်းမှရမယ်၊ မူးယစ်ဆေးဝါးသက်သက်ထဲမှာ ဖြေရှင်းလို့မရဘူး၊ မူးယစ်ဆေးဝါး ပြဿနာဟာ ငြိမ်းချမ်းရေး ပြဿနာနဲ့လည်း တိုက်ရိုက်ဆက်သွယ်နေတယ်"
အကျဉ်းထောင်တွေမှာလည်း အကြီးအကျယ်ရောင်းဝယ်ဖောက်ကားလို့ ပြစ်ဒဏ်ကျနေသူတွေက အနည်းငယ် ရှိတယ်လို့ ဦးယုလွင်အောင် က အခုလို ပြောပါတယ်။
"သေးသေးလေးနဲ့ ထောင်ကျနေတာက များတယ်၊ တကယ့် ဒုကြီးဒယ်ကြီးနဲ့ ထောင်ကျနေတာက နည်းတယ်၊ သတင်းစာထဲမှာတွေ့သလိုပေါ့၊ ဒုကြီးဒယ်ကြီးနဲ့တွေ့ပြီဆိုရင်တော့ ပိုင်ရှင်မဲ့တွေက များတယ်လေ၊ ဖော်ချက်ဆိုတဲ့ ဝေါဟာရတစ်ခုရှိတယ်၊ အန်ကယ့်ဆီမှာ မူးယစ်ဆေးမိတယ်ပေါ့၊ ရဲကစစ်တယ်ပေါ့၊ ဘယ်ကရလဲ၊ ဝယ်လဲ၊ အန်ကယ်ကလည်း တွေ့ရာတွေ လျှောက်ပြောတာပေါ့၊ သမီးဆီကရတာလို့ အန်ကယ်က ပြောထည့်လိုက်တာ၊ အဲဒါအန်ကယ့်ရဲ့ဖော်ချက် သမီးပါထောင်ကျတာ၊ ကျွန်မ မသိဘူး၊ ဒီလူ့ကိုလည်း ကျမမသိဘူး၊ ပြောလည်းမရဘူး၊ အဲလိုဟာမျိုးတွေရှိတယ်၊ တကယ်တမ်းကျတော့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နေရာတွေ အကြီးအကျယ် ရောင်းဝယ်ဖောက်ကားတဲ့နေရာတွေ ဖမ်းရမယ်"
ဥပဒေအဟောင်းအရ မူးယစ်ဆေးဝါး အရေအတွက် ဘယ်လောက်ပဲမိမိ ရောင်းဝယ်ဖောက်ကားမှုနဲ့ ပြစ်ဒဏ် ချမှတ်တာကြောင့် ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှတာတွေဟာ ထောင်မှာအကျဉ်းသားဦးရေကိုသာ ပိုများစေတယ်လို့ မနေ့က မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ ဦးဇော်ဂျတ် က သူမြင်တွေ့ခဲ့ရတာကို အခုလို ပြောပါတယ်။
"မြစ်ကြီးနား အကျဉ်းထောင်က ၁၅၀၀ လောက်ပဲဆံ့တာကို အကျဉ်းသားတွေ ၄ ထောင်ကျော်လောက် ကျလာတော့ ကျန်းမာရေးတွေ အစစ အရာရာ အဆင်မပြေမှုတွေ အများကြီးဖြစ်သွားတာပေါ့၊ တချို့ကျတော့ အားပေးကူညီမှုပေါ့၊ သူငယ်ချင်းတစ်ယောက်က လက်ဝယ် တစ်ပြား နှစ်ပြားတွေ့တယ်၊ အဲဒါကို သူ့သူငယ်ချင်းက သုံးစွဲမှန်းလည်း မသိဘဲနဲ့ လိုက်သွားတဲ့သူတစ်ယောက်လည်း အားပေးကူညီမှု ၂၁ နဲ့ အဲဒါမျိုး ဆွဲထည့်တာလည်း ရှိတယ်၊ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှတာတွေလည်းရှိတယ်၊ ထောင်ကျတဲ့ ၁၉(၁) လို့သာပြောတာ တကယ့်တကယ် လက်ကြီးသမားတွေ တစ်ယောက်မှမရှိဘူး"
အဲလိုအနေအထားတွေကို စိစစ်ပြီး သမ္မတက ပြန်လွှတ်ပေးတာလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က မနေ့က နေပြည်တော်မှာ RFA ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားပါတယ်။
"ဥပဒေမပြင်ခင်က ဥပဒေအဟောင်း၊ ပုဒ်မအဟောင်းတွေနဲ့ ချမှတ်ထားတဲ့ လူငယ်တွေရော အများကြီးရှိတယ်၊ အဲအများကြီးကို ကျွန်တော်တို့က ပြန်ကြည့်ပါတယ်၊ လက်ဝယ်ကိုင်ဆောင်တဲ့ဟာလည်း ပမာဏက ဘယ်လောက်များလဲ၊ အများကြီး ပမာဏလူတွေဆို ပြန်မလွှတ်ဘူး၊ ပမာဏနည်းနည်းလေးနဲ့ ဖြစ်တယ်၊ သုံးစွဲတဲ့ဟာတွေက အဲတာတွေက အဓိက တော်တော်များများ ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ဒီအမှုတွေက တော်တော်များတယ်၊ အဲအတွက် ကျွန်တော်တို့ သမ္မတကြီးက စိစစ်ပြီး ပြန်လွှတ်ပေးတာ ဖြစ်တယ်"
မူးယစ်ဆေးအမှုတွေနဲ့ ပြစ်ဒဏ်ကျခံရသူတွေဟာ အသက် ၁၈ ကနေ ၄၀ ကြားအရွယ်တွေ အများဆုံးဖြစ်တာ ကြောင့် တိုင်းပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးရသလို ဒီအမှုတွေကို ပြစ်ဒဏ်ချမှတ်တဲ့ အရေအတွက်တွေသာ များလာပေမယ့် တကယ်တမ်း မူးယစ်ဆေးတွေ မပပျောက်သွားတဲ့အပေါ်မှာလည်း ဝေဖန်မှုတွေရှိနေကြပါတယ်။
ရက်အတိအကျမသိရသေးပေမယ့် လာမယ့် တတိယအကြိမ် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း အကျဉ်းသား ၆ ထောင်ကျော်လောက်ပါနိုင်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ခန့်မှန်းပြောဆိုထားပါတယ်။
ကျွန်မ သီရိမင်းဇင် ပါ။