ပြည်သူ့တော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်အောင်ကြိုးပမ်းမယ်လို့ NUG ယာယီသမ္မတ ကတိပေး
2022.07.28
ဦးကျော်မင်းယု ခေါ် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ လေးဦး အသက်ပေးလိုက်ရမှုကို အင်အားအဖြစ်ရယူလို့ စစ်အုပ်စုကိုချေမှုန်းပြီး နွေဦးတော် လှန်ရေးကို အဆုံးသတ်ကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ဇူလိုင်လ ၂၈ ရက်နေ့ညမှာ ထုတ်လွှင့်တဲ့ အရေးပေါ် နိုင်ငံတော်အခြေပြ မိန့်ခွန်းမှာ တိုက်တွန်းလိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ဒီမိုကရေစီဘက်တော်သားတွေကို ယခုလို သတ်ဖြတ်ရှင်း ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခြင်းသက်သက်ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ ဒီခြိမ်းခြောက် မှုတွေကို ခေါင်းညိတ်ခံအရှုံးပေးမှာ မဟုတ်သလို မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်အုပ်စု ကျရှုံးရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကာ နိုင်ငံသူ၊ နိုင်ငံသားများအနေနဲ့ လည်း လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် နွေဦးတော်လှန်ရေးတွေကို ဆက်လက်ပါ ဝင်ကြဖို့ လိုအပ်ပါတယ်။
ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား နိုင်ငံကပါ မေတ္တာရပ်ခံ တားမြစ်နေတဲ့ကြားက ပြည်သူလူထုချစ်ခင်တဲ့ အာဇာနည်လေးဦး ကို စီရင်သတ်ဖြတ်လိုက်မှုဟာ စစ်ကောင်စီရှိနေသ၍ ဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီပြီး ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတစ်ခုကို တည်ထောင်နိုင်မှာ မဟုတ်ကြောင်း အထင်အရှား သက်သေပြလိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီလိုလုပ်လိုက်တဲ့အတွက် ကြောက်ရွံ့သွားမှာ မဟုတ်ဘဲ ပိုမိုတွန်းလှန်ဖို့ စိတ်ဆန္ဒကို နိုးကြားစေမှာဖြစ်ကြောင်းနဲ့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ပြည်တွင်း၊ ပြည်ပက ဆက်လက်ပံ့ပိုးကူညီကြဖို့ ဒူဝါလရှီးလက မေတ္တာရပ်ခံလိုက်ပါတယ်။
ဖက်ဆစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီအရေးအတွက် အသက်ပေးတိုက်ပွဲဝင် နေတဲ့ ပြည်သူများအတွက် နည်းပညာ၊ လက်နက်ခဲယမ်းနဲ့ ငွေကြေးများကို ထိရောက်စွာ ပံ့ပိုးပေးကြဖို့ အလေးအနက်တောင်းဆို တင်ပြလိုပါတယ်။
နွေဦးတော်လှန်ရေးမှာ အသက်စွန့်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း အမိန့်နာခံ စုစည်းညီညွတ်ကြဖို့နဲ့ စစ်ဝါဒီတစ်ယောက်ချင်းစီကို တုံ့ပြန် အရေးယူနိုင်ရေး ကြိုပမ်းကြဖို့လည်း တိုက်တွန်းထားပါတယ်။
နွေဦးတော်လှန်ရေးတွင် မိမိတို့ရဲ့ ဘဝနဲ့အသက်များကိုပေးပြီး တိုက်ပွဲဝင်နေကြတဲ့ PDF များ LPDF များ ခင်ဗျာ။ မိမိတို့ရဲ့တော်လှန်ရေးဟာ ပြည်သူလူထုရဲ့အသက်များကို ကာ ကွယ်ပေးနေတဲ့ တော်လှန်ရေး၊ အဓမ္မ ဝါဒီများကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးဖြစ်လို့ မွန်မြတ်ပါတယ်။ တော်လှန်ရေး လက်နက်ကိုင်အင်အားစုများ အချင်းချင်းကြား ညီညွတ် ကြဖို့လိုပါတယ်။ အနာဂတ်ဖယ်ဒရယ် တပ်မတော်အတွက်ရည်မှန်းပြီး တသွေး၊ တသံ၊ တမိန့် အမိန့်နာခံတတ်မှုကို အထူးလေ့ကျင့်ကြပါ။ စုစည်းကြပါ။ အကြမ်းဖက်စစ်အုပ်စုရဲ့ ခြိမ်းခြောက်တွေမှုကို တုန်လှုပ်ကြောက်ရွံ့ခြင်းမရှိဘဲ စစ်ဝါဒီအကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုရာဇဝတ်ကောင် တစ်ဦးစီကို တုံ့ပြန်အရေးယူနိုင်ဖို့ ကြိုးစားပါ။
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတရဲ့မိန့်ခွန်းထဲမှာ ဒီမိုကရေစီရေး လှုပ်ရှားသူ လေးဦးကို ကွပ်မျက်မှုအပေါ် ဝိုင်းဝန်းရှုတ်ချကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေကို ဝိုင်းဝန်းတိုက်ခိုက်ပေးတဲ့ တိုင်းရင်းသားအဖွဲ့တွေကို ကျေးဇူးအထူးတင်ကြောင်း ဖော်ပြထားသလို ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီကို တပြိုင်နက်တည်း တိုက်ခိုက်ဖို့အချိန်ကျပြီလို့လည်း တပ်လှန့်လိုက်ပါတယ်။
အာဇာနည်လေးဦးကို ရက်စက်စွာသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီကို ပြင်းထန်စွာရှုတ်ချခဲ့တဲ့ ULA၊ AA၊ KNU၊ KNPP၊ CNF၊ ABSDF မဟာမိတ်များ၊ တိုင်းရင်း သား လက်နက်ကိုင်များနဲ့ နိုင်ငံရေးပါတီများ၊ တော်လှန်ရေးအင်အားစုများ အားလုံးကို ကျေးဇူးတင် အသိအမှတ်ပြုလိုပါတယ်။ ယခုအချိန်ဟာ တွေဝေနေရမယ့်အချိန် မဟုတ် တော့ဘူး။
ဗမာတိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသားများအားလုံး လက်တွဲညီညီနဲ့ ဆက်စုပ်ရွံရှာ ဖွယ်ကောင်းတဲ့ ဖက်ဆစ်စစ်တပ်ကို ဝိုင်းဝန်းချေမှုန်းရမယ့်အချိန် ရောက်လာပြီဖြစ်ပါတယ်။ မိမိတို့မှာရှိတဲ့ လူအင်အား၊ လက်နက်အင်အားကို အကောင်းဆုံးအသုံးချပြီး မဟာဗျူဟာ ကျကျ လက်တွဲချိတ်ဆက်လျှက် တပြိုင်နက်တည်း တိုက်ခိုက်ရမယ့်အချိန် ရောက်လာပြီ ဖြစ်ပါတယ်။
ကိုယ်ကျိုးအတွက် ပြည်သူတွေကို နှိမ်နင်းသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်တွေအတွက် အသက်စွန့်တိုက်ပေးနေရတဲ့ နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ်တွေအနေနဲ့လည်း အာ ဏာရှင်စနစ်ကို ဒုက္ခပေါင်းများစွာကြားက တော်လှန်နေတဲ့ ပြည်သူတွေနဲ့အတူ အမြန်ဆုံး ပြောင်းလဲရပ်တည်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။ နိုင်ငံရေးပါတီတွေ အနေနဲ့လည်း စစ်အုပ်စု က နိုင်ငံရေးထွက်ပေါက်အဖြစ် ကြိုးပမ်းနေတဲ့ကိစ္စတွေမှာ အားဖြည့်ပါဝင်တာမျိုးမလုပ်ကြ ဖို့ တောင်းဆိုထားပါတယ်။
နိုင်ငံရေးပါတီများကို အထူးပန်ကြားလိုသည်မှာ စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက်အဖြစ် အရှက်မဲ့ကြိုးပမ်းနေသည့် ၂၀၂၃ ရွေးကောက်ပွဲကို လုံးဝအားဖြည့်ပါဝင်ခြင်းမပြုကြဖို့ အထူးမေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။ ပြည်သူ့တော်လှန်ရေးအောင်မြင်ဖို့ နှောင့်နှေး ကြန့်ကြာစေမည့် စစ်ကောင်စီရဲ့ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်သွားကြဖို့ လိုအပ်နေပါတယ်။
ပြည်သူပြည်သားတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အသိအမှတ်ပြု ဆက်ဆံတာလုံးဝမလုပ်ဖို့ NUG အစိုးရယာယီသမ္မတက ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတွေ ကိုလည်း တောင်းဆိုလိုက်ပါတယ်။
လူသားကိုတန်ဖိုးထားသော ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို လေးစားစွာဖြင့် တောင်း ဆိုလိုပါတယ်။ ပြည်သူ၊ ပြည်သားများကို ဥပဒေမဲ့သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင် စီကို နိုင်ငံတကာအနေနဲ့ အသိအမှတ်ပြု ဆက်ဆံခြင်းလုံးဝမပြုလုပ်ဖို့ တညီတညွတ်တည်း ဆောင်ရွက်ပေးကြပါ။ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ အဓိကဝင်ငွေ ပင်မလှိုင်းတွေကို ဖြတ်တောက်ပေးကြပါ။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရရှိတဲ့ အခွန်ဘဏ္ဍာများကို တားဆီး ပိတ်ပင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။
အခုလိုတောင်းဆိုလိုက်ချိန်မှာပဲ ဒီမိုကရေစီရေးလှုပ်ရှားသူလေးဦးကို သေဒဏ်ပေး ကွပ် မျက်လိုက်တဲ့အပေါ် တရုတ်နဲ့ ရုရှားအပါအဝင် လုံခြုံရေးအဖွဲ့ဝင် ၁၅ နိုင်ငံက ကန့်ကွက် မယ့်သူမရှိ တညီတညွတ်တည်း ပြစ်တင်ရှုတ်ချလိုက်တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာမှာ မနေ့က ဖော်ပြလိုက်ပါတယ်။ မြန်မာရဲ့ အချုပ်အခြာအာဏာ တည်မြဲဖို့၊ နိုင်ငံရေးအရ လွတ်လပ်ဖို့၊ ကိုယ့်မြေကိုယ့်ရေနဲ့ ညီညွတ်ရေးဆက်လက်တည်ရှိဖို့ ကြိုးပန်းနေတဲ့ မြန်မာပြည်သူတွေရဲ့ မဆုတ်မနစ်လုံ့လကိုလည်း ဆက်လက်ထောက်ခံမှာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ဆုံးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နွေဦး တော်လှန်ရေးကြောင့် အတိဒုက္ခရောက်ရသူတွေ၊ နွေဦးတော်လှန်ရေးမှာ ဘက်ပေါင်းစုံက ပါဝင်နေကြသူတွေကို ဦးညွတ်အလေးပြုပြီး သူ့ရဲ့မိန့်ခွန်းကို နိဂုံးချုပ်ခဲ့ပါတယ်။