'ဝ' ဒေသ နှစ် ၃ဝ ပြည့် ငြိမ်းချမ်းရေးအခမ်းအနား အင်အားပြခြင်းလော
'ဝ' ဒေသ ပန်ဆန်းမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး နှစ် ၃ဝ ပြည့် အခမ်းအနားဟာ ငြိမ်းချမ်းရေးအတွက် အဖွဲ့အင်အားတောင့်တင်းဖို့ လိုတယ်ဆိုတာကို ပြသတဲ့ ပွဲတခုအဖြစ် သုံးသပ်သူတွေ ရှိပါတယ်။
-
2019-04-17 -
-
-
Your browser doesn’t support HTML5 audio
'ဝ' ဒေသ ပန်ဆန်းမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး နှစ် ၃ဝ ပြည့် အခမ်းအနားဟာ ငြိမ်းချမ်းရေးအတွက် အဖွဲ့အင်အားတောင့်တင်းဖို့ လိုတယ်ဆိုတာကို ပြသတဲ့ ပွဲတခုအဖြစ် သုံးသပ်သူတွေ ရှိပါတယ်။ ဒီပွဲမှာ တိုင်းရင်းသားတွေရဲ့ ဇာတိမာန်နဲ့ တန်းတူညီမျှရေး၊ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေး စတဲ့ ပင်လုံစာချုပ်ရဲ့ အဓိကအနှစ်သာရတွေကို မီးမောင်းထိုးပြနေကြပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က သုံးသပ်တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'ဝ' ဒေသ နှစ် ၃ဝ ပြည့် ငြိမ်းချမ်းရေးအခမ်းအနား အင်အားပြခြင်းလော
(ဦးတင်အောင်ခိုင်)
■ ပန်ဆန်းမြို့မှာကျင်းပတဲ့ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ရဲ့ ငြိမ်းချမ်းရေးရရှိခြင်း နှစ် ၃ဝ ပြည့် အခမ်းအနားဟာ ကြီးကျယ်ခမ်းနားလှပါတယ်။ ထောင်နဲ့ချီတဲ့ လာရောက်သူ ဧည်သည့်တွေအတွက် လိုလေသေးမရှိအောင် ကျွေးမွေးတာရော၊ နေထိုင်ရေးတွေအတွက်ပါ UWSA က စီစဉ်ထားပါတယ်။
ပန်ဆန်းကို ရောက်ရှိလာသူတွေ တအံ့တသြပြောကြတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ က ချောက်ချီးချောက်ချက်ရွာလေးဟာ ခုချိန်မှာ အံ့မခန်းတိုးတက်လာတာကို မျက်ဝါးထင်ထင် တွေ့မြင်ကြရတာပါ။ ဒါတွေကို ပြသချင်လို့ မြန်မာအစိုးရအဖွဲ့ဝင်တွေ တပ်မတော်ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့တာ ဖြစ်တယ်လို့ အခမ်းအနားတက်ရောက်လာသူတွေက ပြောပါတယ်။
ဒါပေမယ့် အခမ်းအနားကို ဖိတ်ကြားထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရော တက်ရောက်လာခြင်းမရှိပါဘူး။ အထူးသဖြင့် 'ဝ' ခေါင်းဆောင်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်လာစေချင်တယ်ဆိုတဲ့ စကားတွေလည်း ဝ ခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေက တဆင့်ကြားရပါတယ်။
ခက်တာက ဖိတ်ကြားခဲ့တဲ့စာမှာ ဝ ပြည်နယ်ပြည်သူ့အစိုးရက ဖိတ်ကြားတယ်ဆိုပြီး ပါရှိတာကြောင့် ဖိတ်ကြားချက်ကို လက်ခံလိုက်ရင် အသိအမှတ်ပြုရာ ရောက်လေမလားဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ငြိမ်းချမ်းရေးဗဟို ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်အပြင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ အပါအဝင် အဖွဲ့ဝင် ၈ဦး တက်ရောက်လာပါတယ်။
အခမ်းအနားကို တက်ရောက်လာသူတွေနဲ့ အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က UWSA ဥက္ကဋ္ဌ ပေါက်ယူချန်းဆီကို ပေးတဲ့ သဝဏ်လွှာပါရှိသလို လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေ ပေးပို့တဲ့ သဝဏ်လွှာ စုစုပေါင်း ၁၃ စောင်ရှိပါတယ်။ အဲ့ဒီသဝဏ်လွှာတွေထဲက ၂စောင်ကိုပဲ အခမ်းအနားမှာ ဖတ်ကြားသွားတာ ထူးခြားနေပါတယ်။ ဒီသဝဏ်လွှာတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပေးပို့တဲ့ သဝဏ်လွှာကို အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖတ်ကြားသွားပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် သဝဏ်လွှာကိုတော့ ဗိုလ်မှူးကြီးဟောင်း စန်းပွင့်က ဖတ်ကြားသွားပါတယ်။
ဒီထက်ပိုပြီး ထူးခြားတာကတော့ UWSA ဥက္ကဋ္ဌ ပေါက်ယူချန်းရဲ့ မိန့်ခွန်းနဲ့ စစ်ရေးပြအခမ်းအနားပဲ ဖြစ်ပါတယ်။ စစ်သည်အင်အား ၂သောင်းခွဲလောက်ရှိတယ်ဆိုတဲ့ UWSA တပ်က စစ်သည်အင်အား ၈ဝဝဝ လောက် စစ်ရေးပြအခမ်းအနားမှာ ပါဝင်ခဲ့ကြပါတယ်။ ထူးခြားတာက လေယာဉ်ပစ်ဒုံးကျည်တွေ၊ ဒုံးကျည်တပ် မောင်းသူမဲ့လေယာဉ် Drone တွေပါ ထုတ်ပြခဲ့ပါတယ်။ အခမ်းအနားကို တက်ရောက်လာတဲ့ UWSA နဲ့ နီးစပ်သူတဦး ပြောတာက ဒါ သူတို့မှာရှိတာ အကုန်ထုတ်ပြတာ မဟုတ်သေးဘူးလို့ ပြောပါတယ်။
အခမ်းအနားကို တက်ရောက်လာသူတွေထဲက မေးမြန်းခွင့်ရခဲ့တဲ့ သုံးသပ်သူတွေ အမြင်ကတော့ UWSA အနေနဲ့ မိမိအင်အားကို ထုတ်ပြဖို့ အချိန်တန်ပြီမို့ ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီအချက်ကို ထောက်ခံနေတာကတော့ UWSA ဥက္ကဋ္ဌ ပေါက်ယူချန်းရဲ့ ပြောစကားပါ။ ' ဝ ' ပြည်နယ် သမိုင်းတလျှောက်မှာ ' အစိုးရမဲ့' ဒေသတခု ဖြစ်ခဲ့ပြီး မြန်မာရာဇဝင်မှာ မည်သည့်ဧကရာဇ်မှ ' ဝ' ပြည်နယ်ကို မစိုးမိုးခဲ့လို့ဆိုပါတယ်။ ၁၉၆ဝခုနှစ်နောက်ပိုင်းမှာ တရုတ်-မြန်မာ နယ်စပ်မျဉ်းရေးဆွဲရာမှာ မြန်မာဘက်မှာ ပါဝင်လာတာကို သူတို့အနေနဲ့ လက်ခံပါတယ်ပြောပါတယ်။ 'ဝ' ပြည်နယ် ဟာ ပြည်ထောင်စုမြန်မာနိုင်ငံက ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး မခွဲထွက်ရေး၊ လွတ်လပ်ရေး မတောင်းဆိုရေးတို့ကို လေးလေးနက်နက် ကတိသစ္စာပြုခဲ့တယ်လို့ ပြောသွားပါတယ်။
တကယ်က 'ဝ' ဒေသဟာ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖြစ်ပေမယ့် UWSAက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် တောင်းဆိုနေတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို မေးမြန်းရာမှာတော့ မှတ်ချက်မပေးနိုင်သေးဘူးလို့ ပြောပါတယ်။
ပေါက်ယူချန်းပြောသွားတဲ့ မိန့်ခွန်းမှာ နိဂုံးချုပ်ထားတာကတော့ တောင်းဆိုထားတာများ အကောင်အထည်မပေါ်ခင် သူတို့ဟာ လက်တစ်ဖက်က ငြိမ်းချမ်းရေးအလံကို လွှင့်ထူပြီး အခြားလက်တစ်ဖက်မှာ လက်နက်ဖြင့် မိမိကိုယ်ကို ကာကွယ်ရေးအလံကို လွှင့်ထူကာ လက်ရှိအနေအထား အခြေအနေကို ဆက်လက်စောင့်ထိန်းသွားကြမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။