မြန်မာကျောင်းသားတွေ အမေရိကန်မှာ ပညာသင်ကြားရေး အခွင့်အလမ်းသစ်
2016.09.29
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတစ်ခေါက်အမေရိကန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် လက်ကျန် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးတော့မယ့် အစီအစဉ်နဲ့အတူ ကုန်သွယ်စီးပွားရေးကဏ္ဍတွေမှာ ပိုလမ်းပွင့်သွားခဲ့သလိုပဲ ပညာရေးမှာလည်း အခွင့်အလန်းသစ်တွေ ရရှိလာခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ပညာရေးစနစ်ရှိတဲ့ အမေရိကန်နဲ့ ဆက်ဆံရေးလမ်းပွင့်သွားပြီမို့ ကျောင်းသားတွေ အမေရိကန်တက္ကသိုလ်ကောလိပ်တွေမှာ ပညာသင်ဖို့ ပိုမျှော်လင့်အားတက်စရာဖြစ်လာခဲ့တာပါ။
၂၀၁၁-၁၂ ပညာသင်နှစ် စာရင်းတွေအရ အမေရိကန်နိုင်ငံတဝှမ်းက တက္ကသိုလ်ကောလိပ်အသီးသီး မှာ မြန်မာနိုင်ငံက လာရောက်ပညာဆည်းပူးနေတဲ့ ကျောင်းသား ၈၀၇ ဦးရှိပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံက အမေရိကန်ကို ပို့ထားတဲ့ ကျောင်းသားအရေအတွက်က ၁၅၅၇၂ ဦးရှိတာမို့ မြန်မာကျောင်းသားအရေအတွက်ဟာ မဆိုစလောက် ပမာဏပဲ ရှိနေပါသေးတယ်။
အခုဆိုရင် မြန်မာကျောင်းသား အရေအတွက်ကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လက်ခံဖို့ အမေရိကန်အစိုးရက သဘောတူညီလိုက်ပြီ ဖြစ်တာကြောင့် မြန်မာကျောင်းသား အမေရိကန်မှာ မြန်မာနိုင်ငံက ကျောင်းသား ၁၅၀၀ ဝန်းကျင်လောက်အထိ တိုးလာဖွယ်ရှိပါတယ်။
တကယ်တော့ ပညာရေးမှာ ရင်းနှီးမြှုပ်နှံတာဟာ တိုင်းပြည်ရဲ့အနာဂတ်အတွက် အကောင်းဆုံး ပြင်ဆင် ပျိုး ထောင်မှုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကမ္ဘာနိုင်ငံအသီးသီးက အမေရိကန်ကို ကျောင်းသားတွေ နှစ်စဉ် တိုးမြှင့်ပို့နေကြတာလည်းဖြစ်ပါတယ်။ အခုဆိုရင် အမေရိကန်မှာ သက်မွေးဝမ်းကျောင်းပညာနဲ့ တခြားဘာသာရပ် အသီး သွားရောက်ဆည်းပူးသင်ယူနေတဲ့ နိုင်ငံခြားကျောင်းသား ၁ သန်း ၁ သိန်းကျော်ရှိနေပါတယ်။ မနှစ်ကထက် ၂၀ ရာခိုင်နှုန်းအထိ တိုးလာတာပါ။
အမေရိကန်တက္ကသိုလ်ကောလိပ်တွေက နိုင်ငံခြားသားကျောင်းသား ၇၇ ရာခိုင်နှုန်းဟာ အာရှတိုက်နိုင်ငံတွေ က ဖြစ်ပြီး၊ တရုတ်ကျောင်းသားက အများဆုံးဖြစ်ပါတယ်။ ၂၀၁၄-၁၅ ပညာသင်နှစ်စာရင်းတွေအရ အမေရိကန်မှာ တရုတ်ကျောင်းသား ၃ သိန်းကျော် ပညာဆည်းပူးနေကြပြီး၊ နိုင်ငံခြားကျောင်းသား စုစုပေါင်းရဲ့ ၃၁ ရာခိုင်းနှုန်း ရှိပါတယ်။
လောလောဆယ်မှာ ကမ္ဘာ့အဆင့်မီပညာရေးကို မြန်မာနိုင်ငံက ကျောင်သား ၁၀၀၀ တောင် လက်လှမ်း မမီနိုင်သေးတဲ့အတွက် အစိုးရအနေနဲ့ နိုင်ငံအနာဂတ်အတွက် အတော်လေးကို ကြိုးပမ်းဆောင်ရွက်ရဦးမယ့် သဘောရှိပါတယ်။ ဘာလိုပဲဖြစ်ဖြစ်အခုလို မြန်မာကျောင်းသားတွေ အမေရိကန်မှာ ပညာသင်ဖို့ အခွင့်အလမ်းတွေ ပိုအားကောင်းလာဟာ ကြိုဆိုဝမ်းမြောက်စရာပဲလို့ ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ အမေရိကန်တက္ကသိုလ် (American University)ရဲ့ အာရှ-အမေရိကန် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌ ကိုသန်းထွဋ်အောင်က ပြောပါတယ်။
“မြန်မာကျောင်းသားတွေကို ဒီမှာတိုးပြီးလက်ခံမယ်ဆိုတော့ ကောင်းတာပေါ့၊ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အတွက်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက ပညာရေးက မကောင်းတဲ့အခါကျတော့ ဒီမှာလာပြီး တက်ခြင်းအားဖြင့် ဒီကပညာရေးစနစ်ကိုလည်းရမယ့်အပြင် ဒီကတက္ကသိုလ်ကျောင်းသားတွေ ဘယ်လိုဘဝဖြတ်သန်းလဲဆိုတာကို သိရှိရမှာဖြစ်တဲ့အတွက် တချိန်မှာ မြန်မာပြည်ကြီးတိုးတက်အောင်၊ မြန်မာပြည်ကို အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်၊ ဒီမှာကျောင်းတက်တယ်ဆိုတာ စာပဲသင်ပေးတာ မဟုတ်ဘူး၊ ဘဝအတွက် အစအဆုံး ပြင်ဆင်ပေး တယ်၊ ကျောင်းစာအရ သင်ပေးသလို လက်တွေ့မှာ ဘယ်လိုအသုံးချလဲဆိုတာ သင်ပေးတဲ့အပြင် ဘွဲ့ရပြီးရင် အလုပ်အခွင့်အလမ်းဘယ်လိုရှာရမလဲ၊ ဒါတွေကအစ ကျောင်းမှာ အကုန်လုံး စင်တာရုံးခန်းတွေသက်သက် သီးခြားအလုပ်ရှာဖွေဖို့ ဖွင့်ပေးပြီးတော့ကို ပြင်ဆင်ပေးတာဖြစ်တဲ့အတွက် လူမှုအသိုင်းအဝိုင်းမှာပါ ဝင်ဆံ့အောင် ပညာတွေသင်ပေးတာဖြစ်တဲ့အတွက် ဒီပညာရေးဟာ တကယ်စစ်မှန်ပါတယ်”
ရန်ကုန်ဇာတိဖြစ်တဲ့ ကိုသန်းထွဋ်အောင်ဟာ အမေရိကန်တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေး ပညာလာရောက် ဆည်းပူးနေသူလည်း ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း နိုင်ငံခြားပညာသင်ဆုတွေ ဖန်တီးပေးခဲ့တာရှိပြီး၊ လက်ရှိ NLD အစိုးရလက်ထက်မှာ နိုင်ငံခြားပညာသင်ကြားရေး အစီအစဉ်တွေ တိုးချဲ့သွား ဖွယ်ရှိတယ်လို့ နေပြည်တော်အစိုးရနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဧရာဝတီတိုင်း ဖျာပုံဒေသကနေ ရန်ကုန် မြို့ မြန်မာသတင်းပညာသိပ္ပံမှာ သတင်းစာပညာလာရောက်ဆည်းပူးနေသူ ကိုဘိုဘိုသိန်းကတော့ နိုင်ငံခြား ပညာသင်ကြားရေး အစီအစဉ်တွေဟာ အခွင့်အလန်းကောင်းတွေဆိုပေမယ့် လောလောဆယ်မှာတော့ ရန်ကုန်လို မြို့ကြီးပြကြီးတွေမှာ နေထိုင်သူအများစုအတွက်သာ ဖြစ်နေသေးပြီး၊ နယ်ကျောင်းသားတွေအတွက် လက်လှမ်းမမီသေးဘူးလို့ ထောက်ပြပါတယ်။
“ကျောင်းသားတွေအတွက် အခွင့်အလန်းတွေ ကောင်းသွားတာပေါ့၊ ဒီအပေါ်မှာ လူတွေကတော့ တော်တော် များများတော့ စိတ်ဝင်စားကြမှာပဲ။ ဒါပေမယ့် ဒီရန်ကုန်မြို့ပေါ် အနေအထားလောက်ပဲ စိတ်ဝင်စားကြမှာ၊ နယ်ဘက်တွေကတော့ တော်ရုံတန်ရုံ လက်လှမ်းမမီကြဘူးလေ၊ ဘာ့ကြောင့်လဲဆိုတော့ တချို့ဆိုလို့ ရှိရင် နိုင်ငံခြားမှာ ပညာသွားသင်ဖို့ဆိုတာ အိမ်မက်တစ်ခုလို ဖြစ်နေတာ၊ အင်ဖော်မေးရှင်းတွေ ဘာတွေလည်း သူတို့အနေနဲ့ မရကြဘူး၊ မြို့မှာနေတဲ့ မျက်စိပွင့်နားပွင့်တဲ့ လူတွေအတွက်လောက်ပဲ အသုံးဝင်မယ်လို့တော့ ကျွန်တော်ကတော့ မြင်တယ်”
ဒီထောက်ပြချက်ဟာလည်း ပညာရေးမြှင့်တင်မယ်ဆိုရင် အစိုးရသစ်အတွက် အလေးအနက် ထည့်သွင်းစဉ်းစားစရာ အချက်တစ်ခုလည်း ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေထဲမှာ ပညာရေးမြှင့်တင်ပြီး နိုင်ငံစီးပွားတက်အောင်လုပ်ကြတဲ့အထဲမှာ တရုတ်နိုင်ငံဟာ စံပြ ဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်ကစလို့ သမ္မတ တိန်းရှောင်ဖိန်စတင်ခဲ့တဲ့ ခေတ်မီပြုပြင်ပြောင်းလဲရေးနောက်ပိုင်း အစိုးရက တရုတ်နိုင်ငံသား ၈ သိန်းလောက်ကို နိုင်ငံခြားတိုင်းပြည်တွေကိုစေလွှတ်ပြီး ပညာသင်ကြားစေခဲ့ ပါတယ်။ အဲဒီနည်းနဲ့ပဲ အချိန်တိုအတွင်းမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးကို မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင် ခဲ့တာမို့ ဒီကနေ့ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး စီးပွားရေးကို ထူထောင်ထားနိုင်တဲ့ နိုင်ငံအဆင့်ကို တက်လှမ်းရောက်ရှိနေပြီဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။