တရုတ်နယ်စပ်က မြန်မာအလုပ်သမားတွေ နေရပ်ပြန်ရေး ဖိအားပေးခံနေရ

2021.10.07
တရုတ်နယ်စပ်က မြန်မာအလုပ်သမားတွေ နေရပ်ပြန်ရေး ဖိအားပေးခံနေရ တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့နဲ့ ကျယ်ဂေါင်မြို့ကြားက တရုတ်စစ်ဆေးရေးဂိတ်ကို တွေ့ရစဉ်
Photo: RFA

တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မြို့မှာ ကုန်းတွင်းစီးပွားရေးဇုန် တည်ဆောက်ဖို့ရှိတယ်ဆိုပြီး အခုရက်ပိုင်း အတွင်းသတင်းတွေ ထွက်ပေါ်လာပြီးနောက် ကျယ်ဂေါင်နဲ့ ဝမ်တိန် နယ်စပ်မြို့တွေမှာ ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို နေရပ်ပြန်ဖို့ တရုတ်အာဏာပိုင်တွေက ဖိအားပေးနေတယ်လို့ နယ်စပ်မှာ နေထိုင်သူတွေ က RFA ကို ဒီနေ့ပြောပါတယ်။

ယခင်က အထောက်အထား မရှိသူတွေကိုပဲ နေရပ်ပြန်ခိုင်းတာဖြစ်ပေမယ့် အောက်တိုဘာလ ၅ ရက်နေ့ ကစလို့ ပေါက်ဖော်ကတ်လို့ခေါ်တဲ့ နေထိုင်ခွင့်လက်မှတ်ကိုပါ သက်တမ်း တိုးမပေးတော့ဘဲ နေရပ်ပြန်ခိုင်း နေတာလို့ ဝမ်တိန်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုမောင်မောင်က ပြောပါတယ်။

"ကျွန်တော်တို့ အချင်းချင်း နားလည်မှု လုပ်ထားတာက သက်တမ်းကုန်သွားပြီ။ ကျွန်တော်တို့ လုပ်မယ် ဆိုတော့ ရွှေလီက ရဲတွေက ရတယ်တဲ့၊ ဒီဟာကိုပဲကိုင်ထားပေါ့။ ရှိတဲ့ဟာကိုပဲကိုင်ထားဆိုတော့ ကျွန်တော် တို့က ကိုင်ထားတာ။ သက်တမ်းကုန်သွားပြီ သက်တမ်းတိုးချင်တဲ့သူတွေကျတော့ ရုံးက သူတို့ဖွင့်မပေး ဘူး၊ ပြန်ကို ပြန်ရမယ်၊ သူတို့ အဲလိုပုံစံကို လုပ်ထားတာ။ ကျွန်တော်တို့ဖြစ်စေချင်တာက ပြန်ပို့မယ် ဆိုလည်း ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုယူပြီး တရားဝင် ဒီဝမ်တိန်ဂိတ်ပေါက်ကနေပဲ ပြန်ချင်တာ ပေါ့နော်။ အခုသူတို့ပို့နေတာကျတော့ ရွှေလီ-ကျယ်ဂေါင်ကနေ ပို့နေတာဆိုတော့ သွားရေးလာရေး ပစ္စည်းသယ် ရေးတွေမှာ အတော်လေး အခက်အခဲဖြစ်ကြတယ်"

ပေါက်ဖော်ကတ်ကို တစ်နှစ်မှာ သုံးကြိမ် သက်တမ်းတိုးရပြီး အဲဒီပေါက်ဖော်ကတ်ကို စာအုပ်အနီလို့ခေါ်တဲ့ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်၊ အိမ်ရှင်ထောက်ခံချက်တွေနဲ့ လုပ်ရတာဖြစ်ပြီး အခုတော့ အဲဒီကတ်တွေကို သက်တမ်းတိုးတာ၊ ထုတ်ပေးတာတွေမရှိတော့ဘဲ နေရပ်ပြန်ခိုင်းနေတာလို့ ဆိုပါတယ်။ နေရပ်ပြန်ရမယ့် မြန်မာနိုင်ငံသားတွေကို သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုပါ သယ်ယူခွင့်မပေးဘဲ မူဆယ် နန်းတော်ပေါက်ကနေ ပြန်ပို့ဖို့ တရုတ်အာဏာပိုင်တွေက စီစဉ်နေတာလို့ ကိုမောင်မောင်က ပြောပါတယ်။ ဒါကြောင့် ဝမ်တိန်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင် ပစ္စည်းတွေ ဆုံးရှုံးမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ကျယ်ဂေါင်မြို့ရဲ့ အကျယ်အဝန်း ၂.၃၄ စတုရန်းကီလိုမီတာအတွင်းမှာ ရှိတဲ့ အဆောက်အအုံတွေကို တရုတ် ဗဟိုအစိုးရက ပေါက်ဈေးထက် နှစ်ဆပေးဝယ်ပြီး အဲဒီအဆောက်အအုံတွေကို ဖြိုဖျက်ပြီးတော့ ကုန်းတွင်း စီးပွားရေးဇုန် တည်ဆောက်ဖို့ ပြင်ဆင်နေတာလို့ နယ်စပ်မှာနေထိုင်သူတွေက ပြောပါတယ်။ ကျယ်ဂေါင် တံတားထိပ် အနီးမှာ နေထိုင်တဲ့ ဒေသခံ ကျေးရွာသားတွေကိုလည်း တရုတ်ဗဟို အစိုးရ တာဝန်ရှိသူတွေက လိုက်လံတွေ့ဆုံပြီး စီမံကိန်းအကြောင်း ရှင်းပြသလို ကျေးရွာသားတွေကိုလည်း ရွှေလီမြို့ကို ပြောင်းရွှေ့ပေးဖို့ ညှိနှိုင်း နေတယ်လို့လည်း ဆိုပါတယ်။

အဲဒီရှမ်းတိုင်းရင်းသားတွေဟာ ရှေးယခင်ကတည်းက နေထိုင်လာသူတွေဖြစ်တာကြောင့် ရွာသားတွေကတော့ ငြင်းဆန်နေကြတယ်လို့ ပြောပါတယ်။

ဝမ်တိန်မြို့ဟာ မြန်မာနယ်စပ် မူဆယ်နဲ့ တရုတ် ကျင်စန်းကျော့ဂိတ်ကို အဓိကထားပြီး နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်နေကြတာပါ။

ပုံမှန်ကုန်သွယ်ရေးလုပ်နေချိန် ဝမ်တိန်မှာ မြန်မာနိုင်ငံသား ၆၀၀၀ လောက်အထိ နေထိုင်ကြပြီး ဂိတ်ပေါက် စတင်ပိတ်တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ပထမအကြိမ် မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့လိုက်တဲ့အတွက် ဝမ်တိန်ထဲမှာ မြန်မာနိုင်ငံသား ၂၀၀၀ ခန့် ကျန်ခဲ့တယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။ လက်ရှိအထဲက လူဦးရေ ၆၀၀ ခန့်ကို နေရပ်ပြန်ပို့ဖို့ ပြင်ဆင်နေတဲ့အတွက် ဝမ်တိန်မှာ မြန်မာနိုင်ငံသား ထောင်ဂဏန်းလောက်ပဲ ကျန်တော့မယ်လို့ ဝမ်တိန်ရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

တရုတ်က စီမံကိန်းစမယ်လို့ ပြောပြီးနောက်မှာ တရုတ်ဘက်က ပြန်ပို့လာသူတွေ ပိုများလာပြီး အဲဒီအထဲမှာ ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးဖြစ်တယ်လို့ နေရပ်ပြန် မြန်မာနိုင်ငံသားတွေကို ကူညီနေတဲ့ မူဆယ်မြို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကွန်ယက် ဥက္ကဋ္ဌ ကိုဌေး က ပြောပါတယ်။

"ကျွန်တော်တို့ ဒေသအာဏာပိုင်က တရုတ်ကိုပြောတယ်၊ အနည်းဆုံးတော့ တစ်ရာလွှဲပါဆိုတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ သုံးရက် လွှဲပေးတယ်။ သုံးရက်လွှဲပေးတာကနေ အခု ကျယ်ဂေါင်စီမံကိန်း ပေါ်လာတော့ မနေ့ကရယ်၊ ဒီနေ့ရယ် မနက်ဖြန် သုံးရက်ဆက်လွှဲတယ်။ လွှဲလာတော့ လူဦးရေက မနေ့ကစပြီး များလာ တယ်ဗျ။ ဒီနေ့လည်း နည်းနည်း များများတယ်။ မနေ့က သုံးရာကျော်၊ လေးရာလောက် ရှိတယ်။ ဒီနေ့ လည်း နဲနဲများတယ်။ အဲဒီမတိုင်ခင် တစ်ပတ်လောက်က ဆိုရင် တစ်ရက် တစ်ရက်ကို နှစ်ဆယ်၊ သုံးဆယ် လောက်ပဲ လွှဲတာ။ အခုတော့တစ်ရက်ထဲကို လေးရာလောက် ရောက်လာတာပေါ့"

၂၀၂၀ ဧပြီလ နောက်ပိုင်း မူဆယ်မှာ ကိုဗစ်ရောဂါပိုးတွေ့သူ များလို့ဆိုပြီး တရုတ်ဘက်က နန်းတော် လူဝင်၊ လူထွက် ဂိတ်ပေါက်ကို ပိတ်ထားခဲ့တာပါ။

တရုတ်ထဲ ကျန်နေတဲ့ မြန်မာနိုင်ငံသားတွေ တရားဝင်ပြန်လာခွင့် ရရေးအတွက် မူဆယ်အာဏာပိုင်တွေက ဂိတ်ဖွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်မှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။

"ပို့ဆောင်ရေးတွေ ဈေးတက်သွားမယ်၊ သွားရလာရတာ အဆင်မပြေဘူး ဖြစ်သွားမှာပေါ့"

ဇူလိုင်ကနေ ဒီနေ့အထိဆိုရင် အဲဒီဂိတ်ပေါက်ကနေ နေရပ်ပြန်လာတဲ့ မြန်မာနိုင်ငံသား တစ်သောင်း တစ်ထောင်လောက်အထိ ရှိနေပြီလို့လည်း ကိုဌေး က ပြောပါတယ်။

တရုတ်နိုင်ငံဘက်က အဲဒီကုန်းတွင်းစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုရင် စီမံကိန်းကာလ ငါးနှစ်ကျော်ကာလလောက်အထိ မူဆယ်မြို့က ဆင်ဖြူဂိတ်ပေါက်၊ နန်းတော်ဂိတ်ပေါက်နဲ့ မန့်ဝိန်း ကုန်တင်ဂိတ်ပေါက်တွေကို ပိတ်ထားရနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ဒါကြောင့် တရုတ်အစိုးရရဲ့စီမံကိန်းဟာ မူဆယ်မြို့ နယ်စပ်ကုန်သွယ်ရေးအပေါ်မှာ ထိခိုက်မှုရှိနိုင်တယ်လို့ မူဆယ်နယ်စပ် ဆန်စပါးကုန်စည်ဒိုင်အသင်း ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

"စီမံကိန်းက သူတို့က ငွေအားလူအားလည်း တောင့်တယ်။ ဒါတောင်မှ လေးနှစ်ကျော် အချိန်ပေးရမယ် ပြောတယ်။ ဒီကာလမှာတော့ ကျယ်ဂေါင်ကို ပိတ်ထားမှာပေါ့ဗျာ။ ကျယ်ဂေါင်ပိတ်ထားပြီဆိုတော့ လူလဲဝင်မရ၊ ကားလဲဝင်မရ ကုန်လည်း ဝင်မရတော့ဘူး၊ ဆိုင်ကယ်လည်း ဝင်လို့မရတော့ဘူး။ ကျွန်တော်တို့က ဝင်မယ်ဆိုရင် ဝမ်တိန်တို့ ကျင်စန်းကျော့ အပေါက်တို့က ဝင်ရုံပဲရှိတော့မယ်။ အဲဒီလို ဆိုတော့ ကျွန်တော်တို့က မူဆယ်ကနေ ပတ်သွားရမှာပေါ့။ မူဆယ်နဲ့ ကျင်စန်းကျော့က ၇ မိုင် ၂ ဖာလုံ ရှိတယ်။ ဝေးသွားတာပေါ့ဗျာ။ အရင်တုန်းက ကျယ်ဂေါင်တို့၊ မူဆယ်တို့ ဆိုတာ ခြံစည်းရိုးပဲခြားတာကို၊ အဲဒီတော့ ပို့ဆောင်ရေးတွေ ဈေးတက်သွားမယ်၊ သွားရလာရတာ အဆင်မပြေဘူးဖြစ်သွားမှာပေါ့"

china-myanmar-border-villager.jpg
(ကျယ်ဂေါင်၊ ရှမ်းရွာက ဒေသခံတွေကို တရုတ်အာဏာပိုင်တွေက ရွာရွှေ့ပြောင်းဖို့အတွက် တွေ့ဆုံနေစဉ်) Photo: Sai Yeean

အခုရက်ပိုင်းမှာတော့ မြန်မာကုန်သည်တွေ တောင်းဆိုမှုကြောင့် တရုတ်ဂိုဒေါင်တွေမှာ ပိတ်မိနေတဲ့ မြန်မာ နိုင်ငံသားတွေ ဝယ်ယူထားတဲ့ ကုန်ပစ္စည်းတွေ သယ်ယူနိုင်ဖို့ တရုတ်ဘက်က ခွင့်ပြုမယ်လို့ ပြောထားတဲ့ အတွက် ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ပိတ်ထားခဲ့တဲ့ မန့်ဝိန်းကုန်တင်ဂိတ်ပေါက်ကို အခုရက်ပိုင်းမှာ ယာယီ ပြန်ဖွင့်ပေးနိုင် ဖို့ရှိတယ်လို့ဆိုပါတယ်။

အဲဒီပစ္စည်းတွေဟာ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်၊ စားသောက်ကုန်၊ အောက်ဆီဂျင်အိုးတွေ အပါအဝင် တွဲကား အစီးရေ ၇၀၀ စာလောက်ရှိတယ်လို့ ဆိုပါတယ်။

ဒီလိုပြန်ဖွင့်တယ်ဆိုပေမယ့် မြန်မာဘက်က ကုန်တင်ကားအလွတ်တွေပဲ ယာဉ်မောင်းအစားထိုးစနစ်နဲ့ ဝင်ခွင့် ရမှာဖြစ်ပြီး တရုတ်ပို့ ကုန်တွေတော့ ဝင်ခွင့်ရမှာမဟုတ်ဘူးလို့ ဦးမင်းသိန်းက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ နိုင်ငံခြားကုန်သွယ်ရေးဂိတ် ၁၈ ခုရှိတဲ့အထဲမှာ တရုတ်နယ်စပ်ဂိတ်ဟာ ကုန်သွယ်ရေးဝင်ငွေ ၇၀ ရာခိုင်နှုန်းအထိ ရှာဖွေပေးနေတာဖြစ်သလို မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား သိန်းနဲ့ချီ တရုတ်နိုင်ငံထဲမှာ အလုပ်လုပ်ကိုင် နေကြတာပါ။

ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ တရုတ်ဘက် နယ်စပ်ဂိတ်တွေကို ပိတ်ထားခဲ့တဲ့အတွက် လက်ရှိမှာ နယ်စပ်ဂိတ်တွေအားလုံး ပိတ်ထားရပြီး ပို့ကုန်တင်ပို့ခွင့်မရဖြစ်နေသလို တရုတ်နိုင်ငံထဲ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ်နဲ့အမျှ မူဆယ်နန်းတော်ဂိတ်ကနေ နေရပ်ပြန်ပို့ခံနေရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။