မတရားအသင်းဥပဒေအပေါ် သုံးသပ်တင်ပြချက်
2018.10.25
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာမှာ အခြေခံစစ်သင်တန်း လေးလကြာ တက်ရောက်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး CNF က အသက် ၂၀ ကျော်အရွယ် တပ်ဖွဲ့ဝင် ၂ ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရဲအုပ်ကျော်ဝင်းနိုင်က မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁) နဲ့ အခုလ ၂၃ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။
ကိုလိုနီခေတ်ကတည်းက ပြဌာန်းထားခဲ့တဲ့ မတရားအသင်းဥပဒေကို ဘယ်လိုအခြေအနေတွေမှာ အစိုးရက ဆက်အသုံးပြုနေပါသလဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဥပဒေပညာရှင်တွေရဲ့ သုံးသပ်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။
………………..
အစိုးရက မတရားအသင်းအဖြစ် သတ်မှတ်ထားတဲ့ အပစ်ရပ်လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်မယ်ဆိုရင် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)နဲ့ အမှုဖွင့်ခံရပြီး ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ဖွယ်ရှိပါတယ်။
တဖက်မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ အစိုးရတာဝန်ရှိသူတွေကိုယ်တိုင်က အစိုးရက မတရားအသင်းလို့ သတ်မှတ်ထားတဲ့ အပစ်ရပ်လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တွင်းရော ပြည်ပမှာပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
လာမယ့် နိုဝင်ဘာလဆိုရင် အပစ်ရပ်လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ်ထိုးပြီးအဖွဲ့တွေ တွေ့ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ ထိပ်သီးတွေ့ဆုံပွဲကပဲ ဆုံးဖြတ်ချက်ချခဲ့ပါသေးတယ်။
အဲဒီလိုတွေ့ဆုံရာမှာ မတရားအသင်းဥပဒေနဲ့ ငြိစွန်းမှုမရှိအောင် ဘယ်လိုစည်းကမ်းသတ်မှတ်ချက်၊ ဥပဒေတွေ ချမှတ်ဆောင်ရွက်နေကြပါသလဲ။ အပစ်ရပ်လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒေါ်စောမြရာဇာလင်း က အခုလိုပြော ပါတယ်။
“ စည်းကမ်းသတ်မှတ်ချက်ရယ်တော့ မရှိဘူး။ လိပ်ပြာသန့်သန့်နဲ့ ကျမတို့လုပ်နေကြတဲ့အပေါ် အစိုးရကလည်း နားလည်မှုတော့ ရှိပါတယ်။ အစိုးရဘက်ကလည်း မြောက်ပိုင်းကိုသွားတွေ့နေတဲ့ ပုံစံတွေရှိတယ်။ ကျမတို့ကလည်း ထိုင်းနိုင်ငံကို သွားတွေ့နေကြတာတွေရှိတယ်။ အခုဆို ပွင့်ပွင့်လင်းလင်းပြောထားကြပြီးပြီ။ EAO ထိပ်သီးကျင်းပဖို့ လုပ်နေကြတာရှိတယ်။”
ဒါကတော့ ထိပ်ပိုင်းခေါင်းဆောင်တွေကြား ဆောင်ရွက်နေမှုအပိုင်းပါ။ အောက်ခြေတပ်ဖွဲ့ဝင်တွေအပိုင်း မှာ တော့ အပစ်ရပ်လက်မှတ်ရေးထိုးပြီး အဖွဲ့တွေက လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့အခါ မတရားအသင်းဥပဒေနဲ့အရေးယူခံရတာတွေ ရှိနေပါတယ်။
အခုလ ၂၃ ရက်နေ့မှာ CNF က တပ်ဖွဲ့ဝင်နှစ်ဦးကို KIA မှာ စစ်သင်တန်းလေးလာကြာ တက်ရောက်ခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရဲအုပ်ကျော်ဝင်းနိုင်က မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်လိုက်ပါတယ်။
သူတို့နှစ်ဦးဟာ၂၀၁၇ စက်တင်ဘာလအတွင်း CNF ကိုဝင်ရောက်ခဲ့ပြီး အောက်တိုဘာလမှာ KIA မှာ စစ် သင်တန်း တက်ရောက်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲအရာရှိရဲ့ အမှုဖွင့်တိုင်ချက်မှာ ရေးသားထားပါတယ်။
တရားလိုဖြစ်တဲ့ ရဲအုပ်ကျော်ဝင်းနိုင်၊ တောင်ဒဂုံရဲစခန်းမှူး ဒုရဲမှူးမောင်မောင်နဲ့ တောင်ဒဂုံမြို့နယ်ရဲစခန်းတို့ကို RFA က ဆက်သွယ်မေးမြန်းရာမှာ အမှုဖွင့်ထားတာကို ငြင်းဆိုတာမရှိပေမယ့် ထိန်းသိမ်းဆောင်ရွက်နေမှုနဲ့ ပတ်သက်လို့ တစ်စုံတရာဖြေဆိုတာ မရှိပါဘူး။
မတရားအသင်းဥပဒေပုဒ်မနဲ့ CNF တပ်ဖွဲ့ဝင်နှစ်ဦး အမှုဖွင့်အရေးယူခံရမှုနဲ့ ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ဦးထွန်းဇော်က သူ့သဘောထားကို အခုလိုပြောပါတယ်။
“တရားဝင်အဖွဲ့အစည်း ဆက်ဆံရေးတွေရှိနေတာပဲ။ဒါကတော့ ကင်းလွတ်သင့်တယ်လို့ ကျနော်မြင်တယ်။ နောက်ပြီးသူတို့ကလည်း သူတို့ရဲ့ ပညာရေးကို ဆက်လုပ်တယ်ပေါ့ဗျာ။ ဒီလိုအနေအထားမျိုးမှာ အစိုးရလုပ်တဲ့သူတွေ၊ တိုင်းပြည်အကြီးအကဲ အထူးသဖြင့် အာဏာကို လက်ကိုင်ထားသူတွေကတော့ အာဏာကို လက်လွတ်စပယ် အသုံးပြုတဲ့ပုံစံမျိုး မဖြစ်သင့်ဘူးပေါ့။ ”
၁၇ (၁) နဲ့ အမှုဖွင့်ခံထားရသူနှစ်ဦးဟာ KIA က ဖွင့်လှစ်မယ့် ဗိုလ်လောင်းသင်တန်းကို တက်ရောက်ဖို့ စောင့်ဆိုင်းနေစဉ်ကာလမှာ ဆက်လက်တာဝန် မထမ်းဆောင်လိုတော့တာကြောင့် တက္ကသိုလ်ပညာဆက်သင်ကြားဖို့ ရန်ကုန်ကို ထွက်ပြေးလာတာလို့ ရဲစစ်ချက်မှာ ဖော်ပြထားပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေဖြစ်တဲ့ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနဲ့ ဒေါက်တာ ရွှေခါးတို့ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒီအကြောင်းကို သေချာမသိသေးကြောင်း၊ ဖမ်းဆီးခံရသူတွေဟာ တပ်ဖွဲ့ဝင်တွေ ဟုတ်၊မဟုတ် အတည်မပြုနိုင်သေးကြောင်းပြောပါတယ်။
CNF ဘက်က စစ်ဆေးပြီးလို့ အတည်ပြုချက် တစ်စုံတရာရခဲ့ပြီဆိုရင် ကြေညာချက် ထုတ်ပြန်သွားမယ်လို့လည်း ပြောပါတယ်။
မတရားအသင်းဥပဒေကို အစိုးရအဆက်ဆက် အသုံးပြုဆောင်ရွက်ခဲ့မှုနဲ့ ဒီဥပဒေနဲ့ ပတ်သက်ပြီး သတိထားသင့်တဲ့ အနေအထားတွေအပေါ် တရားလွှတ်တော်ရှေ့နေဦးအောင်သိန်း ပြောတာက အခုလိုပါ။
“ဗမာပြည်ကွန်မြူနစ်ပါတီကို ဆက်သွယ်တဲ့သူတွေကို အများဆုံးအသုံးပြုပြီးလုပ်တဲ့ ပုဒ်မတွေ။ ၁၇ (၁) ရဲ့ အတွေ့ အကြုံအရ ကချင်ဘက်မှာ ကချင်သူပုန်နဲ့ဆက်သွယ်တယ်၊ ကချင်မှန်ရင် ကေအိုင်အေပဲဆိုပြီးတော့ တချိန်က ထောက်လှမ်းရေးတွေက အဲလိုစွပ်စွဲပြီး တရားစွဲတင်တဲ့အမှုတွေကို ပြည်ထောင်စုတရားလွှတ်တော်ထိ ကျနော်ကိုယ်တိုင်လိုက်ပါခဲ့မှုတွေရှိပါတယ်။”
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး လေ့လာစမ်းစစ်မှုတွေ လုပ်ဆောင်နေတဲ့ အသံအဖွဲ့က NLD အစိုးရသက်တမ်းအတွင်း မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁) နဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ခံရမှုကို စစ်တမ်းကောက်ယူမှုတွေ လုပ်ဆောင်နေပါတယ်။ ဒီပုဒ်မနဲ့ ပတ်သက်ပြီး အသံအဖွဲ့ရဲ့ Program Manager ကိုအောင်ခန့် ပြောတာက
“ကျနော်တို့တွေ့ထားတာ လောလောဆယ်မှာ အမှုက ၁၅ မှုလောက်နဲ့ လူဦးရေက အနည်းဆုံး ၅၀ အထက်လောက်ရှိမယ်။ အတိအကျကြီး မရသေးလို့ မထုတ်ပြန်နိုင်သေးတာ”
အခုနှစ်လယ်ပိုင်းတုန်းက ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက KIA ထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည်တွေဆီကို အကူအညီတွေ သွားရောက်ပေးတဲ့အဖွဲ့တွေအနေနဲ့ အစိုးရရဲ့ ခွင့်ပြုချက် မပါဘဲသွားရင် မတရားအသင်းဥပဒေပုဒ်မနဲ့ အရေးယူခံရနိုင်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ထံ စာပေးပို့ခဲ့လို ဝေဖန်မှုတွေ ဆူညံခဲ့ပါသေးတယ်။
အကြမ်းဖက်မှုအန္တရာယ်တွေကို စိုးရိမ်နေရတဲ့ ဒီနေ့လိုအခြေအနေမျိုးမှာ မတရားအသင်းဥပဒေပုဒ်မ ဆက်လက်ထားရှိတာကို အပြစ်မဆိုသာပေမဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတဲ့အခါ အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်နွယ်သူတွေကို ဒီပုဒ်မနဲ့ အရေးယူနေတာတွေကို သတိထားလုပ်ဆောင်ဖို့သင့်တယ်လို့ ပြောကြပါတယ်ရှင်။