UNHRC ဆုံးဖြတ်ချက် လူ့အခွင့်အရေး အဖွဲ့တွေကြိုဆို


2018.09.28

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုဖို့အတွက် အထောက်အထားတွေကို စုဆောင်းလေ့လာမယ့် လွတ်လပ်တဲ့ အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ကြာသပတေးနေ့ က မဲခွဲဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံဆီ ဆက်လက် တင်ပြရမှာဖြစ်တာကြောင့် - အဖွဲ့ဝင်နိုင်ငံ တွေအနေနဲ့လည်း ပြတ်ပြတ်သားသား ထောက်ခံဖို့ကို တိုက်တွန်းခဲ့ကြတာပါ။ အပြည့်အစုံကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားစွဲတဲ့အခါ အထောက်အထား ရဖို့အတွက် အချက်အလက်တွေ အထူးသဖြင့် ‘လူမျိုးတုံးသတ်ဖြတ်မှု’ ဖြစ်နိုင်ချေရှိတဲ့ အချက်အလက်တွေကို စုဆောင်းရယူမယ့် နိုင်ငံတကာအဖွဲ့တစ်ခု ဖွဲ့စည်းရေး UNHRC ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးအဖွဲ့တွေက ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ပြီး ကြိုဆိုခဲ့ကြတာပါ။ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကတော့ - ဒီဆုံးဖြတ်ချက်ဟာ တိုးတက်မှုခြေလှမ်း တခုအဖြစ် ကြိုဆိုကြောင်း AI အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး Laura Haigh က ပြောဆိုပါတယ်။

“ အခုလို UNHRC က မြန်မာနိုင်ငံမှာ တာဝန်ခံမှု ရှိစေရေးအတွက် အဖွဲ့သစ်တခု ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ တာဝန်ခံမှုရှိလာအောင် ကြိုးပမ်းမှုမှာ ရှေ့ကိုခြေတလှမ်း လှမ်းလိုက်တာလို့ပဲ ယူဆပါတယ်။ ဒါဟာ ရိုဟင်ဂျာတွေနဲ့ တခြားတိုင်းရင်းသား လူနည်းစုတွေအတွက် တရားမျှတမှုရစေမယ့် ခြေလှမ်းတလှမ်းဖြစ်တာကြောင့် ကျမတို့အနေနဲ့ ဝမ်းပမ်းတသာ ကြိုဆိုပါတယ်ရှင်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းရေး လုပ်ရမယ့်ကိစ္စကို အစားထိုးတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဒီအတွက်လည်း ဆက်ပြီးတွန်းအားပေးသွားမှာပါ”

ဂျနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကတော့ - လူ့အခွင့်ရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအပေါ် အခြေခံတာမို့ ကန့်ကွက်ခဲ့ ပါတယ်။ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာလည်း အလွန်အကျူးဖော်ပြချက်တွေ ပါဝင်ကြောင်း ပြောဆိုခဲ့ပါတယ်။ မနေ့က ထောက်ခံမဲ ၃၅ မဲ ကန့်ကွက်မဲ ၃ မဲနဲ့ အတည်ပြုခဲ့တဲ့ UNHRC ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို ဆက်လက် တင်ပြသွားရမှာဖြစ်ပါတယ်။ အထွေထွေညီလာခံအနေနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် မြင်တွေ့လိုကြောင်းလည်း Laura Haigh က ပြောဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ပြင်းထန်တဲ့ ဆုံးဖြတ်ချက်တရပ် ချမှတ်တာ ကျမတို့ မြင်တွေ့လိုပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာခြား လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အရပ်ဖက် အခွင့်အရေးတွေအတွက် စိုးရိမ်စရာကောင်းလောက်အောင် ဆိုးရွားလာနေတာတွေကို ပြစ်တင်ရှုတ်ချတာ၊ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို သတင်းယူရင်း ဖမ်းဆီးခံ ခဲ့ရတဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာတွေ လုပ်သင့်ပါတယ်”

အလားတူ HRW နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ - တရားမျှတမှုအတွက် အရေးပါတဲ့ ခြေလှမ်းတရပ်အဖြစ် ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဒါ့အပြင် နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးအနေနဲ့ နိုင်ငံတကာ အဖွဲ့တစ်ခု ဖွဲ့စည်းရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုရင်း၊ အသတ်ခံရသူတွေ၊ အဓမ္မပြုကျင့်ခံရသူတွေနဲ့ အစုလိုက်အပြုံလိုက် မီးရှို့ဖျက်ဆီးခံခဲ့ရသူတွေအတွက် တရားမျှတမှုရှိအောင် အထွေထွေ ညီလာခံက အားပေးထောက်ခံပြီး၊ မြန်မာအစိုးရကိုလည်း အဖွဲ့သစ်နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ HRW ရဲ့ ဂျနီဗာရုံး ညွှန်ကြားရေးမှူး John Fisher က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

တချိန်တည်းမှာပဲ “လူအမြောက်အများကို သတ်ဖြတ်မှုအတွက် အလိုရှိသည်” ဆိုတဲ့ စာတမ်းပါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပိုစတာတွေကို နယူးယောက်မြို့ရဲ့ အဓိကနေရာတွေမှာ ပြသထားတာ၊ ကားနံရံတွေပေါ်မှာ ပိုစတာတွေကပ်ပြီး မြို့တဝိုက် မောင်းနှင်ပြသတာတွေ ပါဝင်တဲ့ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို AI အဖွဲ့ကြီးက အထွေထွေညီလာခံနဲ့ တိုက်ဆိုင်ပြီး စတင်လုပ်နေတာပါ။ မြန်မာနိုင်ငံက တာဝန်ရှိသူတွေကို ICC နိုင်ငံတကာခုံရုံး တင်နိုင်ရေး ဒီလှုပ်ရှားမှုကို ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း AI အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး Laura Haigh က ပြောပါတယ်။

“မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး လွဲှပြောင်းပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဆက်လက်တွန်း အားပေးမယ့် လှုပ်ရှားမှုတွေ နယူးယောက်မြို့မှာ ဆက်လုပ်သွားမှာပါ။ ဒါက လုံခြုံရေးကောင်စီမှာ တာဝန်ရှိပါတယ်”

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ ဝါရှင်တန်ဒီစီမြို့တော်မှာ ပြုလုပ်တဲ့ အောက်လွှတ်တော်ကြားနာပွဲမှာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ခေါင်းဆောင်တွေက - ရိုဟင်ဂျာမွတ်စလင်တွေအပေါ် စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို “လူမျိုးတုံးသတ်ဖြတ်မှု” အဖြစ် တရားဝင် သတ်မှတ်ဖို့ အမေရိကန်အစိုးရကို တောင်းဆိုခဲ့ကြတာပါ။ အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူတဦးကတော့ - “လူမျိုးတုံး သတ်ဖြတ်မှု” အဖြစ် သတ်မှတ်သင့် - မသင့် ဆိုတာကို စဉ်းစားနေဆဲလို့ RFA ကို ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။