စစ်ကောင်စီရဲ့ ဖိနှိပ်မှုပစ်မှတ်ထဲ အသက်မပြည့်တဲ့ကျောင်းသားတွေ ပါဝင်နေ

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ အသက် မပြည့်သေးတဲ့ အထက်တန်းကျောင်းသားတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပစ်မှတ်ထားခံနေရတဲ့အတွက် လွတ်မြောက်နယ်တွေကို ထွက်ပြေးခိုလှုံပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်သွား ကြတာတွေရှိနေသလို ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ၂၀၂၁ ဇွန်လ ၁၇ ရက်နေ့က ကျောင်းသားလူငယ်တွေ ဆန္ဒပြစဥ် Photo - DBESU

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်တာကြောင့် စစ်ကောင်စီရဲ့ ပစ်မှတ်ထားခံနေရတဲ့အတွက် စာသင်ခန်းကိုစွန့်ခွာပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်သွားကြတဲ့ အသက်မပြည့်သေးသူ အထက်တန်း ကျောင်းသားတွေ မြန်မာနိုင်ငံမှာ ရှိနေပါတယ်။

အဲဒီအထဲမှာ မြစ်ကြီးနားမြို့က အသက် ၁၆ နှစ်အရွယ် မောင်ဇောင်မျိုးမိုင်လဘန် လည်း ပါဝင်ပါတယ်။

သူဟာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇွန်လက သူ့ရဲ့နေအိမ်ကို စစ်တပ်နဲ့ ရဲ အင်အား ၅၀ လောက်နဲ့ ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့အတွက် ထွက်ပြေးတိမ်းရှောင်ရာကနေ လွတ် မြောက်နယ်မြေတစ်ခုကို ရောက်ရှိလာခဲ့တာပါ။

မတရားမှုတွေကိုတော်လှန်ဖို့အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာလို့ မောင်ဇောင်မျိုးမိုင်လဘန် က ပြောပါတယ်။

 အခြေခံပညာကျောင်းသားတွေကလည်း ရုပ်ပိုင်းဆိုင်ရာအရဆိုရင် ဘာမှပြည့်စုံမှုမရှိဘူး။ ကလေးသာသာ ပဲ။ လူငယ်တွေနဲ့ ယှဉ်ရင်တော့ အရမ်းအားနည်းတယ်ပေါ့။ မတရားမှုကို တော်လှန်ရမယ်ဆိုတဲ့ စိတ်တစ်ခု တည်းနဲ့တင် လုပ်နေရတာပေါ့နော်။ အဲမှာတင် ကျနော်တို့ မပြည့်စုံတာတွေဖြစ်လာတော့ ကျနော်တို့ အချင်းချင်း အားပေးပြီတော့ တော်လှန်ရေးကို ဒီထက်မကလုပ်နိုင်အောင် ကြိုးစားနေတယ်

နိုင်ငံတကာ ဥပဒေတွေအရ အသက် ၁၈ နှစ် မပြည့်သေးတဲ့ကလေးတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ စစ်သားအဖြစ် အသုံးမပြုဖို့ သတ်မှတ်ထားပါတယ်။

"သူတို့က အသတ်မပြည့်လည်း သတ်တာပဲ။ နိုင်ငံတကာဥပဒေဆိုတာက သူတို့အတွက် ဘာမှမဟုတ်ဘူး"

လွတ်မြောက်နယ်မြေတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတွေကို စစ်သင်တန်းတက်ဖို့ ငြင်းဆိုတာတွေရှိပေမယ့် ကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှု ကြောင့် လောလောဆယ် သင်တန်းတက်ခွင့်ရနေတယ်လို့ မောင်ဇောင်မျိုးမိုင်လဘန် က ပြောပါတယ်။

 အသက်မပြည့်တာကတော့ ဟုတ်တယ်ဗျ။ နိုင်ငံတကာဥပဒေအရရော၊ ကလေးစစ်သားဥပဒေတွေ ဘာတွေရှိတယ်ပေါ့နော်။ ဒါပေမဲ့ သူတို့က အသတ်မပြည့်လည်း သတ်တာပဲ။ အသက်မပြည့်လည်း မချန်ဘူး။ နိုင်ငံတကာဥပဒေဆိုတာက သူတို့အတွက် ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့ လွတ်မြောက် နယ်မြေဘက်မှာတော့ ကျနော်တို့က အရမ်းဝင်ချင်တာ၊ အစုလိုက်အပြုံလိုက် ဝင်ချင်တာ။ ဒါပေမဲ့ သူတို့က အသက်မပြည့်သေးဘူး။ ဝင်လို့မရဘူးဒါမျိုးပေါ့နော်။ အဲ့လိုမျိုးတွေပြောတာ။ နိုင်ငံတကာဥပဒေတွေက အရေးကြီးတယ်ဆိုပေမဲ့ တရားတဲ့ဘက်ကနေ မတရားတဲ့ဘက်ကို တိုက်နေတာမို့လို့ ကျနော်တို့ မှန်ကန် တယ်လို့ ပြောလို့ရတယ်

အာဏာသိမ်းစစ်ကောင်စီဟာ ကျောင်းစိမ်းဝတ်စုံလေးတွေနဲ့ စာသင်ခန်းထဲမှာရှိနေရမယ့် ကလေးတွေကိုပါ ပစ်မှတ်ထားဖမ်းဆီးတဲ့လုပ်ရပ်တွေဟာ စာသင်ခန်းကနေ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ အထက်တန်းကျောင်းသားတွေက ပြောပါတယ်။

မောင်ဇောင်မျိုးမိုင်လဘန်ဟာ အခြေခံကျောင်းသားသမဂ္ဂများကွန်ရက် BESUN အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီသမဂ္ဂများကွန်ရက် BESUN မှာ မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း ၅၀ ကျော်က အခြေခံ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ စုပေါင်းဖွဲ့ထားပြီး အဖွဲ့ဝင်ကျောင်းသား ရာချီရှိပါတယ်။

ရန်ကုန်၊ မန္တလေး အပါဝင် အခြားဒေသတွေမှာ ဆန္ဒပြသူတွေကို စစ်ကောင်စီက ပစ်ခတ်၊ ရိုက်နှက်၊ ဖမ်းဆီး တာတွေရှိနေကြပေမယ့် ပျောက်ကြားသပိတ်တွေမှာ အထက်တန်းကျောင်းသားတွေ ပူးပေါင်းပြီး စစ်အာဏာ ရှင်တွေကို တော်လှန်နေကြတာလို့ဆိုပါတယ်။

မန္တလေးမြို့က သပိတ်စစ်ကြောင်းမှာ နေ့စဉ်ပါဝင်နေတဲ့ အ.လ.က ၁၂ ( အထက်တန်းကျောင်းခွဲ) ကျောင်းသား သမဂ္ဂက အမည်မဖော်လိုတဲ့ ကျောင်းသားတစ်ဦးကတော့ ကျောင်းသားတွေရဲ့ အနာဂတ်အတွက် အခုလို ဆန္ဒပြပွဲတွေမှာ ပါဝင်နေတာလို့ ပြောပါတယ်။

 အဲလိုဖြစ်မှာကြောက်တာထက် ကျနော်တို့ရဲ့အနာဂတ်ပေါ့နော် ပျောက်သွားမှာကို ပိုကြောက်တယ်ဗျ။ အခုချိန်မှာ မြန်မာနိုင်ငံပညာရေးက လုံးဝကို စုတ်ပြတ်သတ်နေတယ်ဗျာ။ အခုလို ပြန်လည် ကောင်းမွန် လာတော့ မယ်ဆိုတဲ့ အခြေအနေလေးမှာရှိသေးတယ်။ သူတို့က ကောက်ပြီးတော အဲလို အာဏာသိမ်း လိုက်တော့ ကျနော်တို့ကမျှော်လင့်ချက်တွေ အများကြီးထားတာပေါ့ဗျာ။ ပညာရေးမှာ ကျနော်တို့က အဲ့လိုအချိန်မှာ ကျနော်တို့ရဲ့မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားတယ်။ မြန်မာနိုင်ငံ ပညာရေးအနေနဲ့လည်း တက်မယ်လို့ အညွှန့်တလူလူ ရှိလာချိန်မှာ အချိုးခံရတာဆိုတော့ အဲ့ဒါကို မကြိုက်လို့ပေါ့ဗျာ။ တော်လှန် ရေးစိတ်က သူတို့ မသတ်ဖြတ်ခင်ကတည်းက တော်လှန်လာတာဆိုတော့ လူတွေကိုညှဉ်းပန်း၊ နှိပ်စက် သတ်ဖြတ်လာတော့ ပိုပြီးတော့ တော်လှန်ချင်စိတ် ဖြစ်လာတာပေါ့။ အသတ်ခံရရင်လည်း ကိုယ်က ဝမ်းနည်းရုံကလွဲပြီး မတတ်နိုင်ဘူး။ သူတို့အစားပိုတိုက်မယ်၊ ပိုကြိုးစားမယ်လို့တော့ ဖြစ်လာတယ်ဗျ

အခု စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတဲ့ အထက်တန်းကျောင်းသားတွေဟာ အသက်မပြည့်သေးသူတွေဖြစ်တာကြောင့် အများစုဟာ မိဘအုပ်ထိန်းမှုအောက်မှာ ရှိနေကြပါတယ်။

အကြောင်းအမျိုးမျိုးပြပြီး အချိန်မရွေး ဖမ်းဆီး၊ သတ်ဖြတ်ခံရနိုင်တာကို စိတ်ပူပေမယ့် ခွင့်ပြုထားတဲ့မိဘတွေ ရှိသလို ခွင့်မပြုတဲ့မိဘတွေလည်းရှိကြပါတယ်။

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် ဆယ်တန်းအောင်ထားတဲ့သားနဲ့ အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသူတို့ရဲ့ မိခင်ကတော့ သူ့သားသမီးတွေ ဆန္ဒပြချင်ရင် ကိုယ်တိုင် လိုက်စောင့်ရှောက်ပေးပေမယ့် လက်နက်ကိုင်တော်လှန်ရေးထဲမပါဖို့တော့ မေတ္တာရပ်ခံထားတယ်လို့ ပြော ပါတယ်။

 အစ်မကတော့ သူတို့ဆန္ဒပြချင်တယ် ဆိုတဲ့အခါကျရင် အစ်မကိုယ်တိုင် သူတို့ကိုလိုက်ပို့ပေးတယ်။ သူတို့အန္တရာယ်မကျရောက်အောင် အစ်မကိုယ်တိုင် လိုက်စောင့်ရှောက်တယ်ပေါ့။ ဘာလို့ဆို မလုပ်နဲ့လို့ ပြောလို့မရဘူးလေ။ လက်နက်ကိုင်တော်လှန်ရေးတို့ ဘာတို့ကိုကျတော့ သူတို့ကိုမလုပ်ဖို့ မေတ္တာရပ်ခံ ထားတယ်။ ဘာလို့လဲဆိုတော့ အသက်လည်း အရမ်းမကြီးသေးဘူး။ အသက်လည်း မပြည့်သေးဘူး။ ပြီးတော့ ဆန္ဒပြလို့ အဖမ်းခံရတယ်ဆိုရင်တောင် ထောင်ဝင်စာလိုက်တွေ့ရတာ ပြဿနာမရှိဘူး။ အဲလိုမျိုး လက်နက်နဲ့ တော်လှန်လိုက်တယ်ဆိုရင်တော့လေ ကိုယ့်သားသမီးဆိုတော့ အတ္တတော့ရှိတာပေါ့နော်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အခြေခံကျောင်းသားသမဂ္ဂကွန်ရက်က လုံခြုံရေးအရ အမည်မဖော်လိုသူ ကျောင်းသားတစ်ဦးကတော့ အာဏာရှင်ဆန့်ကျင်ရေးအတွက် အထက်တန်းကျောင်းသားတွေ ထပ်မံပါဝင်လာ ဖို့ ကြိုးစားနေတယ်လို့ပြောပါတယ်။

ကျနော်တို့က သပိတ်စစ်ကြောင်းတွေမှာ လိုက်ပြီးတော့ မိဘပြည်သူတွေကို အကြောင်းအကျိုးပြော ပြတယ်ပေါ့ဗျာ။ ကျောင်းသားဆိုတာ နိုင်ငံရေးလုပ်သင့်တယ်။ ကျောင်းသားတွေက နိုင်ငံရေးမလုပ်ရင် နိုင်ငံရေးက ကျောင်းသားတွေကို ပြန်လုပ်လာပါလိမ့်မယ်ဆိုတာရယ်၊ ကျနော်တို့ ကျောင်းသား ကျောင်းသူတွေဟာ အခုချိန်မှာ ဘယ်လိုနှိပ်စက်အဖမ်းဆီးခံနေရတယ်ဆိုတာ သူတို့ကို ပြောပြပြီးတော့ အလင်းရောင်ထိုးပြတာပေါ့ဗျာ။ ဒါမှ ကျနော်တို့ ကျောင်းသားကျောင်းသူတွေ လမ်းပေါ်ထွက်နေတဲ့ ရည်ရွယ်ချက်ကို သိလာမယ်။ ပြီးတော့ သူတို့ရဲ့ကျောင်းသား၊ ကျောင်းသူတွေကို လမ်းပေါ်ထွက်ခွင့် ပေးလာမယ်ပေါ့ဗျာ။ အဲလိုတော့ ကျနော်တို့က တတ်နိုင်သလောက် ကြိုးစားပေးနေပါတယ်ခင်ဗျ

တစ်ဘက်မှာလည်း စစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ အထက်တန်းကျောင်းသားတွေကို စုံစမ်းဖမ်းဆီးတာတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ညက ပဲခူးတိုင်း ပြည်မြို့ အခြေခံကျောင်းသားများသမဂ္ဂအဖွဲ့ဝင်  ဆယ်တန်းကျောင်းသား သုံးဦးဖြစ်တဲ့ မောင်ထူးဝေယံ၊ ချမ်းမြေ့နဲ့ မောင်ထက်မြက် တို့ဟာ သူတို့ရဲ့နေအိမ် အသီးသီးကနေ ဖမ်းဆီးခံခဲ့ရပါတယ်။

စက်တင်ဘာလ ၆ ရက်မှာလည်း သူတို့နဲ့ဆက်စပ်တယ်ဆိုပြီး ပြည်မြို့၊ ကျောင်းးကြီးအိုးတန်းရပ်ကွက်က အသက် ၂၀ အရွယ် ကိုရန်ပိုင်ဖြိုး (ခေါ်) အငဲနဲ့ အသက် ၃၀  အရွယ် ကိုဇော်လင်းထက်တို့ ညီအစ်ကို နှစ်ဦး ထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီအထဲက ကိုဇော်လင်းထက် ကတော့ ဖမ်းဆီးခံရတဲ့နေ့ ည ၈ နာရီမှာ စစ်တပ်နဲ့ရဲတွေရဲ့ စစ်ကြောရေးမှာပဲ ရိုက်နှက်ခံရတဲ့ဒဏ်တွေကြောင့် သေဆုံးသွားတယ်လို့ အခြေခံကျောင်းသားသမဂ္ဂများကွန်ရက် BESUN က ပြောပါတယ်။

(ပေါင်းတည်မှာ ကျောင်းသားတွေ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဆန္ဒပြစဥ်)Photo: CJ

တစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံထားရတဲ့ အထက်တန်းကျောင်းသားအရေအတွက်ဟာ ၂၀ ထက်မနည်းရှိနေတယ် လို့လည်း ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၂ ရက်အထိ သေဆုံးသူ ၁၀၄၃ ယောက်ရှိတဲ့အထဲမှာ အထက်တန်း ကျောင်းသားအရွယ်တွေဖြစ်ကြတဲ့ အသက် ၁၄၊ ၁၅၊ ၁၆ နှစ် အရွယ်  ၂၃ ယောက်ရှိပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ ပညာသင်ကြားရမယ့်အရွယ် ကလေးတွေဟာ စစ်ကောင်စီရဲ့ အန္တရာယ်ပေးမှုနဲ့ ကြုံနေကြ ရတယ်လို့ ပြောပါတယ်။

ကျနော်တို့နိုင်ငံက ဒီပုံစံအတိုင်းပဲဆက်ပြီးတော့ သွားနေမယ်ဆိုရင် ကလေးတွေရဲ့အနာဂတ်က ပျောက် သလို ဖြစ်သွားပါပြီ။ ကလေးတွေက တစ်ချိန်မှာ ကျနော်တို့နိုင်ငံကို ဦးဆောင်ရမယ့်သူတွေဖြစ်တယ်။ ကလေးတွေဟာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်သူတို့လုပ်ချင်တဲ့အလုပ်တွေကို လွတ်လွတ် လပ်လပ်လုပ်ခွင့် မရဘူးပေါ့နော်။ အမြဲတမ်း စိုးရိမ်တကြီးနဲ့ နေနေရတယ်။ ကုန်ကုန်ပြောရရင် အဝတ် အစားဝတ်တာကအစ သူတို့ တော်တော်ကြီးကို ဆင်ခြင်ပြီး ဝတ်နေရတာပေါ့ဗျာ။ ဖိနှိပ်ကန့်သတ်တာတွေ ရှိနေတဲ့အနေထား။ ကလေးတွေ အနာဂတ်ပျောက်ခြင်းဟာ၊ တိုင်းပြည်ရဲ့ အနာဂတ်ပျောက်ခြင်းဖြစ်တယ်

စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်မှုတွေကြောင့် အထက်တန်းကျောင်းသားတွေပါ ပစ်မှတ်ထားခံနေရတယ် လို့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်း ထွန်း ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အထက်တန်းကျောင်းသားတွေဟာ စစ်ကောင်စီတပ်တွေကို ပြောက်ကျားနည်းနဲ့ တော်လှန်တဲ့အထဲမှာ ပါဝင်ရင်း အသက်ဆုံးရှုံးခဲ့ရသူတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ကနီမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုမှာဆိုရင် မုံရွာခရိုင် အခြေခံ ကျောင်းသားသမဂ္ဂက ဆယ်တန်းကျောင်းသား မောင်ကောင်းဆက်ဟိန်းဟာ စစ်ကောင်စီကိုတိုက်ခိုက်ရင်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(လွတ်မြောက်နယ်မြေမှာ ငှက်ဖျားရောဂါနဲ့ သေဆုံးသွားတဲ့ ကိုတန်းကျောင်းသား မောင်ရိန်းမိုးထွန်း ကို တွေ့ရစဥ်)Photo: CJ

 မိတ္ထီလာမြို့က မောင်ရိန်းမိုးထွန်း ဆိုတဲ့ ကိုတန်းကျောင်းသားတစ်ဦးကတော့ လွတ်မြောက်နယ်မြေတစ်ခုမှာ စစ်သင်တန်းတက်ရင်း ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ငှက်ဖျားရောဂါကြောင့် ကွယ်လွန်ခဲ့ပါတယ်။

 အထက်တန်းကျောင်းသားတွေအနေနဲ့ သူတို့ဘဝအတွက် ကြိုးစားနေရမယ့်အစား စစ်အာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးရွားတဲ့ဖိနှိပ်မှုတွေကြောင့် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ နည်းလမ်းအမျိုးမျိုးနဲ့ ပါဝင်နေကြရတာလို့လည်း ကျောင်းသားတွေက ပြောဆိုကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org