ဖားကန့်မြို့နယ်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးနေရ
2023.08.09
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို ဩဂုတ် ၇ ရက်နေ့မှာ KIA က သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ပါ အပြင်းအထန် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇူလိုင် ၂ ရက်နေ့ကတည်းက စစ်ကောင်စီတပ်သား အင်အားတစ်ထောင်လောက် ရောက်လာပြီးနောက် နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာလို့ ဆိုပါတယ်။
"သူတို့လည်း တပ်တွေဆုတ်တဲ့ အခြေအနေမရှိဘူးဆိုတော့ တိုက်ပွဲကတော့ ဆက်ရှိနေမှာပဲလို့ယူဆတယ်”
ကသိုဏ်းတောင်စခန်း အသိမ်းခံရပြီးနောက် စစ်ကောင်စီတပ်က မြေပြင်ရော လေကြောင်းကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ အမည်မဖော်လိုတဲ့ နမ့်မှော်ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ဖားကန့် အခြေအနေကတော့ တော်တော်ဆိုးတဲ့ အနေအထားမှာ ရောက်နေပါတယ်။ တစ်နေ့ကတည်း နမ့်မှော်ရွာသူ၊ ရွာသားတွေ စစ်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ မနေ့က ညနေ ၃ နာရီလောက်မှာ လေယာဉ်နဲ့ ပြန်လာပစ်တော့ စစ်ရှောင်က နှစ်ထောင်ကျော်လာပြီ”
နမ်ဆန်ယန်ရွာခံတစ်ဦးကလည်း မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ် နေတယ်လို့ RFA ကို ပြောပါတယ်။
“အခုချိန်ထိတော့ တင်းမှာနေဆဲ တင်းမှာနေတဲ့ ပုံစံတော့ရှိတာပေါ့။ ပစ်ခတ်တာတွေ တော့ ရှိနေတယ်။ မြစ်ကြီးနား - ဗန်းမော် လမ်းတစ်လျှောက်လည်း ကြိုကြားကြိုကြား ပစ်ခတ်တဲ့အခြေအနေရှိတယ်။ လေယာဉ်တွေလည်းလာတဲ့ လက်နက်ကြီးသံတွေနဲ့ အချင်းချင်းထုနေကြတဲ့ အခြေအနေတော့ရှိတယ်။ အခုကတိုက်ပွဲက နေရာတကာ ဖြစ်နေတယ်ဆိုတော့ ဒီဘက်မှာလည်း စစ်တပ်ကထိုးစစ်ဆင်ထားတဲ့ ပုံစံရှိနေတယ် ဆိုတော့ သူတို့လည်း တပ်တွေဆုတ်တဲ့ အခြေအနေမရှိဘူးဆိုတော့ တိုက်ပွဲကတော့ ဆက်ရှိနေမှာပဲလို့ယူဆတယ်”
တိုက်ပွဲကြောင့် မြစ်ကြီးနား-ဗန်းမော်လမ်းလည်း ပိတ်ထားတဲ့အတွက် တောင်ယာတွေ၊ လယ်ယာတွေ သွားလုပ်တဲ့ စစ်ဘေးဒုက္ခသည်တွေ အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။
KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီတပ်စခန်း နှစ်ကို သိမ်းခဲ့ပြီးနောက် တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာလို့ RFA ကို ပြောပါတယ်။
“ဩဂုတ်လ ၇ ရက်နေ့မှာ ဖားကန့် ကသိုဏ်းတောင်စစ်စခန်းကို သိမ်းရတယ်၊ နောက် ဆယ်ဇင်း သံယောဇာဉ် တံတားက စခန်းတစ်ခု သိမ်းရတယ်ဆိုတာတော့ အတည်ပြု ပြောလို့ရတာပေါ့။ မနေ့က ဩဂုတ်လ ၈ ရက်နေ့မှာ လေကြောင်းကနေ ပြန်ပြီးတိုက်ခိုက် တဲ့ အခြေအနေရှိပါတယ်။ မြေပြင်ကနေလည်းပြန်ပြီးမှ ထိုးစစ်ဆင်တိုက်ပွဲတွေ တော်တော်ကြမ်းကြမ်းတမ်းတမ်း ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ကြားသိရပါတယ်”
ဝိုင်းမော်မြို့နယ်က နမ်ဆန်ယန်ရွာဘက်မှာလည်း စစ်အင်အားတွေ ထပ်ဖြည့်နေတာ ကြောင့် တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ တိုက်ပွဲသတင်းကို သူ့အနေနဲ့မသိနိုင်ပေမယ့် ထွက်ပြေးလာတဲ့ ပြည်သူတွေကိုတော့ ကူညီနေတယ်လို့ RFA ကို ပြောပါတယ်။
“တိုက်ပွဲသတင်းကတော့ ကျွန်တော်တို့ မသိဘူးဗျ။ တိုက်ပွဲဖြစ်နေတယ်လို့ ကြားတော့ ကြားတယ်။ အစိုးရကတော့ တိုက်ပွဲတွေဖြစ်လို့ ပြည်သူတွေဘက်က ထိခိုက်ပျက်စီးနိုင် တာတွေ ကျွန်တော်တို့က ကူရမှာပေါ့။ ဟိုတလောလည်း နည်းနည်းပြန်ဝင်လာတာ ရှိတယ်။ အိမ်ထောင်စု တစ်ရာလောက်ရှိမယ်နဲ့တူတယ်။ အခု IDP Camp တွေမှာ လိုအပ်တာ အကုန်လုပ်ထားတာပေါ့ ကျန်းမာရေးတို့၊ ရွှေ့လာတဲ့ ကလေးတွေစာသင်ဖို့ သူတို့အစားအသောက်ရိက္ခာ အဲဒါမျိုး ထောက်ပံ့ဖို့ ငွေလည်းပါတယ်ဗျ”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ စစ်ခေါင်းဆောင်ဟာ ရွှေးကောက်ပွဲ လုပ်နိုင်ဖို့ နယ်မြေစိုးမိုးမှုရအောင် လုပ်နေတာကြောင့် တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတာလို့ ပြောပါတယ်။
“ဒီမင်းအောင်လှိုင်က ရွေးကောက်ပွဲလုပ်ဖို့ဆိုလည်း အကုန်လုံးကို လွှမ်းမခြုံနိုင်ဘူးဆိုတဲ့ အနေအထေားပေါ့လေ၊ အဲတော့ အခု အရေးပေါ်ကာလလည်း ပြန်တိုးပြန်တိုးဆိုတော့ သူ့အတွက် နိုင်ငံရေးထွက်ပေါက်က ခက်ခဲနေတဲ့ အနေအထားလို့ မြင်မိတယ်။ အဲဒါကြောင့်မလို့ ဒီနယ်မြေထိန်းချုပ်မှုကို အကောင်းဆုံးအတတ်နိုင်ဆုံး ကြိုးစားပြီးမှ ရွေးကောက်ပွဲလုပ်ဖို့ သူက ကြိုးစားလာတာဖြစ်တာကြောင့် စစ်ပွဲက ပိုပြီးဖြစ်လာမယ်ဆို့ မြင်မိတယ်ဗျ”
ကချင်ပြည်နယ်ထဲက စစ်ရေး၊ စီးပွားရေးတွေအရ ဗျူဟာကျတဲ့ အရေးကြီးတဲ့နေရာတွေမှာ ထိုးစစ်ဆင်တာတွေ လုပ်ဆောင်လာတာကြောင့်လည်း နောက်ပိုင်း စစ်ပွဲပိုပြီးပြင်းထန် လာနိုင်တယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေနဲ့ သတင်းမီဒီယာအချို့ မှာတော့ ဖားကန့်မြို့နယ် နမ့်မှော်နဲ့ တာမခံကြားမှာရှိတဲ့ ကသိုဏ်းတောင်တပ်စခန်းကို ဩဂုတ်လ ၈ ရက်နေ့ညနေ ၅ နာရီခွဲမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားထား ကြပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက လက်ခတ်တောင်တပ်စခန်းကိုလည်း ဇူလိုင်လ ၂၁ ရက်နေ့မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူခဲ့တာကြောင့် ဩဂုတ်လ ၅ ရက်ကစပြီး စခန်းပြန်သိမ်းယူဖို့ စစ်ကောင်စီတပ်က အပြင်းအထန်ကြိုးစားနေတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။