ရနောင်းလူသတ်မှု ပြစ်ဒဏ်ကျ မြန်မာလုပ်သား နှစ်ဦး လွတ်မြောက်
2019.06.27

ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးမှုနဲ့ပတ်သက်ပြီး ထောင် ဒဏ်တွေ ချမှတ်ခံထားရတဲ့ မြန်မာအလုပ်သမား နှစ်ယောက်ကို တရားရုံးက မနေ့က စီရင်ချက်ချပြီး ပြန်လွှတ် လိုက်တာကို ဒီနေ့မနက်မှာ သိရတယ်လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းက ဦးမင်းဦး က ပြောပါတယ်။
အခုချိန်မှာတော့ သူတို့တွေကို ထိုင်းနိုင်ငံဥပဒေအရ လူဝင်မှုကြီးကြပ်ရေးမှာ လဝက က ဥပဒေပိုင်းဆိုင်ရာတွေကို စစ်ဆေးရမှာဖြစ်ပြီး အဲဒီကနေမှ ပြန်လွှတ်မှာဖြစ်တယ်လို့ ဦးမင်းဦးက ပြောပါတယ်။
"အယူခံအရလွှတ်ပေးတာ ကျိန်းသေတယ်။ ဒါပေမဲ့ တခြားဘာတွေ ရှိသေးလဲ အတိအကျ တရားရုံးက အမိန့်ချမှတ်ချက်တောင်းခံ ရမယ်လေ။ အဲဒါကို ရှေ့နေတွေကပဲ တောင်းရမယ်။ အဲဒါဆို အသေးစိတ်ကို သိရပြီ။ လဝကမှာ ပြစ်ဒဏ်ကနေ လွတ်လာပြီး မှတ်ချက်ယူရမယ်။ တရားရုံးကနေ စီရင်ချက်ချလိုက်တယ်။ ချလိုက်ပြီးရင် လဝကကနေပဲတဆင့် ပို့တာခင်ဗျ။"
ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့မှာ အသက် ၁၈ နှစ်အရွယ် ထိုင်းကျောင်းသူ တစ်ဦးကို သတ်တယ်ဆိုပြီး မြန်မာလုပ်သားတွေဖြစ်တဲ့ မိုးဇင်အောင်၊ ကျော်စိုးဝင်း၊ စိန်ကတုံးနဲ့ ဝေလင်းတို့ကို ထိုင်းတရားသူကြီးက ၂ဝ၁၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်ကနေ ၈ နှစ်အထိ ချမှတ်ခဲ့တာဖြစ်ပါတယ်။
ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရတဲ့ ကျော်စိုးဝင်းက အသက် ၁၈ နှစ် မပြည့်သေးတာကြောင့် အမိန့်ချတဲ့နေ့မှာပဲ ထိုင်းဥပဒေအရ လွတ်မြောက်ခဲ့တာဖြစ်ပြီး မိုးဇင်အောင် ကတော့ ၂၀၁၉ ခုနှစ်မှာ လွတ်မြောက်ခဲ့တာပါ။ ကျန်တဲ့ စိန်ကတုံးနဲ့ ဝေလင်းတို့ကတော့ အခု အယူခံ အောင်ခဲ့တာဖြစ်ပါတယ်။
စွဲချက်တင်ထားတဲ့ ရဲဘက်က သက်သေထောက်ထား မခိုင်မာတော့ သူတို့တွေလုပ်တယ်ဆိုတာ သေချာမပြောနိုင်ဘူးပေါ့နော်။
အခုလို လွတ်ပြီဆိုတာကို မသိရဘဲ ဒီနေ့မနက် ထောင်ဝင်စာသွားတွေ့တဲ့အခါမှ မိသားစုဝင်တွေသိရှိရတာလို့ စိန်ကတုံးရဲ့ဆွေမျိုးဖြစ်သူ ကိုပိုင်ပိုင်က ပြောပါတယ်။
"စွဲချက်တင်ထားတဲ့ ရဲဘက်က သက်သေထောက်ထား မခိုင်မာတော့ သူတို့တွေလုပ်တယ်ဆိုတာ သေချာမပြောနိုင် ဘူးပေါ့နော်။ အဲလိုမျိုးနဲ့လွတ်လာတာ။ ဒါကို ကျနော်တို့ ဘယ်သူမှလည်း မသိဘူး။ အကူညီတောင်းထားတဲ့ ရှေ့နေတွေလည်း မသိဘူး။ မနက်က ထောင်ဝင်စာ သွားတွေ့တော့မှ မရှိတော့ဘူးဆိုတော့ လန့်သွားတာ ။ အဲဒီမှာ ရုံးကိုသွားမေးတော့မှ ထိုင်းလဝကကို ပို့ထားတယ်တဲ့။ မနက်ဖြန် သို့မဟုတ် နောက်အပတ် အင်္ဂါနေ့ကျရင်လွတ်မယ်။ သူတို့ပြောပုံအရ အင်္ဂါနေ့ဖြစ် ဖို့များတယ်။ သူ့အမေလည်း မယုံနိုင်လောက်အောင်ကို ဖြစ်နေတာပေါ့နော်။"
အဲဒီလိုသိရှိပြီး ကူညီပေးတဲ့ မြန်မာအလုပ်သမားအဖွဲ့အစည်းတွေကို အသိပေး အကြောင်းကြားခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလိုလွတ်မြောက်တာနဲ့ ပတ်သက်ပြီးတော့ ထိုင်းအစိုးရဘက်က မြန်မာသံရုံးကို ဆက်သွယ်လာတာတော့ မရှိသေးဘူးလို့လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ သိရပါတယ်။
အခုလို အပြစ်မရှိဘဲ ထောင်ထဲမှာ ၃ နှစ်နဲ့ ၇ လကြာအောင် အချုပ်ခံထားရတာတွေအတွက် နစ်နာတာတွေကို ပြန်တောင်းဆိုပေးသွားမယ်လို့လည်း ဦးမင်းဦးက ပြောပါတယ်။
"အပြစ်မရှိဘဲ ထောင်ချခံထားရတဲ့သူက သူ့ရဲ့နစ်နာကြေးကို ပြန်ပြီးတောင်းပိုင်ခွင့်ရှိတယ်ဗျ။ အဲဒါကျတော့ ကျတော်တို့ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး လုပ်ရမှာပေါ့နော်။ လောလောဆယ်တော့ ဒီဘက်ခြမ်းက လဝကရဲ့ ဥပဒေအရ သူတို့ကို ပြန်ပို့မှာပဲလေ။ ပို့ပြီးတော့မှ သူတို့ရဲ့နစ်နာကြေးကိုရအောင် တမျိုးစီစဉ်ရမယ်။"
အဲဒီအလုပ်သမားတွေ လွတ်မြောက်ဖို့အတွက် ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ထိုင်းနိုင်ငံရှေ့နေများကောင်စီ၊ ရနောင်းနယ်မြေခံ အလုပ်သမားကူညီရေးအဖွဲ့အစည်းတွေက ပူးပေါင်း ကူညီပေးခဲ့ကြတာလို့ သိရပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ်က ဗြိတိန်လူငယ်နှစ်ယောက် အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား နှစ်ယောက်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့လည်း သေဒဏ်ချမှတ်ခံထားရပါတယ်။ သူတု့ိတွေအတွက်လည်း ဗဟိုတရားရုံးချုပ်ကို အယူခံတင်ထားတာဖြစ်ပါတယ်။
(RFA သတင်းထောက် မဇာဏီထွဏ်း တင်ပြသည်)