၁၂ ပွင့်ဆိုင်ဆွေးနွေးဖို့ တိုက်တွန်းချက် သဘောထား အမြင်များ


2014.12.10

၆ ပွင့်ဆိုင်အစား ၁၂ ပွင့်ဆိုင် ဆွေးနွေးကြဖို့ တိုက်တွန်းချက်နဲ့ပတ်သက်ပြီး သဘောထားအမြင်တွေ ကို ဒေါ်ခင်ခင်အိက စုစည်းတင်ပြမှာပါ။

ဖွဲ့စည်းပုံအခြေခံပြင်ဆင်နိုင်ရေး ဆွေးနွေးပွဲအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံမှှုအစား ပိုပြီးပြည့်စုံတဲ့ဆွေးနွေးပွဲဖြစ်ဖို့အတွက် ၁၂ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မနေ့က အရေးကြီးအဆိုတင်သွင်းခဲ့ပါတယ်။

ဒီ ၁၂ ပွင့်ဆိုင် တွေ့ဆုံရေးနဲ့ပတ်သက်ပြီး လက်ခံကြိုဆိုကြတာတွေရှိသလို ဒီအဆိုဟာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ပိုပြီးရှှုပ်ထွေးသွားမှာ စိုးရိမ်ရတယ်ဆိုတဲ့ သုံသပ်ချက်တွေလည်း ထွက်ပေါ်လာပါတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပုလဲမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်စန်းလှှိုင်က တိုင်းပြည်ရဲ့အရေးအတွက် ထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံရေးကိုကြိုဆိုပေမဲ့ ၆ ပွင့်ဆိုင် ဆုံးဖြတ်ချက်ကို ရန်ကုန်တိုင်းအစိုးရက အခုလို အဆိုတင်သွင်းတာ မဖြစ်သင့်ဘူးလို့ သုံးသပ်ပါတယ်။

ဒေါ်ခင်စန်းလှှိုင်။          ။ကျမတို့ကတော့လေ နဂိုတုန်းကလည်းပြောပြီးသားပါ၊ ၆ ပွင့်ပဲဖြစ်ဖြစ် ၁၂ ပွင့်ပဲဖြစ်ဖြစ် ၁၄ ပွင့်ပဲတွေ့တွေ့ပါ၊ အဓိကကတော့ တိုင်းပြည်ကောင်းဖို့ရာအတွက် လူကြီးတွေ တွေ့ပြီးတဲ့အခါကျတော့ စကားပြောကြတယ်ဆိုတဲ့ကိစ္စတော့ ကျမတို့သဘောတူပါတယ်၊ ကျမတို့ ကြိုဆိုတယ်၊ ဒီကိစ္စကိုတော့ ကျမတို့ သဘောတူပါတယ်၊ ဒါပေမဲ့လို့ပေါ့နော် အဓိကကျတာကတော့ ကျမတို့တိုင်းပြည်မှာကတော့ ပြည်သူ့လွှတ်တော် ဆိုတာကတော့ ဥပဒေပြုရေး မဏ္ဍိုင်ပေါ့၊ ဒီဥပဒေပြုရေး မဏ္ဍိုင်ကနေပြီးတော့မှ တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက် ဒီ ၆ ပွင့်တွေ့ကြတဲ့ ဒီလိုပြောတဲ့ကိစ္စကိုတော့ တော်တော်လေးကိုတော့ အဆင်ပြေစေချင်တယ်၊ သို့သော်လည်းပဲ အခုပြည်ထောင်စုလွှတ်တော်ရဲ့ ပါဝင်ဆုံးဖြတ်တဲ့  ဒီဆုံးဖြတ်ချက်ကိုတော့ မတွေ့ချင်သေးဘူးဆိုတဲ့ စကား လုံးတွေပြောနေပြီးတော့ အခုကျတော့တစ်ခါ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ၁၂ ပွင့်တွေ့မယ်ဆိုတာ အဓိကကတော့လေ ဒီဟာကတော့ မဖြစ်သင့်ဘူးလို့ ကျမတို့က ဒီလိုတော့မြင်တယ်လေ၊ ဒါပေမဲ့ တွေ့ဖို့ရာ အတွက်ကိုတော့ ကျမတို့ ဘယ်လိုနည်းလမ်းနဲ့ပဲတွေ့တွေ့ တွေ့စေချင်တယ်၊ အဲ့ဒါကို အကုန်လုံးပါမှဆိုတဲ့ အနေအထားမျိုးနဲ့ဆိုရင်တော့ ဒါကတော့ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ကျမတို့က ဒီလိုမြင်ပါတယ်ရှင့်။

NLD ပါတီရဲ့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိှုင် ပြောသွားတာပါ၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမင်းက အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ မျိုးဖြစ်နေတဲ့အတွက် အခု ၁၂ ပွင့်ဆိုင်တွေ့ဆုံဆွေးဖို့ တောင်းဆိုချက်ကို သူ့အနေနဲ့လက်ခံကြိုဆိုတယ် လို့ ပြောပါတယ်။

ဦးစိုင်းစံမင်း။               ။ကျနော်အနေနဲ့ အဲ့ဒါတော့ ၆ ပွင့်ဆိုင်ထက် ၁၂ ပွင့်ဆိုင်ကို ပိုပြီးတော့ သင့်တော်တယ်ပေါ့ ဗျာ၊ ၆ ပွင့်ဆိုင်ဆိုတော့ တိုင်းရင်းသားကိုယ်စားပြုက လောလောဆယ် ကျနော်တို့ဘက်က ဒေါက်တာအေးမောင် တစ်ယောက်တည်းတက်နိုင်မယ်လေ၊ တကယ်လို့ ၁၂ ပွင်ဆိုင်ဆိုရင် ပြည်နယ် ၇ ခုက တိုင်းရင်းသားခေါင်းဆောင်တွေ စုံစုံညီညီတက်နိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ ၆ပွင့်ဆိုင်ထက် ဒီ ၁၂ ပွင့်ဆိုင်ကို နှစ်သက်တယ်ဗျာ၊ ၁၂ ပွင့်ဆိုင်ကို ရန်ကုန်တိုင်းဒေသကြီးမှာ တင်ပြတဲ့အရေးကြီးအဆိုကို ကျနော်ကတော့ ထောက်ခံတယ်ခင်ဗျ။

ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမင်း ဖြစ်ပါတယ်၊ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ တိုင်းပြည်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေပါဝင်တဲ့ ဆွေးနွေးပွဲအမှန်တကယ် လိုအပ်နေပါတယ်လို့ သုံးသပ်ပါတယ်။

အခုကတော့ ၁၂ ပွင့်ဆိုင်ဆိုတာကတော့ တိုင်းရင်းသားလူမျိုး ၈ မျိုးအပါအဝင် ပထမ ၄ ပွင့်ဆိုင်နဲ့ပေါင်းထားတဲ့ သဘောပဲဖြစ်မှာပါ၊ ဒါကတော့ သမ္မတနဲ့တွေ့တုန်းကလည်းသူတို့ အဲ့လိုသဘောမျိုးပြောတာတွေရှိပါတယ်၊ အဲ့ဒီတော့ တိုင်းရင်းသားအများစုက သူတို့သဘောထားရှိတာ လက်ခံမယ်ဆိုရင်တော့ ကျနော်တို့ ပြောစရာ ဘာမှမရှိပါဘူး၊ ကျနော်ကတော့ လောလောဆယ်ဖြစ်နေတဲ့ကိစ္စတွေဟာ တကယ်တော့ အပစ်အခက်လက် မှတ်ရေးထိုးပြီးမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါတဲ့ ဒီအပွင်ဆိုင်ပေါ့ဗျာ၊ ဘယ်နှစ်ပွင့်ဖြစ်ဖြစ်ပေါ့၊ ၄ ပွင့်ဆိုင်ဖြစ်စေ၊ ၆ ပွင့်ဆိုင်ဖြစ်စေ၊ ၉ ပွင့်ဆိုင်ဖြစ်စေ အဲ့လို ကျနော်တို့ တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ စကားပြောပွဲတစ်ခု ပေါ်လာမှသာလျှင် ရှေ့အနာဂတ် မြန်မာ့နိုင်ငံရေးအတွက် သွားမဲ့လမ်းကြောင်းဟာ ပီပြင်ပြတ်သားမယ်၊ နောက်ပြီးတော့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စလည်း တခါတည်းပါသွားမယ်၊ အပစ်အခက်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို အမြန်ဆုံးလုပ်ပြီးတော့မှ ပြောမယ်ဆိုလို့ရှိရင်တော့ တခါတည်းနဲ့ တချက်ခုတ်အားလုံးပြတ်သွားမယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျ။

ဖွဲ့စည်ပုံအခြခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတ ၊ ဒေါ်အောင်ဆန်း စုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတော်ဥက္ကဌနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တိုင်းရင်းသားအစုအဖွဲ့တွေက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပါဝင်တဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို အတည်ပြုလိုက်ပေမဲ့ အစိုးရဘက်ကတော့ ဒီတွေ့ဆုံပွဲကို စဉ်းစားနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်၊ ဒီအတောအတွင်းမှာပဲ အခုလို ၁၂ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးအဆိုအဖြစ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တင်သွင်းလာတာဖြစ်ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။