ခေတ်တော့မီပါရဲ့ ဒါပေမဲ့


2016.12.27

ခေတ်မီတာ ကောင်းတာပေါ့။ ဘာငြင်းစရာရှိတာမှတ်လို့။ ဒါပေမယ့် ခေတ်မီတဲ့ နည်းပညာတွေ ယဉ်ကျေးမှုတွေနဲ့ အတူ ပြန်ပြင်လို့မရတဲ့ ဝေဒနာတွေ ရတတ်ပါတယ်။

နယ်သာလန်နိုင်ငံက ဒီကနေ့ရတဲ့ အေအက်ဖ်ပီ သတင်းတပုဒ်ကို မျှဝေပါရစေ။ သန္ဓေမျိုးစေ့ မှားထည့်မိတဲ့ပြဿနာပါ။

နယ်သာလန်နိုင်ငံက ယူတရက် တက္ကသိုလ် ဆေးရုံ University Medical Center Utrecht ဟာကမ္ဘာကျော်ဆေးရုံတခုဖြစ်ပါတယ်။ Utrecht ယူတရက် မြို့ရဲ့ အဓိကဆေးရုံကြီးဖြစ် ပြီး တက္ကသိုလ်နဲ့ တွဲဖက်ထားတဲ့ ဆေးရုံပါ။ အဲဒီဆေးရုံက ဒီကနေ့ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ကြေညာချက် တခုထုတ်ပါတယ်။

ဓါတ်ခွဲခန်းမှာ သန္ဓေတည်ခြင်း In Vitro Fertilization (IVF) လို့ခေါ်တဲ့ နည်းအရယောင်္ကျားတဦးရဲ့ သုတ်ရည်ဆဲလ်ကို ဓါတ်ခွဲခန်းမှာ မိန်းမတဦး ရဲ့သားအိမ်ကမျိုးဥနဲ့ ပေါင်းစပ်ပြီးနောက် ဖြစ်ပေါ်လာတဲ့ သန္ဓေသားလောင်းကိုသက်ဆိုင်ရာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ သားအိမ်အတွင်း ထည့်ပေးရမယ့်အစား တခြားအမျိုးသမီး ၂၆ ဦးရဲ့ မျိုးဥတွေနဲ့ပါ မှားယွင်းသားစပ်ပြီး ထည့်ပေးမိလို့တဲ့ခင်ဗျ။ အလွယ်ပြောရရင် အမေမှန်ပေမယ့် အဖေ မှားသွားတာပေါ့ ခင်ဗျာ။

အခုလို ဓါတ်ခွဲခန်းမှာ မျိုးစပ်မှားတဲ့အတွက် အခြားဇနီးမောင်နှံ ၂၆ တွဲခင်ဗျာ သူတို့ လိုချင်တဲ့ ဖခင်ဖြစ်သူရဲ့မျိုးစေ့အစား တခြားသူရဲ့ မျိုးစေ့ကို
ဆက်ခံခဲ့ကြရပါတယ်။ ဒီလို မျိုးစေ့မှားထည့်ပေးတာကို ခံယူခဲ့ရတဲ့အမျိုးသမီးတွေထဲက တဝက်လောက်ဟာ အခု ကိုယ်ဝန်ဆောင်ဆဲ သို့မဟုတ် သားသမီးဖွားမြင်ပြီးကြပြီလို့ ဆိုပါတယ်။ ဆေးရုံက ဒီကိစ္စအတွက် အလွန်ဝမ်းနည်းကြောင်းနဲ့ သက်ဆိုင်သူတွေကို အသိပေးထားပြီးပြီဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားရင်းကာယကံရှင်တွေ ကျေနပ်အောင် သူတို့တတ်နိုင်တာ အကုန်လုပ်ပေးပါမယ်လို့ ပြောပါတယ်။ ဘာတွေ ဘယ်လောက် လုပ်ပေးနိုင်မှာလဲ စဉ်းစားစရာပါ။

ဒီလို မျိုးစပ်မှားတဲ့ ပြဿနာမျိုးတွေ ဖြစ်တတ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကစင်္ကာပူမှာ ပေါ်ပေါက်ခဲ့တဲ့ အမှုတခုမှာဆိုရင် တရုတ်အမျိုးသမီးတဦးက အခုလို IVFနည်းနဲ့ သန္ဓေတည်ပြီးနောက် သူမွေးလာတဲ့ ကလေးဟာ သူ့ယောင်္ကျား လူဖြူအမျိုးသားနဲ့အသားအရောင်ရော ဆံပင်အရောင်ပါ မတူကွဲပြားနေတာကို သင်္ကာမကင်းဖြစ်မိရာကနေဓါတ်ခွဲခန်းရဲ့ မှားယွင်းမှုကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

တနေ့တခြား ခေတ်မီလာနေကြတဲ့ ကျနော်တို့ မြန်မာတွေလည်း ခေတ်မီဖို့ကြိုးစားရင်းအလားတူ ခေတ်မီဒုက္ခနဲ့ ကြုံနိုင်ကြတာကို သတိထားမိကြစေ လိုကြောင်းပါ ခင်ဗျား။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။