စစ်ကောင်စီဟာ ကူမင်းဆွေးနွေးပွဲကိုဖိအားပေးဖို့ လေကြောင်းနဲ့တိုက်နေကြောင်း TNLA ပြော
နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိစာသင်တိုက် လေကြောင်းနဲ့ ဗုံးကြဲခံရတာကြောင့် ကိုရင်နဲ့သံဃာ ခြောက်ပါးနဲ့ ဒေသခံသုံးဦး စုစုပေါင်း ကိုးဦး သေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
-
RFA Burmese
2025-03-17 -
-
-
စစ်ကောင်စီဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိအားပေးဖို့ TNLA ထိန်းချုပ်ဒေသက အရပ်သားပစ်မှတ်တွေကို လေကြောင်းနဲ့တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ TNLA ဘက်က ပြောပါတယ်။
မတ် ၁၆ ရက်နေ့ ညနေပိုင်းက နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိစာသင်တိုက် လေကြောင်းနဲ့ ဗုံးကြဲခံရတာကြောင့် ကိုရင်နဲ့သံဃာ ခြောက်ပါးနဲ့ ဒေသခံသုံးဦး စုစုပေါင်း ကိုးဦး သေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
လေကြောင်း တိုက်ခိုက်မှုတွေဟာ တရုတ်မှာလုပ်မဲ့ ဆွေးနွေးပွဲအတွက် ဖိအားပေးနေတာလို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပြောခွင့်ရသူ လွေးယေဦးက RFA ကို ပြောပါတယ်။
“လက်ရှိ နောင်ချိုမှာဆိုရင် ဘာသာရေး အဆောက်အအုံတွေကို ဦးတည်တိုက်ခိုက်တယ်။ နောက်ပြီး ဆေးရုံအပေါ် ဗုံးကြဲတိုက်ခိုက်တယ်။ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတာကိုလည်း တွေ့ရပါတယ်။ လက်ရှိ စစ်ကောင်စီက ကျွန်မတို့တွေ့ဆုံမဲ့ မေလ တွေ့ဆုံပွဲမှာ ကျွန်မတို့ကို ဖိအားပေးနေတယ်လို့ ပြောလို့ ရတယ်ပေါ့လေနော်။ လက်ရှိက ဗုံးကြဲတိုက်ခိုက်တယ်။ စစ်အင်အားတွေ တိုးမြှင့်တာမျိုးတွေ လုပ်ဆောင်နေတယ်။ ဒါတွေ ပြန်ကြည့်ခြင်းအားဖြင့် ဒီဆွေးနွေးပွဲအပေါ်မှာ ဖိအားပေးနေတယ်လို့ ပြောလို့ရပါတယ်”
ဒီလုပ်ရပ်တွေဟာ ဆွေးနွေးပွဲကို ထိခိုက်စေသလားဆိုတာကို လွေးယေဦးက ရှင်းရှင်းလင်းလင်း ဖြေဆိုတာ မရှိပါဘူး။
ဒေသခံတွေ ပြောဆိုမှုအရ နောင်ချို လေကြောင်းတိုက်ခိုက်မှုမှာ ကိုရင်နဲ့သံဃာ ကိုးပါး၊ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးသုံးဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး သံဃာ ၁၃ ပါးနဲ့ ဒေသခံလေးဦး စုစုပေါင်း ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“နောင်ချိုမြို့ပေါ်ကိုပါ မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိနေပါတယ်”
စစ်ကောင်စီတပ်ဟာ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း TNLA နဲ့ မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ပြင်ဦးလွင်ကနေ ထိုးစစ်ဆင်နေသလို နောင်ချိုနဲ့ မိုင်နှစ်ဆယ်ကျော်ဝေးတဲ့ တောင်ခမ်းရွာကနေပါ ထိုးစစ်ဆင်နေတာ ခြောက်လကျော် ရှိသွားပြီဖြစ်ပါတယ်။
ဒါ့အပြင် နောင်ချိုမြို့ပေါ်ကိုပါ မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိနေတာပါ။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့က နောင်ချိုမြို့ပေါ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ ပါရမီ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ဆယ်ဦး သေဆုံးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာလည်း နောင်ချိုမြို့ ဘူတာရပ်ကွက်နဲ့ နောင်ချို ပြည်သူ့ဆေးရုံကို ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ဒေသခံသုံးဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း နောင်ချိုမြို့ပေါ်ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လန်းဆန်း လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ ဒေသခံ ၁၁ ဦး၊ လုံးစံရွာက ကလေးငယ်တစ်ဦး၊ ဈေးရပ်ကွက်က အမျိုးသားတစ်ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် TNLA နဲ့ မန္တလေးတိုင်း PDF တပ်ဖွဲ့ ပူးတွဲလှုပ်ရှားတဲ့ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် လက်ပံလှကျေးရွာကို ၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးခြောက်ဦး အပါအဝင် ဒေသခံ ၂၇ ဦး သေဆုံးခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ TNLA နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်၊ နှစ်ရက်ကြာ ဆွေးနွေးခဲ့ပေမဲ့ ရလဒ်တစ်စုံတစ်ရာမထွက်ဘဲ ပြီးဆုံးခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိလာတာပါ။
ဒါ့ကြောင့် နောက်တစ်ကြိမ် ဆွေးနွေးပွဲမှာ ကောင်းမွန်တဲ့ရလဒ်မျိုး ရစေချင်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ဆွေးနွေးပွဲမှာ သူတို့လိုချင်တဲ့ ရလဒ်မျိုး ဖြစ်လာအောင် စစ်ရေးဖိအားတစ်ရပ်အနေနဲ့ ဖိအားပေးတယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဒါမျိုးဖြစ်နေတော့ ရှမ်းမြောက်ဒေသခံ အားလုံးက ကျီးလန့်စာစား ဟိုအရင် စစ်ကြီးမဖြစ်ခင်ကပုံစံမျိုး ကျီးလန့်စာ စားနေရတယ်။ အောင်မြင်စေချင်တာပေါ့။ တည်ငြိမ်အေးချမ်းစွာနဲ့ ရှာဖွေစားသောက်လို့ရတဲ့ ဆွေးနွေးပွဲရလဒ်မျိုး ထွက်စေချင်တာပေါ့”
ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိအားပေးတဲ့အနေနဲ့ လေကြောင်းနဲ့ တိုက်နေတဲ့ဆိုတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
ဆက်နွှယ်သောသတင်းများ
နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်မှု သံဃာတော်ကိုးပါးနဲ့ အရပ်သားငါးဦးသေဆုံး
လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နှစ်ပတ်အတွင်း အရပ်သား ကိုးဆယ်ကျော် သေဆုံး
နောင်ချိုမြို့နယ် တောင်ခမ်းတိုက်ပွဲအတွင်း တပ်စခန်းအချို့ကို TNLA လက်လွှတ်ခဲ့ရ
ဒါကြောင့် စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသူတစ်ဦးကို မေးကြည့်တဲ့အခါ လေကြောင်းတိုက်ခိုက်မှုဟာ ဆွေးနွေးပွဲအတွက် ဖိအားပေးတာမဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့တွေ နယ်မြေမထိန်းချုပ်နိုင်အောင် ဖိအားပေးတာလို့ RFA ကို ပြောပါတယ်။
“ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက်ကို ဖိအားပေးတာ မဟုတ်ဘူး။ သူတို့သိမ်းထားတဲ့မြို့တွေမှာ အေးအေးဆေးဆေး နေလို့မရဘူး။ စီးပွားရေး အခြေခံအားလုံး၊ လူမှုရေး အခြေခံအားလုံး မင်းတို့နေတဲ့ရာမှာ ဒီလိုလုပ်လို့ မရဘူးကွ ဆိုတဲ့ သဘောမျိုးပဲ ဖြစ်ပါလိမ့်မယ်”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်တပ်အနေနဲ့ တရုတ်ရဲ့ကြားဝင်မှုကြောင့်သာ ဆွေနွေးနေရပေမဲ့ တိုင်းရင်းသားတွေနဲ့ စစ်ရပ်စဲဖို့ ဆန္ဒမရှိဘူးလို့ RFA ကို ပြောပါတယ်။
“အခုချိန်မှာ စစ်တပ်ဘက်က စစ်ရပ်စဲမှု မလုပ်ချင်ဘူး။ တရုတ် တိုက်တွန်းမှုကြောင့် လုပ်ရတာ။ စစ်ရပ်စဲမှု မလုပ်ချင်ဘူးဆိုတာက သူက စစ်နိုင်နေလို့ မဟုတ်ပါဘူး။ လေကြောင်းထိုးစစ်နဲ့ အမြောက်ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ရပ်ဆိုင်းမပစ်နိုင်ပါဘူး။ ရပ်လိုက်တာနဲ့ တစ်ပြိုင်နက် ပြင်ဦးလွင်ကို ထိုးစစ်ဝင်မှာ နောက်ပြီး ရှမ်း-မန်း စစ်ဆင်ရေး လှုပ်ရှားလာမှာကို သူက စိုးရိမ်တယ်”
မတ် ၁၄ ရက်နဲ့ ၁၆ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုနဲ့ စဥ့်ကူးမြို့မှာ ဒေသခံ လေးဆယ်ကျော် သေဆုံးခဲ့ရတဲ့အပေါ် ရှုတ်ချကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီအနေနဲ့ ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ်၊ မတ် ၁၆ ရက်နေ့အထိ အများပြည်သူဆိုင်ရာ နေရာတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှု နှစ်ထောင်ကျော် (၂၁၉၀) လုပ်ခဲ့တာကြောင့် ကလေးငယ် ၃၇၅ ဦး သေဆုံးခဲ့ရတယ်လို့လည်း NUG က ဆိုပါတယ်။
ကလေးသူငယ် အခွင့်အရေး၊ လူအခွင့်အရေးတွေကို ချိုးဖောက်ပြီး လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာ တရားစီရင်ရေးအဖွဲ့တွေက အမြန်ဆုံးအရေးယူနိုင်ဖို့ တိုက်တွန်းတယ်လို့လည်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ နိုင်ငံတစ်ဝန်း လေကြောင်းနဲ့လက်နက်ကြီးကြောင့် မတ်လ ပထမနှစ်ပတ်အတွင်း ဒေသခံ ၉၂ ဦးသေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ မန္တလေးတိုင်းဟာ သေဆုံးသူ ၄၂ ဦး၊ ဒဏ်ရာရသူ ၅၃ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။
မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းအပြင် ကချင်ပြည်နယ်၊ ကယားပြည်နယ် (ကရင်နီပြည်)၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာလည်း သေဆုံးထိခိုက်မှုတွေ ရှိခဲ့ပါတယ်။