တရုတ်အစိုးရနဲ့ စစ်ရေးအခြေအနေ ဆွေးနွေးညှိနှိုင်းမှုမရှိကြောင်း TNLA ပြော
2023.12.19

စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့အကြား ယာယီအပစ်အခတ်ရပ်စဲဖို့ တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးထားတယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုပြီးနောက် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲတွေရပ်တန့်သွားခဲ့ပေမယ့် ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နယ်မြေတွေမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
တရုတ်အာဏာပိုင်တွေနဲ့ ဆွေးနွေးနေပေမဲ့ စစ်ရေးအကြောင်းအရာမပါဘူးလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။
"ကျွန်တော်တို့ အဖွဲ့အစည်း ကျွန်တော်တို့ အမျိုးသားအတွက် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ဘယ်သူ့အဖွဲ့အစည်း ဘယ်သူ့နိုင်ငံရဲ့ ဩဇာအာဏာအောက်မှာကို မရှိပါဘူး။ တစ်ဖက်က ပြန်ကြည့်မယ်ဆို တရုတ်ဘက်နဲ့ ကျွန်တော်တို့နယ်မြေက နယ်မြေချင်းထိစပ်မှုတွေရှိပါတယ်။ အဲဒီလိုမျိုးအချိန်မှာ တရုတ်ဘက်က သူတို့ဆွေးနွေးနေတာမျိုးရှိပါတယ်။ ဆွေးနွေးနေတယ်ဆိုတာကတော့ ဒီစစ်ရေးစစ်ရေးကိစ္စတော့ မပါဘူးပေါ့။ အထူးသဖြင့် နယ်စပ်ဒေသတည်ငြိမ်ရေးကို ထိန်းသိမ်း ဆောင်ရွက်ပေးဖို့၊ ကျားဖြန့်လုပ်ငန်းနှိမ်နှင်းတဲ့နေရာမှာ ပူးပေါင်းပါဝင်ပေးဖို့ ရှိပါတယ်။"
TNLA တပ်တွေဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာတော့ အပြီးသတ် တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြောက်ပိုင်းသုံးဖွဲ့က ကြေညာထားပါတယ်။
စစ်ကောင်စီဘက်ကတော့ နမ့်ဆန်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပဲလို့ စစ်ကောင်စီပိုင်မီဒီယာတွေမှာ ပြောကြားထားပါတယ်။
တိုက်ပွဲကာလမှာတော့ နမ့်ဆန်ဒေသခံတွေဟာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် ပြေးစရာမြေမရှိလို့ ဗုံးခိုကျင်းထဲမှာ ပုန်းခိုပြီးနေရတယ်လို့ အသက် ငါးဆယ်အရွယ် နမ့်ဆန့်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကျင်းထဲဝင်လို့ရှိရင် အယောက်နှစ်ဆယ်လောက်ဆန့်တယ်။ နည်းနည်းတော့ တအားတော့ ကျပ်တာပေါ့နော်။ အထဲမှာဝင်သွားလို့ရှိရင် တအားပူလောင်နေတာပဲ။ ဒီဘက်မှာ မပိတ်ထားဘူးဆိုရင်လည်း လက်နက်ကြီးကကြောက်ရတယ်။ တော်တော်ကို စိုးရိမ်ရတယ်။“
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် တပ်စခန်းတွေကို စွန့်ခွာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိုများလာတယ်လို့လည်း ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။
"ဒီ operation စလိုက်တဲ့အချိန် တချို့စခန်းကုန်းတွေမှာ ကျွန်တော်တို့ သိမ်းဆည်းရမိတဲ့လက်နက်တွေ သူတို့ရဲ့ ခဲယမ်းတွေ အများကြီးရှိတယ်။ အဲဒါကို သူတို့စခန်းကို စွန့်ခွာသွားတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ဒီအောက်ခြေမှာတော့ လက်နက်ခဲယမ်းတွေနဲ့ သူတို့ဆက်တိုက်ချင်ရင် ဆက်တိုက်လို့ ရသေးတယ်။ ဒါပေမဲ့ သူတို့က မတိုက်ဘူး။ စွန့်ခွာသွားတယ်။ အဲဒါကို ကြည့်မယ်ဆိုရင် သူ့ရဲ့ လက်အောက်မှာရှိတဲ့စစ်သားတွေလည်း တိုက်ပွဲတိုက်လိုတဲ့စိတ် မရှိတော့ဘူး။"
အခုလိုတိုက်ပွဲပြင်းထန်နေတဲ့ကာလမှာ စစ်ကောင်စီက ဖျက်အားပြင်းဗုံးတွေ သုံးပြီး တိုက်ခိုက်တာတွေရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“လေကြောင်းက သူတို့သုံးတဲ့ ဗုံးအမျိုးအစားက ပြန်ကြည့်မယ်ဆိုရင် တကယ် ဖျက်အားပြင်းတဲ့ဟာတွေ။ အဲဒီလိုမျိုး ဖျက်အားပြင်းတာ သုံးတဲ့အချိန်ကျတော့ ဒီလူထုကြားမှာ ကျတဲ့အချိန်ကျတော့ လူထုထိခိုက်မှုကပဲ ပိုများတယ်။ မြေပြင်မှာ တကယ့်တိုက်ပွဲဝင်နေတာကတော့ အကုန်လုံးက စစ်ရေးသတိတွေရှိကြတော့ ထိခိုက်မှုကတော့ အဲ့ဒီလောက်မရှိပါဘူး”
ဓာတုဓာတ်ငွေ့ဗုံးတွေ အသုံးပြုနေတာလို့ ပြောဆိုမှုတွေဟာ စွပ်စွဲပြောဆိုတာသာ ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီထိန်းချုပ်ရာ မီဒီယာတွေကတစ်ဆင့် နိုဝင်ဘာလ ၂၄ ရက်နေ့က တုံ့ပြန်ထားပါတယ်။ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် အဓိကကုန်သွယ်ရေးဇုန်တစ်ခုဖြစ်တဲ့ မူဆယ် ၁ဝ၅ မိုင်ကိုလည်း သိမ်းယူထားနိုင်ခဲ့ပြီလို့ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။
ဒါဟာ ၂၀၂၁ အာဏာသိမ်းအပြီး စစ်ကောင်စီအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့ရင် နွေဦးတော်လှန်ရေးအတွက် အောင်မြင်မှုတစ်ခုဖြစ်လာမယ်လို့ မြန်မာ့အရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“အခုက ရှမ်းမြောက်မှာ ကျွန်တော်တို့က တစ်ခုပဲ ကျန်ပါတော့တယ်။ အဲဒါက လားရှိုးသိမ်းပိုက်ရေးပေါ့။ လားရှိုးသိမ်းပိုက်ရေးက တော်တော်လေး အချိန်ယူပြီး ကြိုးပမ်းရမှာ ဖြစ်ပေမဲ့ မုချအောင်ပွဲရမယ်လို့ ထင်ပါတယ်။ လားရှိုးအောင်ပွဲရလို့ရှိရင် နွေဦးတော်လှန်ရေးရဲ့လှုပ်ရှားမှုက ကျွန်တော့်အနေနဲ့ တစ်ဝက်အောင်မြင်မှုလို့ ကျွန်တော်တို့ ယူဆပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ့အရှိန်အဟုန်နဲ့ ဂယက်က ဧရာဝတီမြစ်ဝှမ်း ထိုးဆင်းသွားပါပြီ။ ဧရာဝတီမြစ်ဝှမ်းကို ထိုးဆင်းသွားပြီးရင် ကျွန်တော်တို့ အခုက နေပြည်တော်ကို ဂငယ်ပုံစံ မြင်းခွာပုံစံ ဝိုင်းထားပြီးတာ"
ပြီးခဲ့တဲ့အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီအခြေစိုက်စခန်း ၄၂၂ ခုနဲ့ မြို့ခုနှစ်မြို့ကို သိမ်းယူထားနိုင်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ တစ်သိန်းနှစ်သောင်းနီးပါး ရှိတယ်လို့ UNOCHA က ဖော်ပြထားပါတယ်။