စစ်ကိုင်းတိုင်းမှာ လက်နက်ကိုင်အင်အားစုတွေရဲ့ ခြိမ်းခြောက်မှုတွေ များလာ

ဝေမာထွန်း ( ဝါရှင်တန်ဒီစီ )
2022.03.30
စစ်ကိုင်းတိုင်းမှာ လက်နက်ကိုင်အင်အားစုတွေရဲ့ ခြိမ်းခြောက်မှုတွေ များလာ (၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ ပြည်သူများ။)
Photo:AFP

အခုမတ်လအတွင်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ လူသုံးဦးသတ်ခံရပြီး မင်းကင်းမြို့နယ်မှာ လူ လေးဦး ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက RFA ကို ဆက်သွယ်ပြောကြားလာပါတယ်။

စစ်ကိုင်းတိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေ အများအပြားထွက်ပေါ်လာတာကြောင့် ဒေသခံတွေဟာ စစ်တပ် အပြင် လက်နက်ကိုင်အဖွဲ့တွေကိုပါ ကြောက်ရွံ့နေရပြီး အခက်အခဲဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ တနယ်ကျေးရွာအုပ်စု၊ ဆင်ရောက်ကုန်းကျေးရွာက ဒေသခံတွေဖြစ်ကြတဲ့ အသက် ၅၀ ကျော်အရွယ် ဒေါ်သန်းလှိုင်၊ အသက် ၃၀ ကျော်အရွယ် ကိုဝေဇော်ဟိန်းနဲ့ ကိုသောင်းဝင်းဆွေ တို့ကို မတ်လ ၂၁ ရက်နေ့က ဒေသခံလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့ မိသားစုဝင်တွေက RFAကို ဆက်သွယ် ပြောကြားလာပါတယ်။

“အမှုဖွင့်ရအောင်ကလည်း ဘယ်မှာမှ တိုင်စရာမရှိဘူး။ ကျန်တဲ့မိသားစုတွေက သူတို့ရန်ကြောက်တာ၊ သတ်မှာစိုးတာနဲ့ ပြေးလာရတာ။ တခြားနေရာမှာပဲ ရှောင်နေရတာ။”

ဆင်ရောက်ကုန်းကျေးရွာကနေ ဆက်သွားကျေးရွာကို နွားသွားပို့ချိန်မှာ လမ်းမှာဖမ်းဆီးအသတ်ခံရတာလို့ ကိုဝေဇော်ဟိန်းရဲ့ အမျိုးသမီးဖြစ်သူ မသီတာခိုင်က RFA ကိုပြောပါတယ်။

“ဆင်ရောက်ကုန်းကျေးရွာကနေ ဆက်သွားကို နွားလာပို့တာ။ PDF တွေက ညှပ်ဖမ်းပြီးတော့မှ မောင်နှမ သုံးယောက်လုံးကိုသတ်တာ။ အလောင်းကတော့ မသယ်ရဘူး။ ပိုက်ဆံအလွဲသုံးစားလုပ်ပြီး ဖော်မှာပါဆိုပြီး သူတို့က သတ်ပစ်တာ။ ပိုက်ဆံက သိန်းလေးရာ အထက်က ချပေးတာ။ ရွာကငွေတွေရော။ အထက်က PDF ခေါင်းဆောင်တွေကို ချပေးတဲ့ငွေတွေရော။ စာရင်းရှင်းခိုင်းတော့ သူက မရှင်းပေးတာ။ အဲ့ဒါတွေ သိမှာ ကြောက်လို့။ သူတို့ကို တစ်ရွာလုံးက ကြောက်တာ၊ နေ့မအိပ်ရ ညမအိပ်ရ”

ဒီပဲယင်းမြို့နယ်၊ ပကဖ အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနိုင် ဦးဆောင်တဲ့အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက RFA ကိုဆက်သွယ်ပြောကြားလာပါတယ်။ RFA က သီးခြားအတည်ပြုလို့ မရသေးသလို စွပ်စွဲခံရသူ ဦးအောင်သောင်းနိုင်နဲ့လည်း အဆက်အသွယ်မရသေးပါဘူး။

ဒီပဲယင်းမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့တချို့ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒေသခံသုံးဦး သေဆုံးသွားတဲ့ သတင်းကိုကြားသိရကြောင်းပြောကြပါတယ်။

ဒီပဲယင်းမြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ကနဦးရထားတဲ့ သတင်းတွေအရ သေဆုံးသူတွေဟာ သူလျှို၊ ဒလန်တွေ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီလိုဖြစ်စဉ်တွေဟာ တော်လှန်ရေးကို ထိခိုက်စေတဲ့အတွက် အဖြစ်မှန်ပေါ်ပေါက်ဖို့ စုံစမ်းသွားမှာဖြစ်ပြီး နစ်နာသူ မိသားစုဝင်တွေ တစ်စုံတစ်ရာ စိတ်ကျေနပ်မှုရအောင် ကူညီဆောင်ရွက်ပေးသွားမယ်လို့ သူကပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့တွေကို ဒီပဲယင်းမြို့နယ်မှာ ကျေးရွာတွေအလိုက်နဲ့ မြို့နယ်အဆင့် အထိဖွဲ့စည်းထားပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေက တပ်ရင်းတပ်ဖွဲ့နဲ့ နေထိုင်ကြတာဖြစ်ပြီး ပကဖ တွေက ကျေးရွာတွေနဲ့ မြို့နယ်အတွင်း နေအိမ်တွေမှာသာ နေထိုင်ကြတာပါ။

ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး တိုင်တန်းထားတာမရှိသေးဘူးလို့ မိသားစုဝင်နောက်တစ်ဦးက RFA ကို ပြောပါတယ်။

“အမှုဖွင့်ရအောင်ကလည်း ဘယ်မှာမှ တိုင်စရာမရှိဘူး။ ကျန်တဲ့မိသားစုတွေက သူတို့ရန်ကြောက်တာ၊ သတ်မှာစိုးတာနဲ့ ပြေးလာရတာ။ တခြားနေရာမှာပဲ ရှောင်နေရတာ။”

ဒါ့အပြင် မတ်လ ၁၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ထမောင်းကျေးရွာက ဒေသခံလေးဦးဟာ မင်းကင်းမြို့နယ်ကနေ ကနီမြို့နယ်ကို ချင်းတွင်းမြစ်ကနေ သစ်ဖောင်နဲ့ သစ်သွားရောင်းစဉ် လမ်းမှာ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကိုခံရပြီး ပျောက်ဆုံးသွားတယ်လို့ မိသားစုတစ်ဦးက RFA ကိုပြောပါတယ်။

“တချို့ကလည်း အသိတွေက ဖုန်းဆက်တာတော့ မရှိတော့ဘူးလို့လည်းပြောတယ်။ တချို့ကလည်း ရှိသေးတယ်လို့ပြောတယ်။ ကျွန်တော်တို့ကလည်း ဘာမှလုပ်မရတော့ ဒီအတိုင်းပဲ။ ၁၅ ရက်နေ့က ဝဲပိုက်သမားဆီကဖောင်ပြန်ရတယ်။ အဲ့ဒီမှာပါတာတော့ အင်္ကျီအဝတ်အစားလေးတွေရယ်၊ စောင်လေး တွေရယ်။ ဘယ်မှတော့ တိုင်မထားဘူး။ တချို့ကပြောတာတော့ လက်နက်ကိုင်အဖွဲ့လို့ပြောတာပဲ။ ဘယ်အဖွဲ့ရယ်၊ ဘာရယ်လို့တော့မပြောဘူး။ လက်နက်ကိုင်တဲ့သူတွေခေါ်သွားတယ်လို့ပဲ ဒီလိုပဲသိရတာပါ။”

000_1P32Q2.jpg
(၂၀၂၀ ခုနှစ်က ချင်းတွင်းမြစ်ကမ်းမှာ အမျိုးသားတစ်ဦးရေချိုးနေတာကို မြင်တွေ့ရစဉ်။Photo/AFP)

RFA က မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာ ဒီသတင်းကို မကြားရသေးကြောင်းနဲ့ ဒီလေးဦးပျောက်ဆုံးနေမှုဟာ သူတို့အဖွဲ့နဲ့ သက်ဆိုင်မှု မရှိဘူးလို့ ပြောပါတယ်။

ပျောက်ဆုံးနေသူတွေဟာ အသက် ၅၀ ကျော်အရွယ်တွေဖြစ်ကြတဲ့ ဒေါ်မာရီ၊ ဦးထွန်းငွေ၊ အသက် ၃၀ ကျော်အရွယ်တွေဖြစ်ကြတဲ့ ကိုညွန့်ငွေနဲ့ ကိုသိန်းငွေ ဆိုသူတွေပါ။ သူတို့တွေဟာ သာမာန်လက်လုပ်လက်စား တောင်သူတွေသာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျောက်ဆုံးသွားသူတွေမှာ သစ်ဝါးရောင်းရငွေ သိန်း ၁၅၀ နီးပါး ပါသွားတယ်လို့ မိသားစုတွေက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ICRC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးနဲ့ပြည်ထဲရေးဝန်ကြီးဌာန၊ စစ်ရေးပြစ်မှုဆိုင်ရာစုံစမ်းရေးကော်မရှင်တွေကို အကြောင်းကြားထားဖို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက အကြံပြုပါတယ်။

“ဖြစ်တဲ့အထောက်အထားတွေကို သိမ်းထားပါ။ ဖြစ်စဉ်ကို သေချာရေးပြီး ကူညီပေးပါ။ ခိုင်လုံတဲ့ အထောက်အထားတွေရှိရင် NUG အနေနဲ့ဒါကို မလိုက်စရာအကြောင်းမရှိဘူး။ လိုက်ရမှာပဲ။ ဒါကျွန်တော်တို့ အလုပ်ပဲ။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ပဲ PDF ကလည်းတည်ထောင်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒါတွေအားလုံးကို အထောက်အထားရှိဖို့နဲ့ ကာယကံရှင်တွေဘက်ကလည်း အချိန်ရောက်လာတဲ့အခါ လိုအပ်သလို အထောက်အထားတွေကို မဖျောက်ဖျက်ဖို့ ထိန်းသိမ်းထားဖို့နဲ့ သက်ဆိုင်ရာနဲ့ဆက်သွယ်ပေးဖို့တော့လိုအပ်ပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ NUG က မတ်လ ၁၄ ရက်နေ့မှာ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းရေးဗဟိုကော်မရှင် ကိုဖွဲ့စည်းပြီး စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြစ်မှုကျူးလွန်တဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့ မတ်လ ၂၆ ရက်နေ့က အဲ့ဒီကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ ပြောထားတာမရှိပါဘူး။

“ ပြည်သူလူထု နှလုံးစိတ်ဝမ်းမချမ်းမြေ့ဘူးဆိုရင် သူဟာပြည်သူလူထုကို သစ္စာခံတဲ့သူ မဟုတ်ဘူး။ ပြည်သူလူထုက မကြည်ညိုရင် မည့်သည်တော်လှန်ရေးမဆို ကျရှုံးမှာပဲ။”

စစ်ကိုင်းတိုင်းPDF အဖွဲ့တစ်ဖွဲ့က အမည်မဖော်လိုသူတစ်ဦးက ပြည်သူလူထုက မကြည်ညိုရင် ဘယ်တော်လှန်ရေးမဆို ကျဆုံးနိုင်တာမို့ လက်နက်ကိုင်ထားသူတွေအနေနဲ့ ပြည်သူရဲ့ ယုံကြည်မှုရအောင် ဆောင်ရွက်ဖို့လိုတယ်လို့ ဆိုပါတယ်။

“ တော်လှန်ရေးလုပ်ပြီး နိုင်ငံရေးကို မသိဘူးဆိုရင် သူပုန်ဖြစ်နိုင်တယ်။ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်နိုင်တယ်။ ဓားပြဖြစ်နိုင်တယ်။ အာဏာရှင်ဖြစ်သွားနိုင်တယ်။ တော်လှန်ရေးလုပ်တဲ့သူတွေအားလုံးဟာ နိုင်ငံရေးကို သိရမယ်။ ပြည်သူလူထု နှလုံးစိတ်ဝမ်းမချမ်းမြေ့ဘူးဆိုရင် သူဟာပြည်သူလူထုကို သစ္စာခံတဲ့သူ မဟုတ်ဘူး။ ပြည်သူလူထုက မကြည်ညိုရင် မည့်သည်တော်လှန်ရေးမဆို ကျရှုံးမှာပဲ။”

000_97Y4F4.jpg
(၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က ဒီမိုကရေစီလိုချင်ကြောင်း လမ်းမပေါ်မှာ ဆေးရေးခြယ် ဆန္ဒပြ တောင်းဆိုနေသူတစ်ဦးကို တွေ့ရစဉ်။/ Photo-AFP)

စစ်ကိုင်းတိုင်းအတွင်းမှာ လက်နက်ကိုင်ပြီး လူမိုက်ဆန်ဆန်ပြုမှုနေမှုတွေကို အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ သေချာထိန်းကျောင်းဖို့လိုအပ်နေပြီလို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးက RFA ကို မှတ်ချက်ပေးပါတယ်။

“ ကျွန်တော်တို့စစ်ကိုင်းတိုင်းမှာ သတ်ဖြတ်မှုတွေက ပိုမိုများပြားလာတယ်။ Local PDF တွေက လက်နက်ကိုင်လာပြီး လူမိုက်ဆန်ဆန်အုပ်စုဖွဲ့ပြီးလုပ်လာတာရှိတယ်။ ကိုယ်နဲ့မတည့်ဘူးဆိုရင် သတ်ပစ်တာ မျိုးတွေရှိလာတယ်။ ဒါတွေက မဖြစ်သင့်ဘူး။ NUG အနေနဲ့ဒါတွေကို သေချာထိန်းကျောင်း သင့်တယ်။”

အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ စစ်ရေးဆိုင်ရာ ကျင့်ဝတ်တွေမှာ အရပ်သားတွေကို ဓားစာခံ၊ လူသားဒိုင်းအဖြစ် အသုံးမပြုဖို့နဲ့ လက်နက်ချအညံ့ခံသူတွေနဲ့ စစ်သုံ့ပန်းတွေကို နှိပ်စက်တာ၊ သတ်ဖြတ်တာ မပြုလုပ်ဖို့ ပြဋ္ဌာန်းထားပါတယ်။

လက်နက်ကိုင်တော်လှန်ရေးသမားတွေအနေနဲ့ အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ အနိုင်ကျင့် နှိပ်စက်တာမျိုးမလုပ်ဖို့ အများပြည်သူပိုင်ပစ္စည်းတွေကို ထိပါးတာမလုပ်ဖို့နဲ့ အရေးပေါ် လိုအပ်ချက်အရ အရပ်သားပြည်သူပိုင်ပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင်တောင် ကာလတန်ဖိုး အတိုင်းပေးချေရမယ်လို့ ပြောပါတယ်။

ဒီပြဋ္ဌာန်းချက်တွေကို လက်နက်ကိုင်အဖွဲ့တွေက တိတိကျကျလိုက်နာ ကျင့်သုံးဖို့လိုအပ်နေပြီး လိုက်နာမှု မရှိသူတွေကို ထိထိရောက်ရောက်အရေးယူနိုင်ရေး လိုအပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။