ကချင်အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦးကို နုတ်ထွက်စာတင်ဖို့ ညွှန်ကြားလာ


2019.01.21
h-laaung-622 ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင် ကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်က ဝန်ကြီးတချို့ကို အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ ရာထူးကနေနုတ်ထွက်ကြောင်း စာတင်ဖို့ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က အခုလ ၁၈ ရက်နေ့က ညွန်ကြားလာတယ်လို့ ကာယကံရှင် ဝန်ကြီးတွေက RFA ကို ပြောပါတယ်။
RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~
ကချင်အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦးကို နုတ်ထွက်စာတင်ဖို့ ညွှန်ကြားလာ


(ဝေမာထွန်း)

■ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြည်နယ်စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြသိန်းကို အခုလ ၁၈ ရက်နေ့ မနက်က သူရဲ့ ရုံးခန်းမှာ ခေါ်ယူတွေ့ဆုံပြီး အတိုင်ပင်ခံပုဂ္ဂိုလ်က ကချင်ပြည်နယ်အတွင်းက ဝန်ကြီး ၃ ပါးကို နုတ်ထွက်စာတင်ဖို့ ညွန်ကြားထားကြောင်းနဲ့ အဲဒီစာရင်းမှာ သူပါဝင်တာကြောင့် နုတ်ထွက်စာတင်ဖို့ ပြောခဲ့တယ်လို့ ဦးမြသိန်းက ပြောပါတယ်။

ဦးမြသိန်းက ဘယ်လိုပြစ်ချက်တွေကြောင့် နုတ်ထွက်ခိုင်းသလဲဆိုတာကို မေးမြန်းခဲ့ပေမယ့် ဝန်ကြီးချုပ်က အတိအကျ ဖြေကြားတာမရှိဘဲ ကျန်းမာရေးမကောင်းလို့ဆိုတဲ့ အကြောင်းပြချက်ပေးပြီး နုတ်ထွက်စာရေးဖို့ အကြံပေးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနေ့က စိုက်မွေးဝန်ကြီး ဦးမြသိန်းကို ဝန်ကြီးချုပ်က နုတ်ထွက်စာတင်ရမယ့် ကျန်ဝန်ကြီး ၂ ပါးဟာ ဦးHလအောင်နဲ့ ဒေါက်တာ သင်းလွင်တို့ ဖြစ်တယ်ဆိုတာကိုပါ တပါတည်း အသိပေးခဲ့ပါတယ်။

စိုက်မွေးဝန်ကြီး ဦးမြသိန်းက ဝန်ကြီးချုပ်ရဲ့ နုတ်ထွက်စာ တင်ခိုင်းမှုကို လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။

ဝန်ကြီးချုပ်က နုတ်ထွက်ခိုင်းစာရေးခိုင်းမှုအပေါ် သူ့ထင်မြင်ချက်ကို ဦးမြသိန်းက RFA ကို အခုလို ပြောပါတယ်။

"အခုကိစ္စက တခြားမဟုတ်ဘူး။ မြစ်ကြီးနားခရိုင် အတွင်းရေးမှူး ကိုတင်ထွန်းသိန်းက ကချင်ပြည်နယ် အစိုးရအဖွဲ့ကနေပြီး လမ်းလုပ်ငန်းတွေလုပ်တဲ့အခါမှာ တင်ဒါလုပ်ထုံးလုပ်နည်းတို့ ဆောက်လုပ်ရေး လုပ်ထုံးလုပ်နည်းတို့နဲ့ မကိုက်ညီတာတွေ တွေ့တဲ့အခါကျတော့ မကိုက်ညီအောင်လုပ်တဲ့သူတွေကို အဂတိလိုက်စားမှုကော်မရှင်ကို တိုင်ထားတဲ့ပေါ့ဗျ။ နာမည်တော့ မတပ်ဘူးပေါ့လေ။ အဲဒီဟာတွေက ဝန်ကြီးချုပ်ပါ ပတ်သတ်နေတဲ့ သဘောရှိတဲ့အခါကျတော့ သူကဘယ်လိုဖြေရှင်းမလဲဆိုရင် မဆိုင်တဲ့သူကိုထိုးချပြီး အပြစ်ရှိနေတဲ့ သူကိုယ်တိုင်နဲ့ အခြားသူကို ကာကွယ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် သဘောတူသလိုလို တပတ်ရိုက်ပြီး လုပ်တဲ့သဘောရှိတယ်ဗျ"


ကချင်ပြည်နယ်အတွင်းက လမ်းတွေနဲ့ အဆောက်အဦးတွေကို တင်ဒါချထားပေးမှုတွေမှာ မရိုးဖြောင့်မှုတွေ ရှိနေတယ်ဆိုပြီး မြစ်ကြီးနားခရိုင် NLD ပါတီ အတွင်းရေးမှူး ဦးတင်ထွန်းသိန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားတဲ့ကိစ္စရှိနေပါတယ်။

ဒါပေမဲ့ တိုင်ကြားထားသူ ဦးတင်ထွန်းသိန်းက အခုလို နုတ်ထွက်ခိုင်းတဲ့ကိစ္စဟာ သူ့တိုင်တန်းချက်တွေနဲ့ မသက်ဆိုင်လောက်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

"ဒီဝန်ကြီးတွေကို ဘာကိစ္စကြောင့် ဖြုတ်တယ်ဆိုတာကို ကျနော်လည်း အတိအကျမသိဘူးဗျ။ ကျနော်တိုင်ထားတဲ့ကိစ္စနဲ့ မသက်ဆိုင်ဘူးလို့တော့ ကျနော်မြင်ပါတယ်။ ဘယ်ဝန်ကြီးဆိုတာထက် ကျနော် နာမည်နဲ့တော့ တိုင်ထားတာ မဟုတ်ပါဘူး။ တာဝန်ရှိသော ပုဂ္ဂိုလ်တွေကို အရေးယူပေးပါလို့ပဲ ကျနော်တိုင်ထားတာကိုး"


ဝန်ကြီးချုပ်ရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့ ဆီလျော်မှုရှိ၊ မရှိဆိုတာနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ညွန်ကြားချက် အမှန်တကယ် ဟုတ်မဟုတ်ဆိုတာကို စစ်ဆေးပေးဖို့ ဦးမြသိန်းက ပါတီဗဟိုထံ မနေ့က တိုင်ကြားစာ ပေးပို့လိုက်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ---

"အခု ပုသိမ်ရောက်နေတယ်ခင်ဗျ။ ကျနော်တို့ကတော့ စာရရင်တော့ စာထဲမှာပါတဲ့ အကြောင်းအရာ ခိုင်လုံမှု ရှိမရှိ ပထမ ကြည့်တယ်။ ဖြေရှင်းစရာအကြောင်းရှိရင် ကျနော်တို့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်ကိုခေါ်ပြီး ဖြေရှင်းခိုင်းတယ်။ ပြေလည်အောင် မဖြေရှင်းနိုင်ရင် စည်းကမ်းညှိစွန်းတယ်ဆိုပြီး အရေးယူတယ်။ ပါတီဝင်ဖြစ်တယ်ဆိုရင် ကျနော်တို့ အရေးယူလို့ရတယ်။ ပါတီဝင်မဟုတ်ရင် သူ့ဆိုင်ရာဌာနက အရေးယူသွားပါလိမ့်မယ်"

အတိုင်ပင်ခံပုဂ္ဂိုလ်က နုတ်ထွက်စာတင်ဖို့ ညွန်ကြားတယ်ဆိုတဲ့ ဝန်ကြီးချုပ်ရဲ့ဖုန်းကို လက်ခံရရှိထားတဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင်တွေ့ဆုံပြီး အကြောင်းပြချက်ကို သိရှိနိုင်ဖို့အတွက် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

"ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်က နေပြည်တော်မှာ အစည်းအဝေးသွားတက်နေတာ။ ၁၈ ရက်နေ့ပြီးရင် အမြန်ဆုံးပြန်လာပါပြောတော့ ကျနော်က ဘာကိစ္စနဲ့ ပြန်လာမလဲဆိုပြီးမေးတော့ အဲဒီလိုပဲ ဖုန်းဝင်လာတယ်လို့ပဲပြောတယ်။ ဒါဆိုရင် သက်ဆိုင်ရာ အတိုင်ပင်ခံနဲ့ တွေ့ပြီးမှပဲ ဆုံးဖြတ်ပေးမယ်လို့ ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါက နည်းလမ်းတော့မကျဘူး။ ဒီလိုမျိုးပါးစပ်နဲ့ ပြောတာကတော့ လူကြီးမပီသဘူး။ ကျနော်တို့က ကလေးမဟုတ်ဘူး။ ကျနော်တို့ image မကောင်းအောင် အရှက်တကွဲဖြစ်အောင် လုပ်တာမျိုးက သမိုင်းမှာ ကျန်ခဲ့လို့လည်း မကောင်းပါဘူး"

အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ကြားတာ ဟုတ်မဟုတ်ကို သိရှိနိုင်ဖို့ RFA က နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကချင်ပြည်နယ်ဝန်ကြီး ၃ ပါးကို ဝန်ကြီးချုပ်က နုတ်ထွက်စာ တင်ခိုင်းထားတယ်ဆိုတဲ့ သတင်းဟာ ကချင်ပြည်နယ်အတွင်းက အရပ်ဖက်အဖွဲ့တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လူထုကြားမှာ ပျံနှံ့နေပါပြီ။

ဦးHလအောင်က သူ့တာဝန်ကို ကြိုးစားဆောင်ရွက်သူ တစ်ယောက်ဖြစ်တဲ့အတွက် ရာထူးကနေ နုတ်ထွက်ခိုင်းတာ မဖြစ်သင့်ဘူးဆိုပြီး ထင်မြင်ချက်ပေးတဲ့ ကချင်တိုင်းရင်းသားတွေလည်း ရှိပါတယ်။

အဲဒီထဲမှာ ကချင်ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်ဂွန်ဂျာ ပါဝင်ပါတယ်။

"ဦးHလအောင်ကတော့ အလုပ်တော်တော်လုပ်တဲ့ အထဲမှာပါတယ်။ ကျမတို့ ကျောက်စိမ်းကိစ္စတွေ ဖားကန့်ကိစ္စတွေလုပ်တဲ့အခါမှာ သူက ပြောတာကိုလည်း နားလည်တယ်။ နားလည်းထောင်ပေးတယ်။ သူတက်နိုင်သလောက်လည်း လုပ်ပေးနေတယ်။ ဒီအစိုးရလက်ထက်မှာ ရက်လွန်နေတဲ့ မိုင်းတွင်းတွေကိုလာပြီး ခိုးတူးတာမျိုး လုပ်လို့မရအောင် လုပ်ပေးနေတာတွေလည်းရှိတယ်"


အခြေခံဥပဒေမှာ ပြည်နယ်ဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးတစ်ဦးဟာ မိမိသဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်လိုတယ်ရင် သမ္မတထံတင်ပြပြီး နုတ်ထွက်ရမယ်လို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတက လုပ်ငန်းတာဝန်မကျေပွန်တဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ရာထူးကနေ နုတ်ထွက်ဖို့ ညွန်ကြားနိုင်ကြောင်းနဲ့ ညွန်ကြားချက်ကို မလိုက်နာရင် တာဝန်ကနေ ရပ်စဲခွင့်ရှိတယ်လို့ ပါရှိပါတယ်။

ဥပဒေနဲ့ ညီညွတ်မှုရှိ၊ မရှိဆိုတာထက် ဝန်ကြီးချုပ်က နုတ်ထွက်စာ တင်ခိုင်းလာမယ်ဆိုရင် နုတ်ထွက်စာ တင်လိုက်မယ်လို့ နာမည်ထွက်နေတဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်က ပြောပါတယ်။

"ဝန်ကြီးချုပ်က ရွေးချယ်ခန့်အပ်လိုက်တဲ့သူ ဖြစ်တဲ့အတွက် ပြည်နယ်ဝန်ကြီး ဖြစ်လိုက်တဲ့အတွက် သူ့ကိုကျေးဇူးတင်ပါတယ်။သူနဲ့တော့ ဘာမှပြဿနာမရှိဘူး။ ဘယ်နေ့ဘယ်ရက်ကစပြီး အနားယူလို့ရပါပြီဆိုရင်တော့ အိမ်ကြီးမဟာကနေ ပြောင်းပေးလိုက်မယ်။ ဘယ်သူပဲ ဘာပြောပြော ဝန်ကြီးချုပ် ပြောတာကို နားထောင်မယ်။ ထိုးဆိုထိုးပေးလိုက်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဘမှာ Background မရှိဘူး"


ကချင်ပြည်နယ် အစိုးရအဖွဲ့ကို ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် အပါအဝင် ဝန်ကြီး ၈ ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။