တစ်လအတွင်း မလေးရှားမှာ မြန်မာနိုင်ငံသား တစ်ထောင်နီးပါး ဖမ်းဆီးခံရ
၂၀၂၄ နှစ်ကုန်ပိုင်းမှာ ဖမ်းဆီးတာတွေ ပိုများလာပြီး နိုဝင်ဘာလဆန်းကနေ ဒီရက်ပိုင်းအထိ မြန်မာနိုင်ငံသား တစ်ထောင်နီးပါး ဖမ်းဆီးခံထားရတယ်လို့ ပြောပါတယ်။
-
စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2024-12-17 -
-
-
မလေးရှားနိုင်ငံကို တရားမဝင် ရောက်ရှိနေကြတဲ့ နိုင်ငံခြားသားတွေကို အာဏာပိုင်တွေက ဖမ်းဆီးနေတာကြောင့် မြန်မာနိုင်ငံသား ရာနဲ့ချီ နေ့စဉ် ဖမ်းဆီးခံနေရတယ်လို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
၂၀၂၃ ဒီဇင်ဘာလက စပြီး မလေးရှားအာဏာပိုင်တွေက တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို အော်ပရာစီ စစ်ဆင်ရေးအနေနဲ့ စတင်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ဖမ်းဆီးတာတွေ ပိုများလာပြီး နိုဝင်ဘာလဆန်းကနေ ဒီရက်ပိုင်းအထိ မြန်မာနိုင်ငံသား တစ်ထောင်နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
လက်ရှိ နေရာအနှံ့မှာ ဖမ်းဆီးနေတာဖြစ်ပြီး ထိုင်း-မလေးရှား နယ်စပ်လမ်းကြောင်းကနေတဆင့် တရားမဝင် ဝင်ရောက်ချိန် ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။ နယ်စပ်မှာ ဖမ်းမိတဲ့သူတွေအတွက် အကူအညီပေးဖို့ ခက်ခဲတယ်လို့ မြန်မာနိုင်ငံသားအရေး ကူညီပေးနေတဲ့ NLD OCI Malaysia အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အဖမ်းအဆီးက နေရာစုံမှာအဖမ်းအဆီးတွေ ဖြစ်တယ်။ မြန်မာလူမျိုးဆိုရင် ဒီဇင်ဘာထဲမှာကို အော်ပရာစီက ထောင်ဂဏန်းတစ်ခုလောက်ရှိပါတယ်။ နယ်စပ်မှာ ဖမ်းမိရင်က ကျွန်မတို့ ဘယ်လိုနည်းနဲ့မှမကူညီနိုင်ပါဘူး။ နယ်စပ်မှာဝင်ဝင်ချင်း ဖမ်းမိရင်က ဖြေရှင်းနိုင်မဲ့ နည်းလမ်းက မရှိပါဘူး။ UNHCR ကိုယ်တိုင်လည်း မကူညီပေးနိုင်ဘူးလို့ သူတို့ပြောထားတယ်ပေါ့နော်”
မလေးရှားမှာ အဖမ်းအဆီးတွေ များနေပေမဲ့ ပွဲစားတွေကို ဝန်ဆောင်ခ မလေးရှားရင်းဂစ် တစ်သောင်းခွဲနီးပါးအထိ ပေးပြီး တရားမဝင်နယ်စပ်လမ်းကြောင်းကနေ နေ့စဉ်လာရောက်သူတွေ ရှိနေဆဲပါ။
ဖမ်းဆီးခံရပြီးနောက် အာမခံရပေမယ့် တရားရုံးချိန်းတွေနှင့် အမှုကုန်ကျစရိတ်ကြီးမြင့်တာကြောင့် လုပ်ခလစာမလုံလောက်ဘဲ ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံသားတွေလည်း ရှိနေပါတယ်။
မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်မှာ နေထိုင်နေတဲ့ မဇာခြည်ဟာဆိုရင် စက်တင်ဘာလမှာ အာဏာပိုင်တွေ နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီးတာ ခံခဲ့ရပြီး ထိန်းသိမ်းရေးစခန်းမှာ တစ်လနီးပါးကြာအချုပ်ကျခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလက အာမခံနဲ့ ပြန်လည်လွတ်မြောက်လာပြီးနောက် အမှုရင်ဆိုင်နေရပြီး တရားရုံးကို တစ်လကို မလေးရှားရင်းဂစ် ၁၂၀၀ ပေးဆောင်နေရတယ်လို့ဆိုပါတယ်။
လစာမလုံလောက်တဲ့ကြားက တရားရုံးစရိတ်အတွက် မတတ်နိုင်သလို မြန်မာနိုင်ငံကိုလည်း စစ်မှုထမ်းစာရင်းထဲမှာပါနေတဲ့အတွက် ပြန်ဖို့မဖြစ်နိုင်သေးဘူးလို့ မဇာခြည်က ပြောပါတယ်။
“ပြန်ရင်လည်း အလုပ်မရှိတဲ့အပြင် စားဖို့နေနေသာသာ နေ့စားတောင်မှ မရဘူး။ စားစရာလည်းမရှိဘူးဆိုတော့…ဖြစ်နိုင်ရင် ညီမလေးတို့ နေတောင်မနေချင်တော့ဘူး။ မနေချင်တော့ဘူးဆိုရင်လည်း မြန်မာပြည်ပြန်လို့မရဘူး။ သမီးတို့ဘက်မှာ သမီးတို့က မိန်းမတွေ စစ်မှုထမ်းရမယ့် နာမည်စာရင်းထဲမှာပါနေတယ်”
မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းက လာရောက်ပြီး လူကုန်ကူးပွဲစားတွေရဲ့ တစ်ဆင့်လွှဲပြောင်းရောင်းချခံနေရတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အမှုတွေလည်း များပြားလာတယ်လို့ မြန်မာနိုင်ငံသားအရေး ကူညီပေးနေသူတွေက ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
မလေးရှားမှာ မြန်မာနိုင်ငံသား ခုနစ်ဆယ်နီးပါး ဖမ်းဆီးခံရ
မလေးရှားမှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံသား ၁၇၀ ခန့် ဖမ်းဆီးခံရ
ဖမ်းဆီးမှုတွေ နေ့စဉ်ရှိနေလို့ မလေးရှားကို တရားမဝင် မလာကြဖို့ ကူညီရေးအဖွဲ့တွေ သတိပေး
ဒါကြောင့် ပွဲစားတွေရဲ့ အလုပ်ရှာပေးမယ်ဆိုတဲ့ စကားတွေကို မယုံကြည်ကြဖို့ကို အလုပ်သမားရေး ကူညီပေးနေတဲ့ Myanmar Labour Affairs and Refugee Organization ဥက္ကဋ္ဌ ကိုမင်းထိုက်က RFA ကို ပြောပါတယ်။
“အဓိကက သူတို့ရဲ့သားကောင် သူတို့ရဲ့ပစ်မှတ်က ဘယ်လိုလဲဆိုတော့ လမ်းစရိတ်မရှိတဲ့သူပေါ့နော်။ သူတို့က လမ်းစရိတ်စိုက်ပေးမယ်။ အမှန်တကယ်တော့သူတို့ လမ်းစရိတ်ဘာမှမစိုက်ရဘူးလေ။ သူတို့က ဘယ်လိုလိမ်သလဲဆိုရင် အသက် ၁၈ နှစ်အထက်နဲ့ ၄၅ အောက် အဲလိုမျိုး အမျိုးသမီးတွေကို ပစ်မှတ်ထားပြီးတော့ ဒီကိုရောက်ရင် ရိုးရိုးစားသောက်ဆိုင်မှာ လုပ်ရမယ် ရိုးရိုးအလုပ်ရုံမှာလုပ်ရမယ် လစာကို မက်လုံးပေးပြီးတော့ ဒီရောက်လို့ရှိရင် ထိန်းသိမ်းထားပြီးတော့ ပိတ်လှောင်ထားတယ်”
အဲဒီနောက် ပွဲစားတွေကတစ်ဆင့် ကာရာအိုကေနဲ့ တရားမဝင်အနှိပ်ခန်းတွေမှာ လုပ်ကိုင်ဖို့ လွှဲပြောင်းရောင်းချခံနေရပြီး ခေါင်းပုံဖြတ်ခိုင်းစေခံနေရတယ်လို့လည်း ဆိုပါတယ်။
လက်ရှိအချိန်မှာ တရားမဝင်နေထိုင်မှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီနေသူတွေရှိနေပေမဲ့ အလုပ်လုပ်ခွင့်ပါအဝင် တခြားအခက်အခဲတွေ ရှိနေသေးတဲ့အတွက် အကူအညီတွေလိုအပ်နေဆဲဖြစ်ပါတယ်။
မလေးရှားမှာ မြန်မာနိုင်ငံသားတွေ တရားမဝင် ရွှေ့ပြောင်းနေထိုင်တာ များလာပြီး မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ မြန်မာနိုင်ငံသား ၁၈၀၀၀၀ နီးပါးရှိတယ်လို့ မလေးရှားနိုင်ငံက UNHCR ရုံးရဲ့ ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ စာရင်းတွေအရ သိရပါတယ်။