မလေးရှားကို တရားမဝင်သွားတဲ့ မြန်မာတွေ အခက်အခဲကြုံနေ
2024.06.24

အာဏာမသိမ်းခင်က စားသောက်ဆိုင်တွေနဲ့ ဘားတွေမှာ ဝါသနာအရ သီချင်းသီဆိုတီးခတ်ဖျော်ဖြေတဲ့ ကိုစည်သူသန်းလှိုင်တစ်ယောက် အာဏာသိမ်းတာကို လက်မခံကြောင်း ဆန္ဒပြပွဲတွေမှာ လှုပ်ရှားပါဝင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ သူနေထိုင်ရာ နေအိမ်ကို စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထောက်ပို့လုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်ရောက်ရှာဖွေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သုံးကြိမ်တိုင်တိုင် သူ့အိမ်ကို ရှာဖွေခံခဲ့ရအပြီး လုံခြုံရေးကြောင့် ၂၀၂၂ ခုနှစ် ဧပြီလမှာ ရန်ကုန်ကို စွန့်ခွာပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို သွားခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာဆိုရင် ကျွန်တော်တို့လူငယ်တွေအတွက်တော့ အနာဂတ်ဆိုတာ မရှိဘူး။ပျောက်နေတယ်ပေါ့နော်"
ထိုင်းနိုင်ငံမှာ တစ်နှစ်ကျော်ကြာနေထိုင်ပြီး ထိုင်းရဲတွေရဲ့ ဖမ်းဆီးစစ်ဆေးခံရတာနဲ့အတူ အလုပ်လုပ်ခွင့်မရတာကြောင့် တစ်ချိန်က ဆယ်စုနှစ်ကြာနေထိုင်ခဲ့တဲ့ မလေးရှားကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လူမှောင်ခိုပွဲစားတွေကို မြန်မာငွေ သိန်းငါးဆယ်ကျော်ပေးပြီး ထိုင်းနဲ့မလေးရှားနယ်စပ် တရားမဝင်လမ်းကနေ သူ့လိုပဲ မလေးရှားကိုသွားမဲ့ မြန်မာလူငယ်တွေနဲ့အတူ သွားခဲ့ပါတယ်။
“အုပ်စုလိုက်ကြီး ဆီအုန်းတောတွေထဲကနေ ဖြတ်ရတာ။ ဘာမှလဲ သယ်လို့မရတော့ဘူး။ ကျောပိုးအိတ်လေးတစ်လုံးနဲ့ အဲဒီအထဲမှာပါတဲ့ အဝတ်အစားနှစ်စုံလောက်နဲ့ ဒီကိုရောက်လာတာပေါ့နော်။ အဖမ်းခံရမှာကြောက်တာပေါ့။ အဲဒီစိုးရိမ်စိတ်ကြီးနဲ့ လမ်းကြောင်းတွေမှာက လွယ်လွယ်ကူကူသွားလို့ရတာမဟုတ်ဘူး။ ကားတွေက အတင်း လူတွေက ကျပ်ပိတ်သိပ်ပြီး ဟိုရိုက်ဒီရိုက် ထိုးထည့် ကန်ကျောက်ဘာညာလုပ်ပြီး ရေတွေလည်းမပေး မစားရဘူးဗျာ။ ငါးနာရီ ခြောက်နာရီလောက်ကြီးကို အဲဒီလိုမျိုးကြီးတွေ ဖြတ်ရတာပေါ့“
တရားမဝင် ဝင်ရောက်လာသူတွေများလာတာနဲ့အမျှ မလေးရှားလူဝင်မှုကြီးကြပ်ရေးရဲ့ အော်ပရာစီလို့ခေါ်တဲ့ ဖမ်းဆီးမှုတွေကို နေ့စဉ်ခံနေရပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလကစပြီး အော်ပရာစီစစ်ဆင်ရေးအဖြစ် တရားမဝင်နေထိုင်သူတွေကို မလေးရှားအာဏာပိုင်တွေက နေ့စဉ်စစ်ဆေးဖမ်းဆီးနေတာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကလည်း ချင်းဒုက္ခသည် စာသင်ကျောင်းနှစ်ကျောင်းကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ အထောက်အထားမရှိတဲ့ ဆရာ၊ ဆရာမ ငါးဦး ဖမ်းဆီးခံခဲ့ရပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) တက်ကြွလူငယ်တစ်ယောက်အနေနဲ့ ဆန္ဒပြလှုပ်ရှားမှုကြောင့် ဖမ်းဆီးမယ်လို့သတင်းရပြီး မလေးရှားကို ထွက်ခွာလာရသူကတော့ လုံခြုံရေးအရ အမည်လွှဲထားတဲ့ မဝါဝါပါ။
ဧရာဝတီတိုင်းကနေ ရန်ကုန်မြို့ကို လာရောက်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ မဝါဝါဟာ နေအိမ်ပြန်ခွင့်မရတော့ဘူးဆိုတဲ့သတင်းကြောင့် မိတ်ဆွေသူငယ်ချင်းတွေရှိရာ ထိုင်းနိုင်ငံကတဆင့် မလေးရှားကို တရားမဝင်သွားရောက်ခဲ့ပါတယ်။
မဝါဝါဟာ ထိုင်းနယ်စပ်ဂိတ်တွေကတစ်ဆင့် မလေးရှားနယ်စပ် လမ်းကြောင်းတွေကနေ ကျပ်ငွေသိန်းခုနစ်ဆယ်ခန့် ကုန်ကျပြီး တရားမဝင် သွားရောက်ခဲ့ရပါတယ်။
လူမှောင်ခိုပွဲစားတွေက အမျိုးသမီးတွေကို တစ်ဆင့် ပြန်ရောင်းချနိုင်တယ်ဆိုတဲ့သတင်းကြားကပဲ သူအရဲစွန့် ထွက်ခွာလာခဲ့ရတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးမကောင်းတဲ့ မဝါဝါတစ်ယောက် မလေးရှားမှာ အလုပ်ရဖို့ ခက်ခဲနေတဲ့အပြင် စိုးရိမ်ပူပန်မှုတွေနဲ့နေ့စဉ်ဖြတ်သန်းနေထိုင်နေရတယ်လို့ ပြောပါတယ်။
“မလုံခြုံဘဲနဲ့ အမြဲတမ်းစိုးရိမ်ထိတ်လန့်နေတယ်။ အခုဆိုလည်း နေမကောင်းဘူး။ နေမကောင်းဘူးဆိုလည်း ဆေးခန်းကို သွားဖို့ကို စိုးရိမ်နေပြီးတော့မှ သွားမပြရတာမျိုး အဲလိုမျိုးရှိတယ်။ ဆေးလေးပဲသောက်နေရတာမျိုးဖြစ်တယ်။ ဘယ်မှာ အော်ပရာစီဖမ်းတယ်ဆိုရင်လည်း စိုးရိမ်ပြီးတော့မှ သောကတွေ။ မြန်မာပြည်မှာလည်း တစ်မျိုးစိုးရိမ်ရတယ်။ ဒီကိုရောက်လာပြန်တော့လည်း ဒီမှာလည်း အဲဒီလိုမျိုး အခက်အခဲ အကျပ်အတည်းတွေရှိတယ်”
ထိုင်းနယ်စပ်ကတစ်ဆင့် ကားနဲ့တစ်မျိုး လှေနဲ့တစ်သွယ် နယ်စပ်ကနေ ကူးပြီး မလေးရှားပီနန်မှာ အလုပ်လုပ်နေသူက ကိုမိုက်ကယ်ပါ။ စစ်အာဏာသိမ်းပြီးနောက် ပြိုလဲသွားတဲ့သူ့အိပ်မက်တွေကိုထားခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းမရှိမှုနဲ့အတူ မရေရာတဲ့ အနာဂတ်တွေကြောင့် ဝေးရပ်မြေမှာ သူ့ဘဝသစ်တစ်ခုစဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကိုမိုက်ကယ်က ဆိုပါတယ်။
မိဝေး ဖဝေးနဲ့ သူလို့ပဲ ရောက်လာခဲ့တဲ့ လူငယ်တွေဟာ စားသောက်ဆိုင်တစ်ခုမှာ လုပ်ရင်း နေစရာ အခန်းကျဉ်းလေးမှာ ပျော်မွေ့နေရတယ်လို့ ဆိုပါတယ်။
လုပ်ခလစာ မလေးရှားရင်းဂစ် ၁၈၀၀ ခန့် ရပြီး နေစရာနဲ့ စားသောက်စရိတ်အပြီးအစီးဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်းဟာ ပင်ပန်းသလို ကျောတစ်နေရာစာနဲ့ အလုပ်တည်မြဲဖို့အတွက် စိုးရိမ်နေရတဲ့အနေအထားနဲ့ နေထိုင်နေရတယ်လို့ မိုက်ကယ်က ပြောပါတယ်။
“မြန်မာနိုင်ငံမှာဆိုရင် ကျွန်တော်တို့လူငယ်တွေအတွက်တော့ အနာဂတ်ဆိုတာ မရှိဘူး။ပျောက်နေတယ်ပေါ့နော်။ နိုင်ငံခြားမှာနေရင် လစာလည်း အထိုက်အသင့်ရတယ်ပေါ့နော်။ ဒါပေမယ့် နိုင်ငံခြားမှာနေတော့လည်း နိုင်ငံခြားမှာ အဆင်အပြေကြီးလည်း မဟုတ်ဘူးဗျ။ စိန်ခေါ်မှုတွေအများကြီးရှိတယ်။ ကျွန်တော်တို့လိုမျိုး အိုဗာစတေးနေတယ် အစစအရာရာ သုံးသပ်ရတာပေါ့။ ဘယ်အချိန်မှာ ဘာဖြစ်မလဲ။ တကယ်လို့ အလုပ်မရှိဘူးဆိုရင် ဘယ်လိုရပ်တည်မလဲ စိုးရိမ်စိတ်တွေနဲ့ အဲဒါတွေကတော့ အများကြီးရှိတယ်”
နိုင်ငံရဲ့စီးပွားရေးကျဆင်းမှု၊ မလုံခြုံမှု၊ ပြည်တွင်းစစ်ဘေးနဲ့အတူ ပြည်သူ့စစ်မှုထမ်း ဥပဒေကိုပြဋ္ဌာန်းပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံကနေ နေ့စဉ်လိုလို ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ပြင်ဆင်နေကြပါတယ်။
အနာဂတ်မဲ့နေတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံရပ်ခြားကိုထွက်လာခဲ့တဲ့သူတွေဟာလည်း တရားမဝင်နေထိုင်နေရပြီး အဖမ်းအဆီးတွေကြားမှာ စိုးရိမ်မှုတွေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။
တရားဝင်အလုပ်လုပ်ခွင့်မရသလို လုပ်ခလစာနှိမ်တာတွေရှိနေတဲ့ကြားက ပြည်ပနိုင်ငံတွေမှာရပ်တည်ဖို့ ကြိုးစားနေရတာလို့ ကိုစည်သူသန်းလှိုင်က ပြောပါတယ်။
“အဖမ်းအဆီးတွေ တအားများတဲ့အခါမျိုးကျတော့ သူဌေးတွေကလည်း သူတို့ကို ဘာမှမရှိတဲ့ အခုလို အောက်လမ်းကလာတဲ့သူတွေပေါ့နော် ဘာမှမရှိတဲ့သူတွေကို အလုပ်ခန့်ဖို့ကလည်း သူတို့က မရဲကြဘူး။ မရဲတဲ့အခါကျတော့ လူငယ်တွေက ဘာဖြစ်နေလဲဆိုတော့ ဒီမှာလာပြီးတော့ ဒုက္ခထပ်ရောက်နေတာပေါ့နော်။ အလုပ်လက်မဲ့တွေများနေတယ်။ တရားမဝင်နေတဲ့သူတွေအတွက်ကျတော့ အခုအချိန်မှာအဖမ်းအဆီးကလည်း တအားများတော့လေ ဒီမှာလည်း မလုံခြုံဘူးဗျာ။ အလုပ်ထဲမှာ လုပ်နေရပေမဲ့ အလုပ်ကို စိတ်ဖြောင့်ဖြောင့်မလုပ်နိုင်ဘူး”
မလေးရှားကိုရောက်လာခဲ့ပေမယ့် ပွဲစားတွေရဲ့ လိမ်လည်မှုကြောင့် အလုပ်မရဘဲ ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားတွေရှိနေပါတယ်။
မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်သူတွေကို လူဝင်မှုကြီးကြပ်ရေးက စစ်ဆေးဖမ်းဆီးနေတာမှာ RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကနေ မေလကုန်ထိ မလေးရှားနိုင်ငံ ပြည်နယ်နေရာတော်တော်များများမှာ မြန်မာနိုင်ငံသား တစ်ထောင်ကျော် ဖမ်းဆီးခံထားရပါတယ်။