ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် သတင်းစာရှင်းလင်းပွဲ


2014.12.19

ကွန်လွန်သွားပြီဖြစ်တဲ့ တောင်အာဖရိက သမ္မတဟောင်း နယ်လဆင်မန်ဒဲလား ဦးဆောင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက သမ္မတဟောင်းတွေ၊ ဝန်ကြီးချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ The Elders လို့ခေါ်တဲ့ ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ဟာ မနေ့ညက သူတို့ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။

The Elders လို့ခေါ်တဲ့ ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့ကို နိုင်ငံခေါင်းဆောင်ဟောင်းတွေ၊ နိုဘယ်လ်ဆုရှင်တွေနဲ့ ၂၀၀၇ ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်မှာ အဖွဲ့ရဲ့လက်ရှိ ဒုတိယ ဥက္ကဋ္ဌ နော်ဝေး၀န်ကြီးချုပ်ဟောင်း ဂရိုဟာလမ် ဘရန့်တ်လန်း၊ ကမ္ဘာ့ကုလသမဂ္ဂ-အာရပ်အဖွဲ့ချုပ် ဆီးရီးယားနိုင်ငံ အထူးကိုယ်စားလှယ်ဟောင်း လက်ခ်ဒါဘရာဟီမီနဲ့ ပါကစ္စတန်နိုင်ငံက လူ့အခွင့်အရေး ကာကွယ်သူ ဟီနာဂျီလာနီ တို့ကဦးဆောင်ခဲ့ကြတာပါ။

The Elders အဖွဲ့ရဲ့ခေါင်းဆောင်တွေဟာ နိုင်ငံတော်သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး တို့အပြင် အရပ်ဖက်လူမှု့ အဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကိုမလာခင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး မနေ့က ကျင်းပခဲ့တဲ့ The Elders အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲကို လက်ရှိ ဒုတိယ ဥက္ကဋ္ဌ နော်ဝေး၀န်ကြီး ချုပ်ဟောင်း ဂရိုဟာလမ် ဘရန့်တ်လန်းက အဓိက ရှင်းပြခဲ့တာပါ။ သူအဓိကထားပြောသွားတာက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကြောင်းဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတိုးတက်မှုတွေရှိနေတယ်လို့  နိုင်ငံတော်သမ္မတဦးသိန်းစိန် ကပြောဆိုကြောင်း The Elders အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဂရိုဟာလမ် ဘရန့်တ်လန်း ကပြောပါတယ်။

“ကျွန်မတို့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေနဲ့ပတ်သက်ပြီး အကူအညီ ပေးဖို့ နိုင်ငံရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ဒါ့အပြင်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ လည်းတွေ့ဆုံခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေဟာ တိုးတက် မှုရှိပြီးရှေ့ကိုသွားနေ တယ်လို့ ကျွန်မတို့ကိုရှင်းပြခဲ့ပါတယ်လို့ ဒုတိယ ဥက္ကဋ္ဌ ဂရိုဟာလမ် ဘရန့်တ်လန်း ကပြောပါတယ်။”

ဒါ့အပြင်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်း ပေါ်ပေါက်လာမယ့် မြန်မာတပ်မတော် ပုံစံအသစ် နဲ့ပတ်သက်ပြီးတော့လည်း The Elders အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဂရိုဟာလမ် ဘရန့်တ်လန်း က ရှင်းပြခဲ့ပါတယ်။

“လာမယ့် ၂၀၁၅မှာကျင်းပမယ့် လွှတ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက် ပွဲပြီးနောက်ပိုင်းပေါ်ပေါက်လာမယ့် ဒီမိုကရေစီလူမှု့အဖွဲ့အစည်းရဲ့ အနာဂတ် မြန်မာ့တပ်မတော်ပုံစံသစ်နဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် အစိုးရတပ်မတော်နဲ့ပါ ကျွန်မတို့ဆွေးနွေးဖြစ်ပါတယ်။ တပ်မတော်ဟာ ဘယ်လိုပုံစံမျိုး ဖြစ်သင့်ပါသလဲ။ ကျွန်မတို့ကပြောခဲ့ပါတယ် ကမ္ဘာ့နိုင်ငံတိုင်းလိုလိုမှာ နိုင်ငံကိုကာကွယ် စောင့်ရှောက်ဖို့ တပ်မတော်ဟာ တစ်ခုတည်းရှိနေရမှာဖြစ်ပါတယ်။ နေရာအနှံမှာ ပုံစံအမျိုးမျိုးနဲ့ကွဲပြားနေလို့မရပါဘူး။ ဒါ့ဟာကျွန်မတို့ရဲ့ တွေ့အကြုံ အရ ပြောပြ တာဖြစ်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအရ တပ်မတော်ဟာ လည်း တိုင်းပြည်အပြောင်းအလဲမှာ တဆက်တစပ်တည်း ပါဝင်ပြီး  တိုင်းရင်းသား အဖွဲ့တွေအားလုံးပါဝင်တဲ့ တပ်မတော်ပုံစံမျိုးကို ကောင်းမွန်တဲ့နည်းလမ်းနဲ့ ပြောင်းလဲဖွဲ့စည်းရမှာဖြစ်ပါတယ်။  ဒါမှာသာ နိုင်ငံသား အားလုံးကို လွမ်းခြုံနိုင်တဲ့ တပ်မတော်ဖြစ်လာမှာဖြစ်တယ်လို့ The Elders အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဂရိုဟာလမ် ဘရန့်တ်လန်း ကပြောခဲ့တာဖြစ်ပါတယ်။”

လာမယ့်ရွေးကောက်ပွဲတွေမှာ ပြည်ပက ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့် လေ့လာရေးအဖွဲ့တွေကို ဝင်ရောက်ခွင့် ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ဆွေးနွေးခဲ့တယ်လို့လည်း The Elders အဖွဲ့က ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ၆ ပွင့်ဆိုင်၊ ၁၂ ပွင့်ဆိုင်၊ စသည်ဖြင့် အမျိုးမျိုးကွဲပြားနေတာတွေနဲ့ ပတ်သက်ပြီး သတင်းထောက် တစ်ဦးမေးမြန်းခဲ့တာကို The Elders အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဂရိုဟာလမ် ဘရန့်တ်လန်း ကအခုလို ဖြေကြားခဲ့ပါတယ်။

"ကျွန်မရှင်းရှင်းလင်းလင်းပြောချင်တဲ့ပထမအချက်က ကွဲပြားနေတဲ့ နေရာပုံစံတွေနဲ့ အမျိုးမျိုးသော အကြံပြုချက်တွေဘယ်လိုပဲရှိပါစေ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ကိုဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာဖြစ်ပါတယ်။ ၆ ပွင့်၊ ၁၂ ပွင့်၊ ၁၄ ပွင့် စသည်ဖြင့်ဘယ်လို စိတ်ကူးတွေပဲရှိနေပါစေ တွေ့ဆုံဆွေးနွေးရေး အစပြုဖို့ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ၆ ပွင့်ဆိုင်တွေ့ဆုံဖို့ဆိုတာ ဖြစ်ကောင်းဖြစ်နိုင် ပါတယ် ဘယ်လိုပဲဖြစ်ပါစေ ကျွန်မအထူးအလေးထားပြောချင်တာက တွေ့ဆုံပြီး ဆွေးနွေးပြီး စတင်စကားပြောဖို့ကသာ အရေးကြီးပါတယ်လို့ ဂရိုဟာလမ် ဘရန့်တ်လန်း ကပြောခဲ့တာဖြစ်ပါတယ်။”

ဒါ့အပြင် ကမ္ဘာ့ရပ်မိရပ်ဖ The Elders အဖွဲ့ရဲ့ တတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ နိုင်ငံရဲ့အဓိကခေါင်းဆောင်တွေ၊ အရပ်ဖက်လူမှု့အဖွဲ့ အစည်းတွေ၊ အမျိုးသမီးအဖွဲ့တွေ အားလုံးနဲ့စုံစုံလင်လင် တွေ့ဆုံခဲ့ရတဲ့အတွက် မြန်မာနိုင်ငံအကြောင်းကို ပိုမိုသိရှိခဲ့သလို မြန်မာ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနဲ့ ပတ်သက်ပြီးတော့လည်း The Elders အဖွဲ့က အမြဲကူညီနေမှာဖြစ်တယ်လို့ မနေ့က သတင်းစာရှင်းလင်း ပွဲမှာ ပြောခဲ့ပါတယ်ခင်ဗျာ။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။