မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ကမ္ဘာက ထောက်ခံရမည်
2018.09.26
ဆောင်းပါးအစမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တားရို ကိုးနိုက ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ မွတ်စလင် ၇ သိန်းကျော် ခိုလှုံရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေကို မနှစ်က နိုဝင်္ဘာလမှာ သူ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ နောက်တခါ ဇန်နဝါရီလမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက် လေ့လာခဲ့ကြောင်း၊ အဲဒီ ခရီးစဉ် နှစ်ခုကရရှိခဲ့တဲ့ တွေ့ကြုံခံစားရချက်တွေဟာ အင်မတန်ကြီးမား ပြင်းထန်လှတဲ့အတွက် ရခိုင်ပြည်နယ်ပြဿနာကို အရေးကြီးဆုံးဖြေရှင်းရမယ့် ကိစ္စတခုအဖြစ် ဂျပန်နိုင်ငံခြားရေးမူဝါဒမှာ သတ်မှတ်ထည့်သွင်းခဲ့ကြောင်း၊ ပြီးခဲ့တဲ့ သြဂုတ်လမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်တွေကို ထပ်မံသွားရောက်ကာ သက်ဆိုင်ရာခေါင်းဆောင်တွေနဲ့ တွေ့ဆုံအဖြေရှာခဲ့ကြောင်း နဲ့ လက်ရှိပြဿနာကို ဖြေရှင်းရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ဦးဆောင်ရမှာဖြစ်ပြီး ဒုက္ခသည်တွေ လုံခြုံစွာ ဂုဏ်သိက္ခာရှိစွာနဲ့ သူတို့ဆန္ဒတွေအလျှောက် ပြန်လည်အခြေချရေးအတွက် မိမိတို့ ကမ္ဘာ့နိုင်ငံတွေက ယုံကြည်စွာ ပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ရေးသားထားပါတယ်။
ဆက်လက်ပြီး လက်ရှိမှာ အရေးအကြီးဆုံးက ကော့ဇ်ဘဇားဒေသမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေ တိုးတက်ဖို့ဖြစ်ပါတယ်။ အခုအချိန်ထိ ကမ္ဘာ့နိုင်ငံတွေ ကတိပေးထားတဲ့ငွေဟာ လိုအပ်ငွေ ငွေပမာဏရဲ့ ၃၈% ပဲရှိပါသေးတယ်လို့ ဖေါ်ပြထားပြီး မဖြစ်မနေ ဆက်လက်ဖြည့်ဆည်းရမယ့်အချက်ကတော့ ဒုက္ခသည်တွေ အမြန်ဆုံးနေရပ်ပြန် အခြေချရေးဖြစ်ပါတယ်လို့ ဝန်ကြီး ကိုးနိုက ပြောပါတယ်။ ဒါ့အပြင် သူက အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီရဲ့ ရေးသားချက်တခုကို အခုလိုကိုးကားခဲ့ပါတယ်။
“စစ်မှန်တဲ့ဒီမိုကရေစီစနစ်မှာ ပြည်သူတွေကို ယုံကြည်ပါတယ်။ ကြိုက်နှစ်သက်သူ သိပ်မများတဲ့ လမ်းကြောင်းတွေအပေါ် အမှန်တရား လက်ကိုင်ထားပြီး ခိုင်ခိုင်မာမာနဲ့ ဆောင်ရွက်နေသူတွေကို အပြစ်မတင်တဲ့အပြင် အားပေးလေးစား အသိအမှတ်ပြုပါတယ်။”
အခု ဒီကိစ္စမှာဆိုရင်လည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမ စံနမူနာထားတဲ့ အခြေခံသဘောတရား ယုံကြည်ချက်တွေနဲ့ သူမကိုထောက်ခံသူတွေအကြား ချိန်ခွင်လျှာညီမျှဖို့ တကယ်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ဖြေရှင်းနေရပါတယ်လို့ ဝန်ကြီး ကိုးနိုက ပြောပါတယ်။
တပြိုင်နက်မှာ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ် ပြဿနာကို ကြိုးစားဖြေရှင်းနေတာ မှန်ပေမယ့်လည်း ခုထက်ပိုပြီး လုပ်ဆောင်ဖို့တော့ လိုအပ်ပါတယ်။ ပြန်လည်လက်ခံရေးစခန်းတွေ တည်ဆောက်နေချိန်မှာ တဖက်ကလည်း ဒုက္ခသည်တွေ နိုင်ငံသားဖြစ်ဖို့အတွက် လိုအပ်တဲ့ စိစစ်ရေးလုပ်ငန်းစဉ်တွေကို တိတိကျကျ ဖေါ်ထုတ်ပြောဆိုရမှာဖြစ်ပြီး လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်တွေအတွက်လည်း ကတိပေးဖို့လိုပါတယ်။
အခုဆိုရင် မြန်မာအစိုးရဟာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ လက်မှတ်ထိုးပြီး ကုလသမဂ္ဂ ဝန်ထမ်းတွေကို နေထိုင်လုပ်ကိုင်ခွင့်တွေ ပေးထားပြီးပါပြီ။ အဲဒီအဖွဲ့တွေဟာ လေ့လာစိစစ်မှုတွေပြီးတာနဲ့ လိုအပ်ချက်တွေကို စတင် အကောင်အထည်ဖေါ်ကြတော့မှာပါ။ ဒါ့အပြင် ကိုဖီအာနန် အကြံပေးချက်မှာ ပါဝင်တဲ့အတိုင်း ပဋိပက္ခရဲ့ ဇစ်မြစ်ကို ရှာဖွေဖေါ်ထုတ်သင့်ပါတယ်။
ဆက်လက်ပြီး မြန်မာအစိုးရဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာတွေကို ဖေါ်ထုတ်ဖို့အတွက် လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တခုကို နိုင်ငံတကာနဲ့ မြန်မာကျွမ်းကျင်သူတွေ ပေါင်းစပ်ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်။ အဲဒီ ကော်မရှင်အနေနဲ့ တာဝန်ခံမှုရှိစွာဆောင်ရွက်ဖို့ မြန်မာနိုင်ငံက ကမကထပြုရမှာဖြစ်သလို လုပ်ငန်းတွေကို နိုင်ငံတကာက ယုံကြည်အောင် ခိုင်မာစွာ စုံစမ်းစစ်ဆေးပြသဖို့လိုပါတယ်။ အဲဒီကိစ္စ အောင်မြင်ရေးအတွက်ကတော့ မြန်မာ့တပ်မတော်ရဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ မုချလိုအပ်ပါတယ်လို့ ဝန်ကြီး ကိုးနို ကပြောပါတယ်။
ဆောင်းပါးနိဂုံးမှာတော့ အခုအချိန်ဟာ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာတွေနဲ့ စပ်လျဉ်းပြီး မြန်မာအစိုးရကို ဝေဖန်ပြစ်တင်နေရမယ့် အချိန်မဟုတ်ဘဲ ဒုက္ခသည်တွေ အမြန်ဆုံး နေရပ်ပြန် အခြေချနိုင်ရေးအတွက် ဝိုင်းဝန်းကူညီရမယ့်ကာလဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အဝရှိလာတာနဲ့အမျှ ရခိုင်ပြည်နယ်လည်း တည်ငြိမ်အေးချမ်းလာမှာ ဧကန်အမှန်ပါပဲ။ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် တဖြည်းဖြည်း ရှေးရှုကူးပြောင်းနေတာကို ထိခိုက်အောင် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ကဖျက်ယဖျက် မလုပ်သင့်ပါဘူးလို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တားရို ကိုးနို က ရေးသားပြောဆိုလိုက်ပါတယ်။