တနင်္သာရီမြစ် ရေအားလျှပ်စစ်စီမံကိန်းကြောင့် လူနေမှုဘဝတွေ ထိခိုက်နိုင်
2019.08.14

တနင်္သာရီမြစ်ပေါ်မှာ တည်ဆောက်ဖို့ လျာထားတဲ့ ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကြောင့် မြန်မာနိုင်ငံမှာ သိသိသာသာ အကျိုးကျေးဇူးတွေ ရလာလိမ့်မယ်လို့ မြန်မာအစိုးရက ပြောထားပေမယ့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ သုံးဖွဲ့ရဲ့ လတ်တလောပြုစုထားတဲ့ သုတေသနအစီရင်ခံစာရဲ့ရလဒ်ကတော့ အစိုးရပြောတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ဖယောင်းတိုင်အလင်း၊ တောင်ပိုင်းလူငယ်များနဲ့ တာကပေါလူငယ်အဖွဲ့တို့ စုပေါင်းပြုစုတဲ့ “အသက်သွေးကြောကို ပိတ်ပင်ခြင်း” အစီရင်ခံစာမှာတော့ တနင်္သာရီမြစ်ပေါ်မှာ တည်ဆောက်ဖို့ လျာထားတဲ့ ဆည်စီမံကိန်းတွေကြောင့် မြေဧရိယာဧက တစ်သိန်းခွဲလောက် ရေအောက်ရောက်သွားနိုင်ပြီး မြစ်ညာဘက် ကျေးရွာ ၃၂ ရွာက လူဦးရေ ၇ဝဝဝ အထိ ရွှေ့ပြောင်းပေးရနိုင်တယ်လို့ ဆိုပါတယ်။ မြစ်အောက်ပိုင်း ၄၂ ရွာ ကလူဦးရေ ၂၂ဝဝဝ ကျော်ရဲ့ အသက်မွေးမှု၊ သောက်သုံးရေနဲ့ သယ်ယူပို့ဆောင်ရေးတို့အပေါ်မှာလည်း အကြီးအကျယ်ထိခိုက်သွားစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်ဒါရိုက်တာ Phil Robertson က မြန်မာအစိုးရကို ပြန်လည် စဉ်းစားသုံးသပ်စေချင်တယ်လို့ ပြောပါတယ်။
“မြန်မာအစိုးရဟာ ဒီဆည်စီမံကိန်းတွေကြောင့် ဒေသခံတွေ ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်သလဲဆိုတဲ့ အခြေအနေမှန်ကို ပြောဆိုရှင်းပြတာမျိုးမလုပ်ဘဲနဲ့ ဒီဆည်စီမံကိန်းတွေကို ဆောင်ရွက်နေတာပါ။ အဲဒီဒေသက လူတွေအတွက် အကျိုးအမြတ်ရှိမယ်ဆိုတာ ဘာအာမခံချက်မှာမရှိပေမယ့် သူတို့ ရေအောက်ရောက်သွား နိုင်ပါတယ်။ ဆည်စီမံကိန်းတွေကြောင့် လူတွေဒုက္ခရောက်ရပြီဆိုရင် ဒါဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတာ ပါပဲ။ ဒီတော့ မြန်မာအစိုးရအနေနဲ့ ဆည်ဆောက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ အသေအချာတွေ့ဆုံ ဆွေးနွေးပြီး သူတို့သဘောထားကို ရယူဖို့လိုပါတယ်။ စီမံကိန်းဟာ ဒေသခံတွေရဲ့လူ့အခွင့်အရေးကို ချိုးဖောက်တယ်ဆိုတာမျိုး ပုံပေါ်လာပြီဆိုရင်တော့ အစိုးရအနေနဲ့ ဒီစီမံကိန်းဆက်သွားမသွားဆိုတာ ပြန်စဉ်းစားဖို့ လိုလာပါပြီ”
ဒီကနေ့အထိ တနင်္သာရီမြစ် ရေကာတာစီမံကိန်းအတွက် အစိုးရနဲ့ ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာ (MoU) စုစုပေါင်း ၁၈ ခုအထိ ရှိနေပြီး အဲဒီစီမံကိန်းအဆိုပြုချက်တွေနဲ့ ပတ်သက်လို့ ဒေသခံရပ်ရွာလူထုကို သက်ဆိုင်ရာအာဏာပိုင်တွေက တစ်ကြိမ်တစ်ခါမှ အသိပေးရှင်းလင်းတာ မရှိဘူးလို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ တနင်္သာရီမြစ်ဟာ ရှည်လျားလှတဲ့မြစ် မဟုတ်တာကြောင့် ဒီလောက်စီမံကိန်းတွေလုပ်ဖို့ဆိုတာ များလွန်းတယ်လို့ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းရဲ့အတွင်းရေးမှူးဦးသန်းထွန်းက ပြောပါတယ်။
“အဲဒီမြစ်အရှည်လောက်မှာ အဲဒီလောက် အရေအတွက်ကြီးဆောက်မယ်ဆိုတာတော့ ဘူမိရုပ်သွင်ခေါ်တာ ပေါ့နော်။ အဲဒီအရ အရမ်းများလွန်းတယ်။ သုတေသနတွေ ကြီးကြီးကျယ်ကျယ်လုပ်ထားပြီးမှလုပ်တာ၊ ပြီးတော့ ဒေသခံတွေရဲ့ခွင့်ပြုချက်နဲ့မှလုပ်တာ ပိုပြီးကောင်းတယ်ခင်ဗျ။ အဲဒီလိုမဟုတ်ဘဲနဲ့ လောလောကြီးနဲ့ ထုတ်လုပ်မယ်ဆိုရင်တော့ ဆည်တွေဘာတွေကျိုးတဲ့အခါမှာ ဒေသခံတွေ မျောပါသွားတာတွေ ဘာတွေပေါ့။ အဲဒီအန္တရာယ်တွေက ပြောလို့မရဘူး”
NLD ပါတီရဲ့ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်ကတော့ MoU တွေထိုးထားတာမှန်ပေမယ့် ပညာရှင်တွေနဲ့တိုင်ပင်ပြီး သင့်တော်သလို ဆက်လုပ်သွားမယ်လို့ RFA ရဲ့မေးမြန်းမှုကို တုန့်ပြန်ခဲ့ပါတယ်။
“ဆည်နဲ့ပတ်သက်ရင် စီးပွားရေးအရရော၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအရရော၊ လူမှုရေးအရရော၊ ဒေသခံတွေအပေါ် ထိခိုက်မှုအရရော အဖက်ဖက်က စဉ်းစားပြီးမှ တတ်ကျွမ်းနားလည်သူတွေရဲ့ စူးစမ်း လေ့လာမှုတွေအပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့ လုပ်မယ်လို့ ပြောထားပါတယ်။ အခု ဒီဆည်နဲ့ ပတ်သက်လို့လည်း ကျနော်တို့ ဒီလိုပဲ ရပ်တည်ပါတယ်”
တနင်္သာရီမြစ်ဟာ မြစ်ရိုးတလျှောက်မှာနေတဲ့ ဒေသခံတွေအတွက်တော့ အသက်သွေးကြောကြီးပါပဲ။ သူတို့ လိုအပ်သမျှ သားငါးကို မြစ်ကြီးထဲကရသလို သစ်တောကြီးတွေကလည်း သူတို့အတွက် အလကားရတဲ့ သီးနှံဈေးကြီးတွေပါပဲ။
အခုတည်ဆောက်မယ့်ဆည်ကြောင့် ဒီအရင်းအမြစ်တွေကို သူတို့ဆုံးရှုံးရုံတင်မက သူတို့ရဲ့အိုးအိမ်တွေကိုပါ စွန့်ခွာရမှာပါ။ သောင်းနဲ့ချီတဲ့လူတွေရဲ့ဘဝတွေ ကစင့်ကလျှားဖြစ်ပြီး အနာဂတ်ပျောက်သွားနိုင်သလို ဘဝနေထိုင်မှု အကြီးအကျယ် ထိခိုက်နိုင်ပေမယ့် ထွက်ရှိလာတဲ့ လျှပ်စစ်ဓာတ်အားကို သူတို့ သုံးရမှာ မဟုတ်ဘူးဆိုတာ ဒေသခံတွေက သိထားပြီးသားဖြစ်ပါတယ်။ ဒီလျှပ်စစ်ဓာတ်အားတွေကို နိုင်ငံခြားကို ရောင်းချမှာလို့ ဒေသခံတွေက ပြောနေကြတာပါ။
အာရှဖွံံ့ဖြိုးရေးဘဏ်ရဲ့ ၂ဝ၁၂ ခုနှစ်အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ စွမ်းအင်တင်ပို့ရောင်းချမှု အများဆုံးနိုင်ငံလို့ ဖော်ပြထားပါတယ်။
( RFA ဝိုင်းတော်သူ မခက်မာ စုစည်းတင်ပြသည်)