ထိုင်းကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ပင်မှု ပြည်သူတွေ နဲ့ ကုန်သည်တွေ ထိခိုက်
ဒီထဲမှာ စက်သုံးဆီပြတ်လပ်မှုက အဆိုးဝါးဆုံးဖြစ်တယ်လို့ မြဝတီမြို့က လုပ်ငန်းရှင်တစ်ဦးကလည်း RFA ကိုပြောပါတယ်။
-
ယဉ်မျိုးသူ
2025-02-15 -
-
-
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် မြဝတီမြို့အပါအဝင် ထိုင်း-မြန်မာနယ်စပ်က နေရာငါးခုကို ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီးတော့ ထိုင်းအစိုးရက လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီတွေဖြတ်တောက်လိုက်တဲ့အပြင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကစပြီးတော့လည်း မိုဘိုင်းလ်ဖုန်းနဲ့ လျှပ်စစ်ပစ္စည်းတွေအပါအဝင် ထိုင်းနိုင်ငံရဲ့ ထုတ်ကုန် ၁၂ မျိုးကို မြန်မာပြည်ကို တင်ပို့ခွင့် ထပ်မံပိတ်ပင်လိုက်ပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် အခုလိုကုန်ပစ္စည်းတွေပိတ်ပင်တာနဲ့ စက်သုံးဆီတွေကန့်သတ်တာက သာမန်ပြည်သူတွေအတွက် အခက်အခဲကြီးကြီးမားမားဖြစ်စေတယ်လို့ မြဝတီမြို့ခံ ကိုသူရက ပြောပါတယ်။
“ဆိုလာတွေ အင်ဂျင်ဝိုင်တွေ ဖုန်းတွေက ထိုင်းကဟာကို အဓိကထားပြီး သုံးနေတာမဟုတ်ဘူး။ တရုတ်ပြည်ကဟာကို လှမ်းမှာပြီးတော့ တာချီလိတ်-မန္တလေးကနေ ဒီဘက် မြဝတီ အဲဒီလမ်းကနေ ပုံမှန်သုံးနေတာဆိုတော့ သူတို့ (အွန်လိုင်းငွေလိမ်လုပ်ငန်း-ကျားဖြန့်) အတွက်ကတော့ သိပ်ပြီးထိခိုက်မယ့်ဟာမရှိဘူး။ သာမန်ပြည်သူတွေပဲခံနေရတာပေါ့နော်”
ထိုင်းနိုင်ငံက မြန်မာဘက်ကို တင်သွင်းခွင့်ပိတ်ပင်လိုက်တဲ့အထဲမှာ မိုဘိုင်းလ်ဖုန်း၊ ဘက်ထရီ၊ အင်ဗာတာ၊မီးစက်၊ ဆိုလာပြား၊ မိုဘိုင်းလ်ဆက်စပ်ပစ္စည်း၊ ကေဘယ်လ်ကြိုးတွေ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့လျှပ်စစ်နဲ့ ကွန်ပျူတာဆော့ဖ်ဝဲတွေ အပြင် အင်ဂျင်ဝိုင်နဲ့ စက်သုံးဆီတို့ ပါဝင်ပါတယ်။
ဒီထဲမှာ စက်သုံးဆီပြတ်လပ်မှုက အဆိုးဝါးဆုံးဖြစ်တယ်လို့ မြဝတီမြို့က လုပ်ငန်းရှင်တစ်ဦးက RFA ကိုပြောပါတယ်။
“အဓိကကတော့ ဆီပဲ။ ကျန်တဲ့ပစ္စည်းတွေက အကြောင်းမဟုတ်ဘူး။ ဆီက အဓိကပေါ့နော်။ အဲဒီဆီကြောင့် နေ့တိုင်းနေ့တိုင်းပြဿနာတက်နေတာ။ တစ်နေ့တစ်နေ့ ဆီဈေးတွေတက်တယ်”
ဆက်နွှယ်သောသတင်းများ
မြို့တွင်းစက်သုံးဆီ ပြတ်လပ်မှုကြောင့် မြဝတီမြို့ခံတွေ မဲဆောက်မြို့မှာ တန်းစီဝယ်ယူနေရ
မြဝတီမြို့ကိုပေးထားတဲ့ ထိုင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်
မြဝတီနဲ့ တာချီလိတ်နယ်စပ်ကို ကုန်ပစ္စည်း ၁၂ မျိုး တင်ပို့ခွင့် ထိုင်းအစိုးရ ပိတ်ပင်
ထိုင်းအစိုးရက ကရင်ပြည်နယ် မြဝတီမြို့ကို စက်သုံးဆီတင်သွင်းတာ ဖြတ်တောက်လိုက်တာကြောင့် မြဝတီမြို့မှာ စက်သုံးဆီ စျေးနှုန်းတွေ အဆမတန် မြင့်တက်သွားပြီး မြို့တွင်းမှာ ဆီပြတ်လပ်နေတာကြောင့် မြို့ခံတွေ စက်သုံးဆီဝယ်ယူဖို့ အခက်အခဲဖြစ်နေတာပါ။
လျှပ်စစ်မီးလည်းပုံမှန်မရတော့တဲ့ အခြေအနေမှာ ပြည်သူတွေအနေနဲ့ ဆိုလာနဲ့မီးစက်တွေကို ဝယ်ယူနေကြရသလို ထိုင်းနိုင်ငံဘက်က အခုလို တင်သွင်းခွင့်တွေပိတ်ပင်လိုက်ရင် ကုန်သည်တွေလည်း အခက်တွေ့သွားနိုင်တယ်လို့ တာချီလိတ်မြို့က ဆိုလာနဲ့မီးစက်ရောင်းဝယ်နေတဲ့ ကိုကျော်ကျော်က RFA ကိုပြောပါတယ်။
“အခုလိုမီးပြတ်တဲ့အခြေအနေမျိုး၊ မီးမမှန်တဲ့အခြေအနေမျိုးမှာ အကုန်လုံးကလိုက်ဝယ်နေကြတဲ့ အခြေအနေမို့လို့ ပစ္စည်းတွေကတော့ အခက်တွေ့သွားနိုင်တယ်။ ကုန်သည်တွေထဲမှာလည်း ဝယ်လို့ပိုပြီးအခက်တွေ့နိုင်သွားတာပေါ့။ ပစ္စည်းပြတ်ပြီဆိုတာနဲ့ ဈေးက မတန်တဆတင်ကြတာ အဲဒါက သဘာဝပဲ”
တာချီလိတ်မြို့မှာတော့ အရင်က စက်သုံးဆီကို တာချီလိတ်-မယ်ဆိုင် တံတား ၂ ကနေ ကားအကြီးဆယ်ဘီးကားနဲ့သယ်ကြပေမယ့် အခုတော့ တံတားလည်းပိတ်ထားသလို စက်သုံးဆီသယ်ခွင့်ကိုလည်းပိတ်ပင်ထားတာကြောင့် တံတား ၁ ကနေဖြတ်ပြီး မယ်ဆိုင်ဘက်အခြမ်းကို အိမ်စီးကားတွေနဲ့ ဆီသွားဝယ်ရတဲ့အခြေအနေရှိတယ်လို့ဆိုပါတယ်။
ထိုင်းနိုင်ငံဘက်အခြမ်း မယ်ဆိုင်မြို့မှာလည်း စက်သုံးဆီကို ပုံးတွေနဲ့ဝယ်ခွင့်မပေးဘဲ အိမ်စီးကားတွေနဲ့ ဆီအပြည့်ဝယ်ခွင့်တော့ရနေတယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ဆိုပြီး ထိုင်း-မြန်မာနယ်စပ်က မြဝတီနဲ့ တာချီလိတ်နယ်စပ်ဂိတ်တွေမှာ ကုန်ပစ္စည်းတင်ပို့ခွင့် ပိတ်လိုက်တဲ့အပြင် ကျားဖြန့်လုပ်ငန်းမှာ ပါဝင်တယ်လို့ သံသယရှိတဲ့ ထိုင်းရဲအရာရှိတွေကိုလည်း စုံစမ်းအရေးယူတာတွေလုပ်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။